ဇင်လင်း သူတို့အာဘော်

ဇင်လင်း – သမိုင်းအသစ် ရေးကြစို့

ဇင်လင်း – သမိုင်းအသစ် ရေးကြစို့

(ဒီလှိုင်းစာစောင်) မိုးမခ၊ အောက်တိုဘာ ၂၇၊ ၂၀၁၅

ဒီကနေ့ မြန်မာလူထုဟာ “ရွေးကောက်ပွဲ” ကို ထူးထူးခြားခြား အာရုံစူးစိုက်လာတာ တွေ့ရတယ်။ နိုဝင်ဘာ (၈)ရက်နီးလာလေ လူထုရဲ့ မဲပေးလိုတဲ့ စိတ်အားထက်သန်မှုက မြင့်မားလာလေ ဖြစ်လာနေတယ်။   တစ်နည်း ပြောရရင် ရွေးကောက်ပွဲကိစ္စကို မူလက လူထု စိတ်ပါဝင်စားမှုနည်းတယ်လို့ ထင်ခဲ့ကြတယ်။ အခု ရက်သတ္တ ၂ ပတ်လောက်  အလိုမှာ လူထုစိတ်ပါဝင်စားမှုရေချိန် အလွန်တိုးတက်မြင့်မားလာတာ တွေ့လာရ တယ်။  ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်အားလုံးမှာ မဲဆန္ဒရှင်စာရင်းမှာ နာမည် မပါတဲ့အတွက် ကော်မရှင်ရုံးခွဲ တွေမှာ လျှောက်ထားသူ တစ်သိန်းခွဲနီးပါး ရှိတယ်လို့ တိုင်းဒေသကြီး ကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေက ပြောကြားတာ သတင်းမီဒီယာတွေက ဖေါ်ပြခဲ့တယ်။

အခုလောလာဆယ် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့  မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲပေးဖို့ တက်တက်ကြွကြွ ပါဝင်ပူးပေါင်း မဲပေးနေကြရာမှာ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရတာ ကြားသိနေရတယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေ မသေချာမှုတွေ အပေါ် ကျယ်ကျယ်လောင်လောင် ဝေဖန်မှုတွေ ထွက်ပေါ်လာနေပါတယ်။ လာမယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု နဲ့တရားမျှတမှု ရှိပါ့မလား၊ Free and Fair ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။

နိုင်ငံတကာမှာရောက်ရှိနေတဲ့မြန်မာတွေ မဲပေးတဲ့အခါမှာလည်း ပြဿနာတွေ အများကြီးတွေ့နေရတယ်။ မဲပေးမယ့်စာရွက်မှာ သက်ဆိုင်ရာတို့ရဲ့ လက်မှတ်တွေ ပြည့်ပြည့်စုံစုံ မပါတာမျိုးက စပြီးတွေ့နေရတယ်။ မဲစာရင်းပြုစုရာမှာ မိမိတို့အမည် ပါမပါဆိုတာကလည်း နိုင်ငံသာတွေအဖို့ အတော်စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။ မြန်မာပြည်သူလူထုဟာ အဟောင်းထဲမှာ ဒီထက်ပိုပြီး မနေချင်ကြတော့တဲ့အတွက် မိမိတို့ရဲ့ မဲတစ်ပြားကို ထိထိရောက်ရောက် အသုံးပြုချင်နေကြတာကတော့ အားရစရာပါပဲ။ ရွေးကောက်ပွဲ မဲပေးမယ့်နေ့မှာ မဲပေးခွင့် မရရှိတဲ့ နိုင်ငံသားတွေ အများအပြားဖြစ်နေခဲ့ရင်  မျိုသိပ်မှုတွေ ပေါက်ကွဲတာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီလို မခံနိုင်လွန်းလို ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ရင် မဲရုံမှာ ဆူပူ မငြိမ်သက်မှုတွေ ဖြစ်မလာဘူးလို့ မဆိုနိုင်ပါ။ မဲရုံပိတ်လိုက်လို့ မဲမပေးရတော့ဘူးဆိုတဲ့ဟာမျိုးတွေအထိ ဖြစ်လာခဲ့ရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်တာကို စိုးရိမ်မိပါတယ်။

တကယ်တော့ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားက လွယ်တဲ့ အလုပ်ကို ခက်အောင်လုပ်ထားရုံမက၊ လူထုကို ကြောက်အောင်လည်း အဆင့်ဆင့် လျှောက်လွှာတင်ခိုင်းနေတော့ စောစောပိုင်းမှာ လူအတော်များများက မဲမထည့်ရလည်း နေပါစေ…လို့ သဘောပိုက်ထားကြ တာကြားသိနေရတယ်။ ပိုဆိုးတာက လူထုစားဝတ်နေရေး ဘ၀ကို အဆင်ပြေအောင် အစိုးရက ဖန်တီးမပေးနိုင်တဲ့အတွက် နှစ်ပေါင်း (၃၀) လောက်အတောအတွင်းမှာ လူအတော်များများ ရေကြည်ရာ မျက်နုရာ ရွှေ့ပြောင်းနေခဲ့ကြရတယ်။ ဒီတော့ မြို့နေလူဦးရေ သုံးပုံ တစ်ပုံထက်မနည်းဟာ ဧည့်စာရင်းတိုင်ပြီး နေကြရတယ်။ တကယ်တော့ ဒီလူတွေဟာ အလုပ်အကိုင်အဆင်မပြေတာကြောင့် ပြည်တွင်း မှာပဲ ရွှေ့ပြောင်း နေထိုင်ကြရသူတွေဖြစ်လို့ အစိုးရမှာ တာဝန်လုံးဝရှိပါတယ်။ သူတို့မှာ နိုင်ငံသားမှတ်ပုံတင် ရှိနေရင် အဟန့်အတား မရှိ မဲပေးခွင့် ရသင့်ပါတယ်။ ဒီ မှတ်ပုံတင်ကဒ်တွေက အစိုးရကထုတ်ပေးထားတာပဲ။ မဲပေးဖို့အတွက် မှတ်ပုံတင်ပြနိုင်ရင် လုံလောက် နေပါလျှက်၊ နောက်ထပ် ထောက်ခံစာ တောင်းတာဟာ လွယ်တဲ့အလုပ်ကို ခက်အောင် လုပ်ခြင်းပါပဲ။ လူထုကို မဲမပေးချင်အောင် ဗျူရိုကရေစီနဲ့ ခြောက်လှန့်တဲ့ သဘောပါပဲ။ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ဆိုချင်ပါတယ်။

အစိုးရ နဲ့ ရွေးကောက်ပွဲကော်မရှင်တို့က မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့် မဆုံးရှုံးစေ ရအောင် နှိုးဆော်ဆောင်ရွက်နေပါတယ်လို့ မီဒီယာ မျက်နှာစာမှာ ပြောနေပေမယ့်၊ အောက်ခြေမြေပြင်မှာက ဗျူရိုကရေစီကြိုးနီက ရှိနေဆဲ ဆိုတော့ ၀မ်းရေးအတွက် ရုန်းကန်နေ ကြရတဲ့ ပြည်သူတွေက မဲမပေးရလည်း နေပါစေ…ဆိုပြီး၊ နေလိုက်ကြတာမျိုး ရှိနေတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ရွှေ့ပြောင်းနေထိုင် သူတွေထဲက မဲပေးပိုင်ခွင့်ရှိသူ ၂-သိန်းလောက်ရှိပြီး အခုချိန်ထိ မဲဆန္ဒရှင်စာရင်းမှာ မပါသေးတဲ့အတွက် တိုင်းဒေသကြီးကော်မရှင်ထံ လျှောက်ထားသူ (၄)သောင်းလောက် ရှိသေးတယ်လို့ မီဒီယာသတင်းတွေက ဆိုပါတယ်။ မန္တလေးတိုင်းတစ်ခုလုံးမှာ မဲပေးပိုင်ခွင့်ရှိသူ (၄) သန်းကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီစာရင်းထဲမှာ ရွှေ့ပြောင်းနေထိုင်ကြသူ အရေအတွက် မပါဝင်သေးကြောင်း သတင်းတွေက ဆိုပါတယ်။ သူတို့ဟာ မဲဆန္ဒရှင်စာရင်းမှာ ပါရေးအတွက် အလုပ်ရှင်ထောက်ခံစာ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ နဲ့  ကော်မရှင်ရုံးတွေမှာ ပြန်လည်လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ဗျူရိုကရေစီ ကြိုးနီလုပ်ဟန်တွေ ရှိနေသေးတာကိုက ပြည်သူကို ဟန့်တားခြိမ်းခြောက်နေသလို ဖြစ်နေတယ်။ ဒီလို လုပ်နည်းလုပ်ဟန်မျိုးကို ပြုပြင်သင့်ပါတယ်။

တဆက်တစပ်ထဲ ပြောရရင် ပြည်တွင်းစစ်ကြောင့် နယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း စစ်ရှောင်တိုင်းရင်းသားတွေ မဲပေးခွင့် ဆုံးရှုံး နေပါသေးတယ်။ မြန်မာပြည်တွင်း နယ်စပ်ဒေသတွေမှာလည်း IDP လို့ ကမ္ဘာကသိနေတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ကလည်း မနည်းမနောပါပဲ။ ဒီတော့ ပြည်တွင်စစ်ကို အစိုးရက သဘောထားကြီးကြီးထားပြီး ရပ်စဲဖို့ မလုပ်တာကလည်း ရွေးကောက်ပွဲကို ထိခိုက် စေတာ တွေ့ရပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တောင်ပိုင်း တပ်ဖွဲ့တွေ၊ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ အစိုးရတပ်တွေ မကြာခန တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။ စောင့်ကြည့် လေ့လာသူ အချို့က ရှမ်းပြည်နယ်အတွင်း အစိုးရ တပ်က စစ်ဆင်ရေး လုပ်နေခြင်းဟာ NCA စာချုပ်မှာ ပါဝင်လက်မှတ်ထိုးဖို့ ဖိအားပေးတဲ့ ကိစ္စအပြင် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်အများစုမှာ ရှမ်းပါတီတွေသာ အနိုင်ရဖို့ ရာခိုင်နှုန်း များနေတာကြောင့် စစ်ပွဲအကြောင်းပြ မဲဆန္ဒနယ်ရွှေ့ဆိုင်းဖို့လည်း ဖြစ်နိုင်ကြောင်း သုံးသပ်တာမျိုးလည်း ရှိပါတယ်။ ဒါဆိုရင် တိုင်းရင်းသား နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပရေး အတွက် အဟန့်အတားဖြစ်လာပါလိမ့်မယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ပဲခူး စတဲ့ ပြည်နယ် ၅ ခုနဲ့ တိုင်းဒေသတစ်ခု အတွင်းက ကျေးရွာအုပ်စု ၄ဝဝ နီးပါးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တဲ့အတွက် အဲ့ဒီနေရာတွေမှာ မကျင်းပတော့ကြောင်း အောက်တိုဘာ (၁၂)မှာ ကြေညာချက် ထုတ်ခဲ့တဲ့ ကိစ္စဟာ စိုးရိမ်စရာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ မထူးသော်လည်း ဆန်းပြားတဲ့ မဲဆွယ်စည်းရုံးမှုတချို့ ပေါ်ပေါက်ခဲ့တာလည်း သတိပြုမိတယ်။ ဒေါက်တာ နေဇင်လတ် ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီရဲ့ မဲဆွယ်ပုံက တစ်မူ ထူးနေတာတွေ့ရတယ်။ သူ့ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခံရရင် “ရဟန်းသံဃာတော်များ မဲပေးခွင့်ရရှိရေး” အဆိုကို လွှတ်တော်မှာ တင်သွားမယ်လို့ မဲဆွယ်တယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြားဘာသာရေးခေါင်းဆောင်တွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိနေတဲ့အတွက် ဗုဒ္ဓဘာသာသံဃာတော်များလည်း မဲပေးပိုင်ခွင့်ရရှိမှသာ မျှတမှုရှိမယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောကြောင်း ဆဲဗင်းဒေး သတင်းစာအရ သိရပါတယ်။ အောက်တိုဘာ (၄) ရက်နေ့က  ရန်ကုန်မြို့  သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်းကို  ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ ခဲ့ရာမှာ အမျိုးသားတိုးတက်ရေးပါတီဝင်တွေ အင်အားပြပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ အခင်းအကျင်းအရ ဒေါက်တာ နေဇင်လတ်ရဲ့ပါတီဟာ ဘယ်ဘက်က ရပ်နေသလဲဆိုတာ မြင်နေရပါတယ်။ ဒီ ပါတီကို ထူထောင်ဖို့ အားပေးသူတွေ ထဲမှာ သမ္မတ ဦးသိန်းစိန်လည်း ပါဝင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတချို့က ယူဆကြပါတယ်။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သူ ဒေါက်တာ နေဇင်လတ် ဦးဆောင်တဲ့  အမျိုးသားတိုးတက်ရေး ပါတီ(NDP) ဟာ “နိုင်ငံတော် သမ္မတနှင့် သော်လည်းကောင်း၊ပြည်ထောင်စု အစိုးရ အဖွဲ့နှင့်သော်လည်းကောင်း၊ လုံးဝ ပတ်သက်ခြင်း မရှိ” လို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂ ရက်စွဲနဲ့ ထုတ်ပြန်ထားတာတော့ တွေ့ရတယ်။ ဒါပေမယ့် အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ (မဘသ) ရဲ့ ဘာသာရေးအကြောင်းပြပြီး နိုင်ငံရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်နေတဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာ သံတမန်များနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေကတောင် သံသယမျက်စေ့နဲ့ စောင့်ကြည့်နေကြချိန်မှာ ဒေါက်တာ နေဇင်လတ် က တက်တက်ကြွကြွ ထောက်ခံနေပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မဘသအဖွဲ့က နိုင်ငံရေးမတည်ငြိမ်အောင် ဖန်တီးဖို့ကြိုးစားနိုင်သလားလို့လည်း သံသယရှိနေကြပါတယ်။ လိုအပ်ခဲ့ရင် ရွေးကောက်ပွဲကို ရက်ရွှေ့ဖို့အတွက် ဒီအဖွဲ့ဟာ အစိုးရက ပြင်ဆင်ထားတဲ့ ရုပ်သေးအဖွဲ့လို့တောင် အကဲခတ်သူတချို့က ယူဆပါတယ်။ဒီလို ထင်မြင်ကြတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

မဘသ ဘုန်းတော်ကြီး ဦးဝီရသူက ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီကို ထောက်ခံ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ သွေးနထင် ရောက်နေတာကြောင့် ရွေးကောက်ပွဲ အနိုင်မရနိုင်ကြောင်း၊  အောက်တိုဘာ (၄)ရက်နေ့က ရန်ကုန် သုဝဏ္ဏအားကစားရုံမှာ အခမ်းအနားမတိုင်မီ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာကိုကြည့်ရင် ဒီအဖွဲ့ရဲ့ ပစ်မှတ်ကို မှန်းဆလို့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်မရရေးဟာ ဦးဝီရသူတို့ ပစ်မှတ် ဖြစ်ပါတယ်။

NLD ပါတီကို ဘာသာရေးဗန်းပြ တိုက်ခိုက်ပြီး၊ တဖက်မှာ လူထုကို လှည့်ဖျားစည်းရုံးနေတာနဲ့ ပတ်သက်လို့လည်း ဗွီအိုအေ ရေဒီယို သတင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောဆိုတာ တွေ့ရတယ်။

“ဘာသာရေးနဲ့ပတ်သက်လို့ ကျမတို့အဖွဲ့ချုပ်ကို တိုက်ခိုက်နေတယ်။ ဘာသာရေးကိုအသုံးချပြီးတော့ တဘက်ကနေ စည်းရုံးနေကြတာ – အဲဒါကို ဘယ်လိုသဘောရသလဲလို့ ကျမကို မေးကြပါတယ်။ ဘာသာရေးကိုသုံးပြီးတော့ နိုင်ငံရေးလုပ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ချိုးဖောက်ရာရောက်ပါတယ်။ ဥပဒေနဲ့မကိုက်ညီတာကြောင့်မို့လို့ ကျမတို့ကိုယ်တိုင်လည်း ဘယ်တော့မှ မလုပ်ပါဘူး၊ လုပ်တဲ့လူတွေ ကလည်း အပြစ်ရှိပါတယ်။ အပြစ်ရှိမှန်း သိရဲ့သားနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘာဖြစ်လို့ ကြည့်နေလဲဆိုတာ ပြည်သူလူထုက အများကြီးစဉ်းစားစရာ ဖြစ်ပါလိမ့်မယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မနောအားကစားကွင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပရိသတ်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြား ရာမှာ – “ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်ခဲ့ရင် ပထမဦးဆုံး လုပ်မယ့်ကိစ္စက မြစ်ဆုံက ရေကာတာနဲ့ပတ်သက်လို့ အစိုးရဟာ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ယူထားလဲဆိုတာ ပြည်သူကိုချပြဖို့ ကျမတို့လုပ်ပါမယ်” လို့ ဖြေကြားခဲ့ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်း သဘောတူညီချက်တွေထဲမှာ ဘာတွေပါသလဲဆိုတာ မသိတဲ့အတွက် ရွေးကောက်ပွဲ စည်းရုံးရေးမှာ ဟိုဟာ လုပ်ပေးမယ် ဒီဟာလုပ်ပေးမယ်လို့ပြောရင် တာဝန်မဲ့ရာ ရောက်မှာဖြစ်ကြောင်း တုန့်ပြန်ဖြေဆိုခဲ့ တာကို လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုက တင်ပြသွားပါတယ်။ တနည်းပြောရရင် လက်ရှိအစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိပုံ၊ တာဝန်ခံမှု မရှိပုံကို မီးမောင်းထိုး ပြလိုက်သ လိုပါပဲ။ လူထုအနေနဲ့ ဘယ်ပါတီကို အစိုးရအဖြစ် ရွေးချယ်ရမလဲ ဆိုတာကိုလည်း အဖြေပေးလိုက်ပြီး ဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်က ကချင်ပြည်နယ် မိုးမောက်မြို့မှာ မဲဆွယ်ဟောပြောရာမှာ “ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိလာကြမယ့် NLD ပါတီဝင် ရွေးကောက်ခံအမတ်တွေ  ပြည်သူ့အကျိုး မကြည့်ရင် ပြတ်ပြတ်သား သား အရေးယူမယ်” လို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်တာ သတိပြုမိပါတယ်။

“ပြည်သူ့အကျိုးကို မပြုတဲ့ ကိုယ်စားလှယ်တွေဆိုရင် ကျွန်မတို့ကိုယ်တိုင် ပထမဦးဆုံး အရေးယူမှာပါ။ ပြည်သူလူထု လက်ညှိုးထိုးဖို့ မစောင့်ပါဘူးလို့ ကျွန်မပြောပါရစေ” လို့ မိုးမောက်မြို့ရှိ လောက မာရဇိန် ဘုရား ပရဝဏ်မှာ ပြုလုပ်တဲ့ ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ကြောင်း မဇ္ဈိမသတင်းအရ သိရတယ်။

ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုနဲ့ လုံခြုံမှုပေးနိုင်မှသာ တိုင်းပြည်တခုမှာ ဒီမိုကရေစီရှိတယ်လို့ သတ်မှတ်နိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကို မလိုမုန်းထား ဆန့်ကျင်နေကြသူတို့အနေနဲ့ ရွေးကောက်ပွဲမှာ လူထုဆန္ဒမဲကို ရယူနိုင်ကြဖို့ အခွင့်အလမ်း မရှိနိုင်ပါ။ လူထုအာဏာကို အလွဲသုံးကြမယ့် လူတွေရဲ့လက်သို့ လူထုက အာဏာလွှဲပေးလိမ့်မယ်လည်း မဟုတ်ပါ။

ဒီနေ့ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွားရေးချွတ်ခြုံကျမှု၊ ပညာရေး ကျန်းမာရေးနိမ့်ကျလွန်းမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းမှု၊ မူးယစ်ဆေးဝါးထုတ်လုပ် သုံးစွဲမှုများမြင့်တက်နေမှု၊ လူမှောင်ခိုမှုကြီးထွားလာမှု၊ နိုင်ငံ့ သယံဇာတများ ခိုးယူခံနေရမှု၊ နိုင်ငံရေးထွက်ပေါက်ပိတ်မှု၊  ဒေသတွင်း ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်နေမှု အစရှိတဲ့ အခြေအနေ အရပ်ရပ် ကို ဆန်းစစ်ကြည့်ရင် အစိုးရ ယန္တရားကြီးအတွင်းမှ အဓိက တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုနေကြတာကြောင့် ဆိုတာ ထင်ရှား ပါတယ်။

ဒါကြောင့် ၂၀၁၅ အလွန်မှာ ကိုယ်ကျိုးမကြည့် လူထုအကျိုးကြည့်မယ့် အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ မုချ လိုအပ်နေပါပြီ။ တိုင်းပြည်နဲ့ လူထုကို ဆင်းရဲတွင်းမှ ကယ်တင်နိုင်မယ့် အစိုးရ တစ်ရပ်ကို လူထုကိုယ်တိုင် ရွေးချယ်ကြဖို့ အခွင့် အရေးရပါပြီ။ မိမိတို့ရဲ့ ရတောင့်ရခဲ မဲပြားများကို ပိုင်ပိုင်နိုင်နိုင် အသုံးချရင်း၊လွတ်လပ်ပြီး တရားမျှတတဲ့ သမိုင်းအသစ်ကို   ပြည်သူလူထုကိုယ်တိုင် ရေးထိုးနိုင်ကြပါစေ။                ။

(26 October 2015 ဒီလှိုင်းစာစောင်မှာ ဖေါ်ပြခဲ့သည့် ဆောင်းပါး။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇင်လင်း – သမိုင်းအသစ် ရေးကြစို့
  1. အစိုးရနှင့်နေဇင်လတ်ပါတီ လုံးဝမသက်ဆိုင်လို့ စာထုတ်တယ်တဲ့
    အစိုးရနဲ့ကြံခိုင်ရေးပါတီတို့ လုံးဝ လုံးဝ ၁၀၀% သက်ဆိုင်ကြောင်း မိုးမခမှတဆင့် ကျနုပ်ထုတ်ပြန်လိုက်ပါတသည်။
    ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်သော ရွေးကောက်ပွဲရလဒ် ထွက်လာပါစေ… ဒါမှ ငါတို့ကချင်မြေ သယံဇာတကြိမ်စာက လွတ်မယ်လေ..

Comments are closed.