သရော်စာ

မောင်ဥက္ကလာ – ရွေးကောက်ပွဲအလွန် – ဒီလို ဖြစ်ခဲ့ရင်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်ဥက္ကလာ  – ရွေးကောက်ပွဲအလွန် – ဒီလို ဖြစ်ခဲ့ရင်

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

ကျုပ်တို့ မဟာရွှေပြည်ကြီးမှာ ကမ္ဘာ့နိုင်ငံအသီးသီး စံနမူနာယူ၊ ပုံတူကူးချကြမယ့် (၃၀) ရာခိုင်နှုန်း မဲပေးခွင့်ရခဲ့တဲ့ အံ့ဘနန်း ပွင့်လင်းမြင်သာ တရားမျှတသော မဟာရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။ တစ်လကျော်ကြာ တနိုင်ငံလုံး ပွက်လောရိုက် ဆူညံ့ခဲ့ကြပေမယ့် အပျော်အပါး မီးလိုတောက် ရွှေမြန်မာတွေက အဲ့ဂလို တဒုန်းဒုန်း၊ တဝုန်းဝုန်း တရုန်းရုန်း ပျော်စရာကောင်းတဲ့ ရွေးကောက်ပွဲမျိုးတွေ မကြာခဏ ကျင်းပရင် ကောင်းမယ်လို့ ပြောဆိုကြတယ် (ပါတီ တံဆိပ်ပါ တီရှပ်၊ ဦးထုပ်တွေရ၊ ဒံပေါက်တွေစားရ၊ မုန့်တွေစားရ၊ လက်ဆောင်တွေ ရတယ်ဆိုတော့)။ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ စီးပွားအတော်ကိုက်ခဲ့တဲ့ တီရှပ်၊ အလံ၊ ဗွီနိုင်းတွေ ရိုက်ရောင်းကြတဲ့ စီးပွားရေးသမားတွေကလည်း (၆) လ တကြိမ်လောက် ရွေးကောက်ပွဲလုပ်ရင် ဂွတ်ရှယ်လို့ ဆုတောင်းကြတယ်။

အဲ့ဂလိုနဲ့ သုံးယောက်တစ်ပါတီ အပါအဝင် ပါတီ သောင်းခြောက်ထောင် ဝင်ရောက်ဆင်နွှဲကြတဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီး ပြီးဆုံးပြီ သကာလမှာ တစ်လကျော်ကြာ မဲစာရင်းပါမပါ အကြိမ်ကြိမ်အခါခါ ကြည့်ရ၊ ချော့တခါ ခြောက်တလှည့် လာခေါ်သမျှ ပါတီတွေရဲ့  “ပြောင်းလဲချိန်တန်ပြီ၊ ပြောင်းလဲလာခဲ့ပြီ၊ ပြောင်းချင်ပြောင်းမယ် မပြောင်းချင် မပြောင်းဘူး” စတဲ့ ဟောပြောပွဲတွေကို “တာဝန်အရ၊ ကြောက်လို့၊ ပစ္စည်းအလကားရလို့” သွားရနားထောင်ရ၊ တကောက်ကောက်လိုက်ရ အိပ်ရေးပျက်၊ အလုပ်ပျက် ဖွတ်ဖွတ်ကြေ မောပန်းသွားကြပေမယ့် …
တနိုင်ငံလုံး လှည့်လည် ဟောပြောစည်းရုံလှုံဆော်ခဲ့ကြတဲ့ စိတ်ဓါတ်ရင့်ကျက်ပြည့်ဝ၊ စံနမူနာ ယူရလောက်တဲ့ တိုင်းကျိုးပြည်ကျိုးဆောင် နိုင်ငံရေးသမားတွေကတော့ မနားနိုင်သေး – အနိုင်ရသူတွေက ရှုံးသူတွေကို နှစ်သိမ့်ချီးကျူးစကားဆို၊ ရှုံးသူတွေက အနိုင်ရရှိသူတွေကို ကျေကျေနပ်နပ်နဲ့ ဂုဏ်ပြုစကားတွေ ပြောဆိုချီးကျူး၊ အစိုးရသစ်ကို အာဃာတ အငြိုးမထား ဘယ်လို ကူညီပံ့ပိုး ဝိုင်းရံသွားမယ်ဆိုတဲ့ ကတိကဝတ်တွေ ပြောကြဆိုကြ၊ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ ကိုယ့်ဌာနေကိုယ့်အရပ်ပြန်ဖို့ ပြင်ဆင်သိမ်းဆည်းရနဲ့ အရှုပ်ကြီး ရှုပ်နေကြတော့တယ်။

အဘတို့ အစိမ်းရောင်၊ အမေတို့ အနီရောင် ရောင်စုံလွှမ်းခြုံခဲ့တဲ့ ရွှေပြည်ကြီးမှာ လူထုဆန္ဒမဲနဲ့ သောင်ပြိုကမ်းပြို အနိုင်ရသွားတဲ့ အနီရောင်ပါတီကြီးက ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်ကွင်းကြီးထဲမှာ မဲဆွယ်စည်းရုံးရေးကာလ တလျှောက်လုံး ကိုယ့်စရိတ်ကိုယ်စားပြီး တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံကျော်အနုပညာရှင် – အဆိုတော်၊ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ လူရွှင်တော်တွေ (ဘာညာရလို့ အစိမ်းရောင်ပါတီကို ထောက်ခံသီဆိုပေးခဲ့တဲ့ ရောင်းရင်းအနုပညာရှင်တွေ အပါအဝင်)၊ စာပေဟောပြောပွဲမှာ စာအကြောင်းပေအကြောင်း မပြောဟောဘဲ သီချင်းတွေဆိုပြတဲ့ စာရေးဆရာတွေလည်းပါတဲ့ Guinness စံချိန်ချိုးမယ့် ကမ္ဘာ့အကြီးဆုံး အခမဲ့ တေးဂီတ ဖျော်ဖြေပွဲကြီးကို (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားဖို့ ပြင်ဆင်နေကြတယ်။ တခြားမြို့ ကြီးပြကြီးတွေမှာလည်း အလားတူ တေးဂီတပွဲတွေကို တချိန်တည်းတပြိုင်တည်း ကျင်းပသွားဖို့လည်း စီစဉ်နေကြတယ်။ 

 အနုပညာရှင်တွေရဲ့  မြို့ ရွာ ကူးသန်းသွားလာရေးကို ခရိုနီကြီးတွေပိုင်တဲ့ ပုဂံ၊ ကမ္ဘောဇ၊ မန္တလေး၊ ရွှေမြန်မာ၊ ရန်ကုန်လေကြောင်းလိုင်းတွေက သူထက်ငါအပြိုင် မေတ္တာနဲ့ ကူညီဝန်ဆောင်ပေးမယ်လို့ ကမ်းလှမ်းကြတယ်။ 

အနုပညာရှင်တွေနဲ့အပြိုင် အလုပ်ရှုပ်နေသူတဦးက သူ့ရဲ့  ကြီးမားတဲ့ အသိဥာဏ်စွမ်းအားနဲ့ နေမအားညမအား စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့တာကြောင့် (၃၀) ရာခိုင်နှုန်း ရာနှုန်းပြည့်နဲ့ ပြည်သူတွေ မဲပေးနိုင်ခဲ့တဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အထူးဂုဏ်ယူနေကြောင်း။ ဒီရွေးကောက်ပွဲမှာ ခြေချော်လက်ချော်၊ မသိသာ မပြောပလောက်တဲ့ မဲစာရင်း မှားယွင်းကွာဟမှုအတွက် သူ့အပေါ် အများပြည်သူ အခု နားလည်ကြပြီး၊ ကျေးဇူးတင်ကြမယ်လို့ မျှော်လင့်ကြောင်း။ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ သူ့အနေနဲ့ ၂၀၁၅ အတွေ့အကြုံနဲ့ အနည်းဆုံး ရာခိုင်နှုန်း (၄၀) မှန်အောင် မဲစာရင်း ပြုစုပေးနိုင်ကြောင်း။ အခု ရွေးကောက်ပွဲမှ သင်ခန်းစာတွေ အများကြီး ရခဲ့လို့၊ သူ အသက်ရှင်နေသရွေ့  ရွေးကောက်ပွဲ မဲစာရင်းပြုစုရေးကို တာဝန်ယူ၊ ဦးစီးဆောင်ရွက်ပေးနိုင်ကြောင်း စကိုင်းနက်၊ အမ်အာတီဗီ တီဗီရေဒီယိုလိုင်းတွေကနေ ရေပက်မဝင် ရှင်းလင်းပြောဆိုနေတယ်။ သူ့ပြောဆိုချက်၊ ရှင်းလင်းချက်၊ စေတနာကို သိမြင်လာကြတဲ့ ပြည်သူတွေက စုတ်တသပ်သပ်နဲ့။

ရွှေပြည်ကြီးရဲ့  တစ်ခုတည်းသော ရေမီးပြည့်စုံတဲ့ အဘတို့မြို့ တော် နေပြည်တော် စစ်ရေးပြကွင်းကြီးထဲမှာတော့ တပ်စခန်းအသီးသီးကို ထွက်ခွါဖို့ ပြင်ဆင်နေကြတဲ့ တပ်မတော်သားများကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးက “ရဲဘော်တို့ ဒီနေ့ကစပြီး ဒို့တတွေ ကိုယ့်တပ်စခန်းတွေကိုပြန်ပြီး ‘တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ’ ဆိုင်းဘုတ်၊ ဆောင်ပုဒ်တွေကို ဖယ်ရှားပြီး၊ ‘ပြည်သူသာ အမိ၊ ပြည်သူသာ အဖ’ ဆောင်ပုဒ်နဲ့ အစားထိုးကာ ပြည်သူပြည်သားတွေကို အလုပ်ကျွေးပြုကြရမည် (ဒီအသုံးအနှုန်းကို သုံးစွဲနေခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ သဘောတူညီမှု ရှိထားပြီးပြီဖြစ်ကြောင်း သတင်းစာမှာ ဖော်ပြထားတယ်)။”

“ဒို့တပ်မတော်ရဲ့  အဘက်ဘက်မှ ကူညီပံ့ပိုးမှုကြောင့် တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ ပြည်သူ့သားကောင်း စစ်သားတစ်ယောက်အနေနဲ့ အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း။ ရွေးကောက်ပွဲမတိုင်ခင် တနိုင်ငံလုံး (Nationwide) အပစ်ရပ်စဲရေးကို အငြိမ်းစားယူတော့မယ့် ပြည်သူ့အချစ်တော် သမ္မတကြီး နဲ့ နှစ်ပေါင်းများစွာ ဆူပူသောင်းကျန်းခဲ့တဲ့ လက်နက်ကိုင်အကြမ်းဖက် တိုင်းရင်းသား၊ ကျောင်းသားအဖွဲ့တွေ လက်မှတ်ထိုးနိုင်ခဲ့လို့ ပြည်သူ့တပ်မတော်အနေနဲ့ စစ်တိုက်စရာ မလိုတော့ကြောင်း။ ပြီးတော့ တချိန်က တပ်မတော် မတရား သိမ်းဆည်းခဲ့ပြီး တပ်မြေလုပ်ခဲ့တဲ့ လယ်မြေများကို လယ်သမားတွေကို ပြန်ပေးပြီး၊ တပ်မတော်အနေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေကို ကူညီလုပ်ကိုင်သွားမည်ဖြစ်ကြောင်း။ ဥပဒေအထက်မှာ တပ်မတော်နေခဲ့စဉ်ကာလ ပြည်သူတွေအပေါ် တရားမဲ့ဗိုလ်ကျ၊ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို တရားဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ကတိပေးပြောဆိုကြောင်း” မြွတ်ကြားနေတာကို လာရောက်နားထောင်နေကြတဲ့ ထောင်သောင်းကျော် ပြည်သူတွေက မကြာခင် ထွက်ခွါသွားတော့မယ့် ပြည်သူ့စစ်သားတွေနဲ့ စစ်ကားယာဉ်တန်းကြီးကို ငေးမောကြည့်ပြီး ဝမ်းနည်းဝမ်းသာ မျက်ရည်မဆယ်နိုင်၊ အိုးစည်းဒိုးပတ်တွေတီး နှုတ်ဆက်ကြလေတယ်။

တပ်ချုပ်ကြီးက ရွှေပြည်ကြီး ငြိမ်းချမ်းသာယာလာတဲ့အကြောင်း ပြောနေချိန်မှာ ရန်ကုန်မြို့  မြန်မာ့ငြိမ်းချမ်းရေးစင်တာ သတင်းစာ ရှင်းလင်းပွဲမှာ ကယားပြည်နယ်ကို အလုပ်အကျွေးပြုဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်အောင်မင်းက တိုင်းပြည်ဂျောက်ထဲမကျအောင် တပ်မတော်အစိုးရက အကြိမ်ကြိမ် ကယ်တင်ခဲ့ပြီး၊ အခုအခါ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင်ဆူပူခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် ၂၀၁၆ ငြိမ်းချမ်းရေးနိုဘယ်ဆု ရထိုက်ကြောင်း၊ အခုဆိုရင် တမြေထဲနေ တိုင်းရင်သားညီနောင်အချင်းချင်း သွေးကွဲသတ်ဖြတ်မှုတွေ ရပ်တန့်သွားပြီး၊ တောကြီးမျက်မည်းထဲ နှစ်ပေါင်းများစွာ ပုန်းရှောင်ခိုလှုံနေခဲ့ကြ၊ တိုင်းတပါးထွက်ပြေး စစ်ရှောင်ဒုက္ခသည်တွေလည်း သူတို့ဌာနေတွေမှာ စစ်ပွဲတွေရပ်၊ အေးအေးချမ်းချမ်း ဖြစ်လာလို့ ပြန်လာနိုင်ကြောင်း။  စစ်ရှောင် ဒုက္ခသည်တွေ ပြန်ရောက်တဲ့အခါ အဆင်သင့် နေထိုင်၊ လုပ်ကိုင် စားသောက်ဖို့အတွက် ပြည်သူ့တပ်မတော်သားတွေက အိမ်ယာတွေ ဆောက်လုပ်ပေးခြင်း၊ တောင်ယာလယ်ယာများ ထွန်းယက်စိုက်ပျိုးခြင်းတွေကို ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်နေကြောင်း။ ပြုပြင်ပြောင်းလဲရေးတွေ လက်ကုန်လုပ်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေ အုပ်ချုပ်ခဲ့တဲ့ အစိုးရကြောင့် ရွှေပြည်ကြီးမှာ စစ်ပွဲတွေ လုံးဝပျောက်ကွယ်သွားခဲ့ပြီး၊ တာဝန်လွှဲပြောင်းယူမယ့် အစိုးရအနေနဲ့ ပိုမိုတိုးတက် ဖွံ့ဖြိုး၊ ငြိမ်းချမ်းသာယာအောင် ဆက်လက်လုပ်ကိုင်သွားဖို့ တိုက်တွန်းကြောင်း။ သူ့အနေနဲ့ တောရိပ်ခိုပြီး တရားအားထုတ် နေထိုင်တော့မယ်ဖြစ်ကြောင်း။ ဗိုလ်ချုပ်ဝန်ကြီးဘဝက ရရှိပိုင်ဆိုင်မှုတွေကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ရေစက်ချလှူဒါန်းသွားဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း နှပ်တရှုပ်ရှုပ်နဲ့ ပြောနေတော့တယ်။ 


နိုင်ငံရေးသမားတွေ အရောက်များတဲ့ သာယာဝတီမြို့ မှာတော့ ရွေးကောက်ပွဲမတိုင်ခင်က နိုင်ငံတကာ အောက်ဆုံးအဆင့်ရောက်နေတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ကျောင်းသူကျောင်းသားတွေရဲ့  ပညာရေးလွတ်လပ်ခွင့်၊ ကျောင်းသားသမဂ္ဂ အရေးကိစ္စတွေကို မန္တလေး-ရန်ကုန် ခရီးရှည် ခရီးကြမ်းကြီးတလျှောက် ငြိမ်းချမ်းစွာ ချီတက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို လက်ပံတန်းမြို့ အထွက်မှာ လူစိတ်ကင်းမဲ့ တရားလက်လွှတ် ရိုက်နှက်ဖြိုခွင်း၊ ဥပဒေမဲ့ သာယာဝတီထောင်မှာ လပေါင်းများစွာ အဓမ္မထိန်းချုပ်နှောင်းခဲ့ပြီးနောက် (ဘယ်ပါတီ ဘယ်အဖွဲ့အစည်းက သူတို့ လွတ်မြောက်ရေးကို တောင်းဆိုလို့ မဟုတ်) အနားယူတော့မယ့် သမ္မတကြီးအမိန့်နဲ့ ခြွင်းချက်မရှိ လွှတ်ပေးလိုက်တယ်။ ဟိုတချိန်က ရဲတပ်ဖွဲ့ရဲ့  မိုက်မိုက်ရိုင်းရိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ခွင့်လွှတ်ကြဖို့ ရဲမှူးကြီး ဦးဆောင်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသူကျောင်းသားများနဲ့ မိသားစုဝင်တွေ၊ နိုင်ငံသူနိုင်ငံသားတွေကို တောင်းပန်နေကြတယ်။


ရဲမှူးကြီး ပြောဆိုချက်ထဲမှာ မကြာခင် ကျောင်းသူကျောင်းသားတွေရဲ့  တောင်းဆိုချက်တွေကို လိုက်လျောပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို အတူလက်တွဲ တည်ဆောက်သွားမယ်ဖြစ်ကြောင်း။ နောင်ဆိုရင် အနေဆင်းရဲ အစားဆင်းရဲ နေပူခံ ဖိနပ်ပေါက် လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ပြသစရာ မလိုတော့ကြောင်း။ ကျောင်းသားတွေရဲ့  တင်ပြဆွေးနွေးမှုတွေကို ဖြည့်ဆည်းလုပ်ပေးမှာ ဖြစ်တဲ့အတွက် ကျောင်းသားနဲ့ ဆန္ဒပြမှုက ပြဒါးတလမ်း သံတလမ်း ဖြစ်ပြီး။ နောင်နှစ်အနည်းငယ်ကြာတဲ့အခါ မြန်မာကျောင်းသားတွေ ဆန္ဒပြတာတွေ လုပ်တတ်တော့မှာ မဟုတ်သလို။ ရဲတွေလည်း ကျောင်းသား၊ ဘုန်းကြီး၊ လူတွေကို ဘယ်လို ပက်ပက်စက်စက် ဝိုင်းရိုက်တာတို့၊ မီးလောင်းဗုံးနဲ့ ပစ်တာတွေ လုပ်တော့မှာ မဟုတ်ကြောင်း ရဲမှူးကြီးနဲ့ ထောင်မှူးတို့ရဲ့  ပြောစကားကို ထောင်ဘူးဝမှာ လွတ်မြောက်လာတဲ့ သားသမီးတွေကို စောင့်ကြိုနေတဲ့ မိဘများနဲ့ လူတွေက လက်ခုပ်လက်ဝါးတီး ကြိုဆိုကြတယ်။

မကြာခင် ပညာရေးစနစ်ကြီး တိုးတက်လာတော့မှာမို့ စစ်အစိုးရအုပ်ချုပ် ကာလတလျှောက် ဓနိသက်ကယ်မိုး၊ ဝါးခင်းထရံကာ နိုင်ငံတဝှမ်းမှာရှိကြတဲ့ ကြယ်မြင်လမြင် ကျောင်းတွေကို အဆင့်မြင့် ခေတ်မီတိုက်ကျောင်းများ ပြန်လည်တည်ဆောက်ဖို့ အကျင့်ပျက်ခြစား စစ်တပ်အားကိုးနဲ့ တိုင်းပြည်သယံဇာတများကို အရိုးအရင်းမကျန် နိုင်ငံတကာကို ရောင်းစားပြီး အတော်မသတ် ကြီးပွားချမ်းသာခဲ့ကြတဲ့ ခရိုနီတွေက သူတို့ရဲ့  ထားစရာနေရာမရှိ ပိုင်ဆိုင်မှုတွေကို အိတ်သွန်ဖာမှောက် သုံးစွဲသွားမည်ဖြစ်ကြောင်း ခရိုနီဂိုဏ်းချုပ်ကြီးများဖြစ်တဲ့ ဦးတေဇ၊ အေးရှားဝေါလ် စတီဗင်လော (ဦးထွန်းမြင့်နိုင်)၊ ကြိုင်သန်းရွှေ၊ တိုးနိုင်မန်းတို့က သူတို့ပိုင်ဆိုင်တဲ့ ဟိုတယ်ကြီးတစ်ခုမှာ သတင်းစာရှင်းလင်းပွဲကြီးလုပ်ပြီး ပြောဆိုနေကြတယ်။

ဒီအခမ်းအနားပွဲ တက်ရောက်လာတဲ့ မျိုးချစ်ဘုန်းတော်ကြီးတွေကလည်း ခရိုနီတွေ၊ ဗိုလ်ချုပ်တွေ လဘ်လာဘနဲ့ သူတို့ပိုင်၊ စံစားနေကြတဲ့ ခြံဝန်းကျယ် အထပ်အခန်းများစွာနဲ့ အုတ်ကျောင်းကြီးတွေကို စာသင်ကျောင်းတွေလုပ်ဖို့ ရေစက်ချလှူပြီး ရှုပ်ထွေးပွေလီ လောကုတ္တရာအရေး ကိစ္စအဝဝကိုစွန့်ကာ တောတောင်ရိပ်ခို သီတင်းသုံးတော့မယ်လို့ ပြောဆိုကြတော့ အထက် (ဘဝဂ်) အောက် (အဝီစိ) မကျန် အလုံးစုံသော သတ္တဝါအပေါင်းက မဟာပထဝီမြေကြီး တုန်ဟီးအောင် သာဓု အနုမောဒါန ခေါ်ကြလေတယ်။

အဲ့ဂလို အလွန်စိတ်ချမ်းမြေ့စရာ ရွေးကောက်ပွဲအလွန်ကို ကျေနပ်ဝမ်းသာ လက်ခုပ်လက်ဝါးတီး ဖြစ်နေတဲ့ မောင်ဥက္ကလာကို “နေ့ခင်းကြောင်တောင်ကြီးမှာ မကြီးမငယ်နဲ့ ဘယ်လို မဟုတ်မဟတ် အိပ်မက်တွေမက်ပြီး၊ ပြုံးလိုက်ရယ်လိုက် ဖြစ်နေရတာလဲ။ ထ…ထ… မြန်မြန်ထ … လမ်းထိပ်မှာ ရောင်စုံပါတီအဖွဲ့တွေ လမ်းလုနေရာလုပြီး ရန်တွေဖြစ်၊ လူတွေလည်း အလကားပေးတဲ့ ပစ္စည်းတွေလု သတ်ကုန်ကြပြီ” လို့ မဟေသီရဲ့  အသံတစာစာ ပြောဆိုသံကြောင့် ငေါက်ခနဲ့ထထိုင်ပြီး …
သြော် အမေရိကန်နိုင်ငံရဲ့  အထင်ကရ လူမည်းခေါင်းဆောင်ကြီး ဒေါက်တာမာတင်လူသားကင် (Dr. Martin Luther King) ရဲ့  I Have a Dream နမိတ်ဟောပြောချက်လို ကျုပ်မက်တဲ့ အိပ်မက်အတိုင်း အဲ့ဂလို ပြောင်းလဲမှုတွေ ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။ အခုတော့ ရက်ပိုင်းသာ လိုတော့တဲ့ (၇၅) ရာခိုင်နှုန်း လွှတ်တော်နေရာကို (၃၀) ရာခိုင်နှုန်းသော မဲဆန္ဒရှင်တွေ မဲပေးခွင့်ရတဲ့ ဘာလိုလို ညာလိုလို ရွေးပြီးကောက်မယ့် ပွဲကြီးအတွက် ရင်တထိတ်ထိတ်။

ဘယ်ဂလိုပဲဖြစ်ဖြစ် နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူပြည်သားတွေ လွတ်လပ်တရားမျှတစွာနဲ့ မဲပေးနိုင်ကြပြီး။ ပြည်သူ့အာဏာကို တရားနည်းလမ်းကျ ရယူနိုင်ကြပါစေ။ ဖိနှိပ်မှု အကြောက်တရားအောက်မှ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အမြန်လွတ်မြောက်နိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts