သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ဝမ်ဟိုင်းဒေသနှင့် စစ်သေနင်္ဂဗျူဟာ အရေးပါမှု


၂၀၁၃ မြန်မာစစ်တပ် စစ်ဆင်ရေး ပြုခဲ့စဉ်က မြေပုံ (သျှမ်းသံတော်ဆင့်)

 

မောင်မောင်စိုး – ဝမ်ဟိုင်းဒေသနှင့် စစ်သေနင်္ဂဗျူဟာ အရေးပါမှု

(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၅
ဝမ်ဟိုင်းဒေသ

လက်ရှိ SSPP/SSA ဌာနချုပ်ရုံးစိုက်ရာဝမ်ဟိုင်းရွာရှိရာဒေသ သည် အရှေ့ဖက် သံလွင်မြစ် မြောက်ဖက် သီပေါ မိုင်းရယ် တန့်ယန်းကားလမ်း တောင်ဖက် တောင်ကြီး လွိုင်လင် ခိုလမ် ကွန်ဟိန်း ကားလမ်း နှင့် အနောက်ဖက် ရပ်စောက် ကျောက်ဂူ နောင်ဝိုး ဒေသတို့ကြား ရှိဒေသဖြစ်သည်။ ထိုဒေသတွင် အရှေ့ဖက်ရှိ သံလွင်မြစ်အပြင် နမ့်ပန် နမ့်ဆန် နန့်လန် ဒုတ္ထဝတီ မြစ်များ မြောက်မှတောင်သို့စီးဆင်းနေသည်။ ရှမ်းကုန်းမြေမြင့်ဒေသဟူ၍ ခေါ်ဆိုသည်နှင့်အညီ မြင့်မားမတ်စောက်သော တောင်တန်းများရှိသကဲ့သို့ ပြေပြစ်သော ကုန်းမြေမြင့်များလည်း ရှိသည်။

ထိုဒေသရှိ ရှမ်းရွာကြီးများမှာ စိုက်ပျိုးရေးလုပ်ငန်းကောင်း မွန်သော ရှမ်းရွာကြီးများ ရှိသကဲ့သို့ အထင်ကရအနေနှင့် မိုင်းရှူးရတနာမြေ ရှိသည်။ ဒေသတွင်းကောင်းမွန်သော ကားလမ်းများ မရှိသော်လည်း ဆောင်းဦးပေါက်ပွင့်လင်းရာသီရောက်လျင် ထိုမြေပြန့်ဒေသ မြေလမ်းများတွင်
မော်တော်ယဉ်များ သွားလာရလွယ်ကူသည်။

ဝမ်ဟိုင်းသည် သံလွင်မြစ်အနီးရှိ မိုင်းရှူးတန့်ယန်းအနီးရှိ မိုင်းရယ်နှင့် ခိုလမ်အပေါ်ရှိ မိုင်းနောင်ကြားတွင် ရှိသည်ဟု ဆိုရမည်။ မူလက အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည် SSPP/SSA ဌာနချုပ်သည် သီပေါအနီး စိန်ကျော့ တွင် အခြေပြုသော်လည်း ၂၀၀၉ တွင် နအဖမှ SSAအား ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် ပြည်သူ့စစ်အဖြစ် လက်ခံသည့် ဦးကိုင်ဖ၊ ဦးလွယ်မောင်းတို့ အဖွဲ့သည် စိန်ကျော့တွင် ဆက်လက်အခြေပြု ပြီး
ပြည်သူ့စစ်ဖွဲ့စည်းရေး လက်မခံခဲ့သည့် ဦးပန်ဖနှင့်အင်အားစုများ သည် SSPP/ SSA အဖြစ် ဆက်လက်ရပ်တည်ပြီး ဝမ်ဟိုင်းဒေသသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။ သို့သော် ဝမ်ဟိုင်းသည် SSA ဌာနချုပ်အဖြစ်ပြောင်းရွှေ့ အခြေစိုက်ခြင်း မပြု မှီကပင် SSA တပ်ဖွဲ့များ နှစ်ပေါင်းများစွာ အခြေပြု လှုပ်ရှားခဲ့သည့်ဒေသဖြစ်သည်။ ထို့ပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့များသည် SSPP/SSA နှင့် ညှိနှိုင်းပြီး ဖြတ်သန်းသွားလာ လှုပ်ရှားသည့်ဒေသဖြစ်သည်။

ကာလရှည် စစ်လမ်းကြောင်း

တကယ်တမ်းဆိုလျင် ဤဒေသသည် SSP/SSA တို့ နှစ်ပေါင်း များစွာ အခြေပြု လှုပ်ရှားခဲ့သည့်ဒေသ ဖြစ်သကဲ့သို့ SSPP/SSA မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သန်းလှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။ ထို့အတူ မြန်မာစစ်တပ်မှ စစ်ကြောင်းများ မပြတ်လှုပ်ရှား စစ်ဆင်ခဲ့သော ဒေသလည်းဖြစ်သည်။

ဝမ်ဟိုင်းဒေသ အနောက်ဖက်ရှိ ရပ်စောက် ကျောက်ဂူ နောင်ဝိုးနယ်မြေသည်၎င်း၊ အင်းလေးဒေသသည်၎င်း ၁၉၅၀ နောက်ပိုင်းမှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီအခြေစိုက် လှုပ်ရှားခဲ့သော ဒေသများဖြစ်သည်။ ထိုဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ရှမ်းပြည်မြောက်ပိုင်း အလယ်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ ခွဲ၍ လှုပ်ရှားခဲ့ကြသည်။ ၁၉၇၀ နောက်ပိုင်း ရှမ်းပြည်ရှိ ဗကပ ခေါင်းဆောင်များဖြစ်ြ့ကသော သခင်တင်ထွန်း ဗိုလ်စိုးမောင် ဗိုလ်ပုတို့ကျဆုံးပြီးနောက် အရှေ့မြောက်ဒေသတွင် ပြန်လည်အားကောင်းလာသော ဗကပ ဗဟိုမှ ၎င်းဒေသအား ၁၀၈ စစ်ဒေသအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၈၀ နောက်ပိုင်းတွင် ဗကပ အလယ်ပိုင်းဗျူရို အဖြစ် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

ဤသို့ ဗကပအနေနှင့်ဤသို့ တိုးချဲ့ဖွဲ့စည်းလာနိုင်သည်မှာ အရှေ့မြောက် ဗကပအနေနှင့် SSPP/SSA နှင့် ကောင်းစွာတပ်ပေါင်းစုဖွဲ့နိုင်ခဲ့ခြင်း စစ်လက်နက်ကူညီပံ့ပို့ပေးခြင်း တို့ကြောင့်ဖြစ်သည်။ အပြန်အလှန်အားဖြင့် SSPP/SSA အနေနှင့်လည်း သံလွင်အရှေ့ခြမ်းမှ ဗကပတပ်ဖွဲ့များ ရှမ်းပြည်အလယ်ပိုင်းသို့ ထိုးဖေါက်ဝင်ရောက်ခြင်းကို အကူအညီပေးခဲ့သည်။ ဤသို့ဖြင့် ဗကပ တပ်မဟာ ၆၈၃ နှင့် အလယ်ပိုင်းဗျူရို ဗကပ တပ်မ ၆၈ မှတပ်များ ဝင်ရောက် လာနိုင်ခဲ့သည်။ ထိုစဉ်က သံလွင်အရှေ့ခြမ်းမှ ရှမ်းပြည်အလယ်ပိုင်းသို့ ထိုးဖေါက်ဝင်ရောက်ခဲ့သော ဗကပ တပ်မှူးများတွင် လက်ရှိ UWSA ၏ အဓိက တပ်မှူးကြီးဖြစ်သူ ပေါက်ယိုချမ်းသည်၎င်း ဒုတပ်မှူးကြီး ဖြစ်သည့် ကျောက်ကျုံးတန်း သည်၎င်း ပါဝင်ခဲ့ကြသည်။

ဝမ်ဟိုင်းဒေသ မိုင်းရှူး အရှေ့ဖက် သံလွင်မြစ်အရှေ့ဖက် ကမ်း သည် ဝဒေသဖြစ်ပေရာ ၎င်းဒေသမှ တပ်ဖွဲ့များ သံလွင်မြစ် အနောက်ဖက်ကမ်းသို့ဖြတ်သန်းကူးသန်းကြသည့်နေရာမှာ တန့်ယန်းမိုင်းရှူး တကြောမှဖြစ်သည်။ ထို့ပြင် ထိုဒေသသည် ဗကပတို့ ဖြတ်သန်းသွားရာဒေသသက်သက်သာ မဟုတ်ပေ။ ဝ နယ်သို့ မြန်မာစစ်ဖက်မှကြီးမားသော ကြီးမားသောစစ်ဆင်ရေးများ လုပ်လာစဉ်ကလည်း ဝနယ်ရှိ ဗကပတပ်များ သံလွင်မြစ် အနောက်သို့ကူး၍ စစ်ကစား တိုက်ခိုက်သည့်နေရာလည်းဖြစ်သည်။ အစိုးရစစ်ဖက်အား စစ်ရေးအရ ခြိမ်းခြောက်လှုပ်ရှားနိုင်သော ဒေသဖြစ်သည်။

ထို့ပြင် ဝမ်ဟိုင်းဌာနချုပ်အခြေစိုက်ရာ မိုင်းရယ်မိုင်းရှူး မိုင်းနောင် ကျေးသီးနယ်၏ မြောက်ဖက် ကျောက်မဲနယ်သည် TNLA /KIA တို့နှင့် ဆက်စပ်နေသည်။ ထိုမှတဆင့် မြောက်ဖက်ရှိ MNDAA/
AA တို့နှင့်လည်း တဆက်စပ်တည်း ဖြစ်သည်။ လက်ရှိ ထွက်ပေါ်နေသည့် အတည်မပြုနိုင်သေးသည့် သတင်းများအရ UWSA ဒေသရှိ လက်နက်စက်ရုံများမှ လက်နက်ခဲယမ်းများအနေ နှင့် ဝ နယ်မှတဆင့် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များထံသို့ ပျံ့နှံ့ ရောက်ရှိနိုင်သောလမ်းကြောင်းလဲ ဖြစ်နိုင်ပေသည်။ ထိုအဖွဲ့အားလုံးမှာလည်း NCA လက်မှတ်ထိုးရာတွင် ပါဝင်ခြင်းမရှိရာ လက်ရှိအခြေအနေတွင် မြန်မာစစ်ဖက်စစ်ရေးအရ ဖိအားပေးခြင်း တိုက်ခိုက်ခြင်း ပြုလုပ်နိုင်သည်ဟု တွက်
ဆနေသော အဖွဲ့များ ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိ SSPP/SSA အခြေစိုက်ရာဝမ်ဟိုင်းဒေသ သည် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ထဲအတွက်သာ မကဘဲ လက်ရှိ NCA လက်မှတ် မထိုးသေးသည့် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအတွက် စစ်ရေးအရ သေနင်္ဂဗျူဟာ ကျသည့် နေရာတခုဟုဆိုရပေမည်။

ထို့ပြင် ဝမ်ဟိုင်းဒေသသည် UWSA ၏ အပြင်စည်းလုံခြုံရေး အတွက် အရေးပါသော ဒေသတခုဖြစ်နေသည်။ ဝမ်ဟိုင်းဒေသ အရှေ့ဖက်တကြော သံလွင်မြစ် အနောက်ဖက်ကမ်းတွင် မိုင်းရှူး ဝမ်ကန်တောင်ကြော၊ ၎င်း၏မြောက်ဖက်တွင် လွယ်လန်း တောင်ကြောတို့ရှိသည်။ ဝမ်ကန်တောင်ကြော၏ မျက်နှာချင်းဆိုင် သံလွင်အရှေ့ဖက်ကမ်းတွင် ဝနယ် မော်ဖါဒေသရှိပြီး လွယ်လန်းနှင့် မျက်နှာချင်းဆိုင်တွင် သံလွင်အရှေ့ဖက်ကမ်း၌ UWSA တို့အခြေပြုရာ ပန်ယန်းရှိသည်။ပန်ယန်း၏ အရှေ့စူးစူးတွင် UWSA ဌာနချုပ် ပန်ဆန်း ခေါ် ပန်ခမ်းရှိသည်။

သံလွင်မြစ်အနောက်ဖက်ကမ်းရှိ အထူးသဖြင့် လွယ်လန်း တောင်ကြောသည် မြင့်မားရှည်လျားပြီး တဖက်ကမ်းရှိ ဝ နယ် တောင်တန်းများကို စိုးမိုးထားသည်။ သို့ဖြစ်ရာ မြန်မာစစ်ဖက် အနေနှင့်ဝမ်ဟိုင်းဒေသကို ချုပ်ကိုင်နိုင်ပြီး လွယ်လန်း တောင်ကြောပေါ်တွင် လက်နက်ကြီးများ အမြောက်စခန်းများ ဖွင့်လှစ်ထားရှိနိုင်ပါက UWSA ကို ကောင်းစွာခြိမ်းခြောက် နိုင်မည်ဖြစ်သည်။သို့ဖြစ်ရာ ဝမ်ဟိုင်းဒေသသည် UWSA အတွက်လည်း အရေးပါသောနေရာ ဖြစ်နေပေတော့သည်

မြန်မာစစ်ဖက်၏အလေးထားမှု

တကယ်တမ်းအားဖြင့်ဆိုလျင် ဤဒေသနှင့်ပတ်သက်ပြီး မြန်မာစစ်ဖက်၏ အလေးထားမှုကို စောစီးစွာကပင် ပြခဲ့ပြီးဖြစ်သည်။ ရှမ်းပြည်နယ်၌ မြန်မာစစ်ဖက်၏ ပထမဦးဆုံး စစ်ဌာနချုပ်ကို ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်ဟူ၍ ဖွင့်လှစ်ခဲ့သည်။ ၎င်းနောက် ၁၉၆၈ နောက်ပိုင်း အရှေ့မြောက်ပိုင်းတွင် ဗကပတို့ အင်အားကောင်း လာသည် အခြေအနေတွင် ရှမ်းမြောက် လားရှိုးမြို့တွင် အရှေ့မြောင်ပိုင်း စစ်ဌာနချုပ်ကို ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈
နောက်ပိုင်းတွင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်ကို ဖွင့်လှစ်ထားသည်။ ပြီးခဲ့သောနှစ်များအတွင်း အရှေ့လယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခိုလန်၌ အခြေပြုဖွင့်လှစ်ခဲ့သည်။

ထိုအရှေ့လယ်ပိုင်းစစ်ဌာချုပ်ခေါ် ရလခ သည် ယခင် အရှေ့မြောက်စစ်ဌာနချုပ်နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကြားတွင် ရောက်ရှိနေသော ဝမ်ဟိုင်းကို ဗဟိုပြုထားသည့် အဆိုပါဒေသကို
ထိမ်းချုပ်နိုင်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။တဖက်က ထိုဒေသအား ထိမ်းချုပ်ခြင်းဖြင့် ထိုဒေသရှိ SSPP/SSA သာမက ထိုဒေသတွင်းဖြတ်သန်းလှုပ်ရှားမည့် အခြားအဖွဲ့များ ထိမ်းချုပ်နိုင်အောင် ခြေလှမ်းလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် သံလွင်မြစ် အရှေ့ဖက်ခြမ်းရှိ UWSA တပ်များအား ပိတ်ဆို့ ထိမ်းချုပ်နိုင်မည် ဖြစ်သည်။ ထို့ပြင် သံလွင်အနောက်ခြမ်းရှိ တန့်ယန်း မိုင်းရှူး မိုင်းနောင်၊ ကွန်ဟိန်းအရှေ့ဖက် တောင်ကြောများတွင် လက်နက်ကြီးစခန်းများ ထားရှိပြီး သံလွင် အရှေ့ခြမ်းရှိ UWSA အားလည်း ထိမ်းချုပ်နိုင်မည်ဖြစ်သည်။

UWSA ဒေသ၏ မြောက်ဖက်တွင် လားရှိုး အခြေစိုက် ရမခမှ ကွန်လုံ၊ ဟိုပန်၊ ပန်လုံဒေသ၊ မုန်းကျက် မိုင်းရော်၊ လွယ်မော်ဒေသ တို့မှ တားဆီးပိတ်ဆို့ နေရာယူထားသကဲ့သို့ တောင်ဖက်တွင် လည်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်မှ ပိတ်ဆို့ရင်ဆိုင်ထားသည်။ ယခု နောက်ပိုင်း ခိုလန်အခြေစိုက် ရလခ မှ မိုင်းရှူးမှ ကွန်ဟိုင်းတကြော၊ သံလွင်မြစ်အနောက်တကြော ချုပ်ကိုင်ထားနိုင်ပါက UWSA အား ပိတ်ဆို့ ထိမ်းချုပ် ထားနိုင်မည်ဟု တွက်ဆထားပုံရသည်ဟု သုံးသပ်ရသည်။

သို့ဖြစ်ရာ ဝမ်ဟိုင်းဒေသသည် SSPP/SSA သာမက UWSA နှင့်အခြားမြောက်ပိုင်းရှိအဖွဲ့များအတွက် အရေးပါသောနေရာ ဖြစ်ပေရာ မြန်မာစစ်ဖက်အနေနှင့်လည်း လစ်လျူမရှုဘဲ အလေးထား
နေသည်ဟု ဆိုရပေမည်။

SSPP/ SSA လက်ရှိအခြေအနေ

၂၀၀၉ ခုနှစ် ပြည်သူ့စစ်ဖွဲ့စည်းရန် လက်မခံသော စဝ်ပန်ဖ ဦးစီး SSPP/ SSA အဖွဲ့သည် အစိုးရစစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ၂၀၁၂ဇန္နဝါရီ ၂၈ တွင် ဦးသိန်းစိန် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးနိုင်ခဲ့သည်။ ဤသို့ လက်မှတ်ထိုးရာတွင်၊ အစိုးရဖက်မှ ဦးအောင်သောင်း ဦးသိန်းဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်ခွန်မြတ်၊ ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်ကျော်ဇော၊ ရလခတိုင်းမှူး ဗိုလ်ချုပ် မြထွန်းဦးတို့ ပါဝင် လက်မှတ်ရေးထိုးကြပြီး SSPP မှ ဒု-အထွေထွေအတွင်းရေးမှူးချုပ် စဝ်ခေးတိုင်း ဦးဆောင်၍ လက်မှတ်ရေးထိုးခဲ့သည်။

၎င်းလက်မှတ်ရေးထိုးခဲ့ကြသော ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘောတူညီချက် အပိုဒ် ၁ ပိုဒ်ခွဲ ( ခ ) တွင် SSPP/SSA တပ်ဖွဲ့များကို ဝမ်ဟိုင်းတွင်အခြေပြု၍ လက်ရှိဖြန့်ခွဲထားသော
နေရာများတွင် ယာယီအခြေပြု နေထိုင်ရန် သဘောတူပါသည် ဟုပါရှိသည်။ ဤ သဘောတူညီချက်အရရော လက်တွေ့အရပါ SSPP/SSA တပ်ဖွဲ့များအနေနှင့် ဝမ်ဟိုင်းတွင် ဌာနချုပ် အခြေပြု ပြီး တပ်များကို ဖြန့်ခွဲထားသည်ကို သိရှိရသည်။ အလွန်ယေဘူယျကျသော တပ်ဖြန့်ခွဲမှုဆိုင်ရာ သဘောတူညီချက်ဖြစ်ပြီး နှစ်ဖက်နားလည်မှု မရှိက အငြင်းပွါးနိုင်လွယ်သော သဘောတူညီချက်
ဖြစ်ပေသည်။

လက်ရှိတိုက်ပွဲများမှာ SSA စခန်းချ တပ်စွဲထားသည့် စခန်းတခုအား မြန်မာစစ်ဖက်မှဖယ်ရှား ခိုင်းရာ အောက်တိုဘာ ၆၊ ၂၀၁၅ မှစတင်ပြီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့သည်။ တိုက်ပွဲစ
တင်ရာမှစ၍ အောက်တိုဘာ ၂၄ အတွင်း SSA စခန်း ၄ ခု အား မြန်မာစစ်ဖက်မှ သိမ်းပိုက်ခဲ့သည်ဟုဆိုပါသည်။ SSA ကလည်း အောက်တိုဘာ ၂၈ တွင် ၎င်းတို့ စွန့်လွှတ်ခဲ့ရသည့် စခန်းငယ်တခု ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုပါသည်။အကျအဆုံး စာရင်းများတော့ အတည်ပြု၍ မရပါ။

တိုက်ပွဲများသည် တစ်လနီးပါးမျှကြာမြင့်သည်အထိ ဖြစ်ပွါးနေပြီး မြန်မာစစ်ဖက်မှ စကခ နှစ်ခုမျှ အသုံးပြု စစ်ဆင်နေသည်ဟု အတည်မပြုနိုင်သေးသည့် မြေပြင်သတင်းများမှ ဆိုပါသည်။ တိုက်ပွဲများ အတွင်း မြန်မာစစ်ဖက်မှ လက်နက်ကြီး ပစ်ခတ်မှု  ပြင်းထန်၍ အရပ်သားများ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရပြီး၊ စစ်ဘေးဒုက္ခသည် ၃၀၀၀ မှအထက်သို့ ရောက်ရှိနေပြီဟု ဆိုပါသည်။ စွန့်ခွါခဲ့ရသော အရပ်သားကျေးရွာများ၌လည်း ပျက်စီးဆုံးရှုံးမှု ကြီးမားသည်ဟု ဆိုပါသည်။

SSPP/SSA မှာ EAOs ညီလာခံတွင်ပါဝင်ခဲ့ပြီး UNFC အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးကို ဆုပ်ကိုင်ထားပြီး လောလောဆယ် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့လည်းဖြစ်သည်။ ထို့ပြင် SSPP/SSA သည် UWSA နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော အဖွဲ့ဖြစ်သည်။ လက်ရှိတွင်
၂၀၁၅ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်နေ့ထိ ပန်ဆန်းတွင် ကျင်းပနေသော NCA လက်မှတ်မထိုးရာတွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံတွင် SSPP နာယက စဝ်ဆေထင်
ဦးစီး၍ တက်ရောက်နေလျက်ရှိသည်။

နိဂုံး

NCA လက်မှတ်ထိုးရာတွင်မပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား မြန်မာစစ်ဖက်က ဖိအားပေး တိုက်ခိုက်လာနိုင်ဘွယ်ရာရှိသည်ကို အများက တွက်ဆထား ပြီးဖြစ်သည်။သို့သော် အများ၏တွက်ဆချက်အရ NCA လက်မှတ်ထိုးရာတွင် အားလုံး ပါဝင်ရေးမူကို ရှေ့ဆောင်၍ ခေါင်းမာမာနှင့် ရပ်ခံသည့် KIA အား အဓိကဦးတည်ပြီး စစ်ရေးအရ ဖိအားပေးနိုင်သည်ဟု တွက်ဆထားကြသော်လည်း လက်တွေ့တွင်ပြင်းထန်သော တိုက်ပွဲများနှင့် စစ်ဆင်ရေးများမှာ SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသတွင် ဖြစ်ပွါးလျက် ရှိသည်ကို တွေ့နေရသည်။

ထို့ကြောင့် ဤဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါး နေရခြင်းမှာ ရှမ်းပြည်မြောက်ပိုင်းရှိ NCA လက်မှတ်မထိုး သည့် အဖွဲ့များအတွက် စစ်ရေးအရ သေနင်္ဂဗျူဟာကျသည့်အတွက် ကြောင့်လောဟု စဉ်းစား သုံးသပ် ရပေသည်။

နှစ်ဖက်စစ်ဆင်နေသောသူများအဖို့ သာမန်နေရာများနှင့် ပတ်သက်၍ အလေးမထားကြသော်လည်း သေနင်္ဂဗျူဟာကျသည့် နေရာများနှင့် ပတ်သက်၍ အလေးထားလေ့ရှိသည်။ ထို့အတူ တိုက်ပွဲများလည်း ပိုမိုပြင်းထန်လေ့ရှိပါသည်။

ထို့ပြင် နိုင်ငံရေးအကဲခတ်များ၏အဆိုအရ ဝမ်ဟိုင်းဒေသအပါအဝင်ဖြစ်သော မိုင်းရှူး၊ မိုင်းနောင် ကျေးသီးမြို့နယ်များသည် SNLD ပါတီ အားကောင်းရာဒေသများ ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲကာလက အနိုင်ရခဲ့သော ကျားဖြူ အမတ်များနှင့် ပါတီဝင်များမှာလည်း SNLD သို့ ကူးပြောင်းခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့် ထိုမြို့နယ်များ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် SNLD မှာ နိုင်ချေအမြင်ဆုံးဟု သုံးသပ်ခံရသည့် ပါတီဖြစ်သည်။ သို့သော် ယခု ဝမ်ဟိုင်းဒေသစစ်ပွဲများကြောင့် ၎င်းမြို့နယ်များတွင် ရွေးကောက်ပွဲ မကျင်းပရန် ကြေငြာခဲ့သဖြင့် SNLD အတွက် နိုင်ငံရေးအရ ထိခိုက်နစ်နာစေခဲ့သည်ဟု သုံးသပ်ကြသည်။

သို့ဖြစ်ရာ နိုင်ငံရေးအရရော စစ်ရေးအရရော အရေးပါသည့် ဝမ်ဟိုင်းဒေသနှင့်ပတ်သက်၍ ဆက်လက် အလေးထား စောင့်ကြည့်သွားရအုံးမည်ဟု သုံးသပ်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts