ကဗျာရိပ် – စိတ္တဇနိုင်ငံတော်ကြီးထဲက ဒီမိုကရေစီ
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၅
ဒီနေ့ လူတစ်ယောက် စာတစ်ကြောင်း
ဖယောင်းတိုင်မီး၊နိုဝင်္ဘာလ ရဲ့မြူတစ်မှုန်
ခန္ဓာကိုယ်ဟာ နှစ်ခြမ်းဖြစ်သွားတယ်
ဆာလောင်မွတ်သိပ်မှုတွေနဲ့ ငါ
ဆေးနံ့ တွေလှောင်ထားတဲ့ အခန်း
အဲဒါ ငါတို့ ရဲ့ ဒီမိုကရေစီ…။
ငါတို့ ရဲ့ အကြောင်းကို ငါတို့သိတယ်
ငါတို့ ဟာ တိုက်ပွဲဝင်တယ်..
ငါတို့ ဟာ သူရဲကောင်း ၊
ငါတို့ ဟာ ငါတို့ ရဲ့အမျိုးသားရေး
ငါတို့ ဟာ ငါတို့ ရဲ့ပြောင်းလဲခြင်း
ငါတို့ တည်ရှိခြင်းဟာလည်း
ငါတို့ ရဲ့ဒီမိုကရေစီဖြစ်တယ်.။
ခြောက်သွေ့ နေတဲ့ ကောင်းကင်ဘုံ
စိမ်းလန်းသော ဆုတောင်းစာ
ဒီနေရာမှာ ဘယ်သူတွေ ဘာပြောပြော
မှန်သောတရားတွေရှိခဲ့
လူစိမ်းတွေ ရှို့တဲ့မီး. လူရင်းတွေပဲလောင်ခဲ့ရ
ကြယ်တွေဟာ ကောင်းကင်မဆံ့လို့ မြေကြီးပေါ် ၀ပ်တွားခဲ့ရ
ဂီတတွေဆာလောင်လို့ တီးခတ်မိတဲ့ သံစဉ်တွေဟာ
ငါတို့ ရင်ဘတ်ရဲ့ဒီမိုကရေစီ……ဖြစ်
ဖိနပ်ပြတ်မှာကို မစိုးရိမ်သူ
လမ်းပျောက်မှာကို စိုးရိမ်သူ
ဘယ်သူ့ မှ မထွင်းထားတဲ့ ခံတွင်း နတ်တွေဖန်ဆင်းဖို့ မလိုဘူး
စိတ်ကူးတွေဟာ မျက်နှာဖုံး
တစ်လမ်းမောင်း တစ်လမ်းသွား
ကျောက်စရစ်ခဲတွေကိုအားနာမိခဲ့
ယုံတမ်းစကား..
ငါတို့ မှာ..ရိုးသားခြင်းကို လောင်စာတွေထဲပစ်ထည့်
အဟုန်နဲ့ တောက်ဖို့ မီးတောက်တွေ မျိုထားရတယ်…။
လာခဲ့ပါမိတ်ဆွေ
တိမ်တွေလည်းမထူပါဘူး
မိုးတွေလည်းမရွာပါဘူး
နှင်းတွေလည်းမထူထပ်လွန်းပါဘူး..
အားပါးတရ ပြုံးလိုက်စမ်းပါ..
ရှိုက်သံတွေကင်း ပျော်ရွှင်မှုနဲ့ ရွှဲစိုနေတဲ့ ရှုခင်း
ဘ၀ကို သွေးသားသန့် စင်နိုင်ဖို့ 
ဒီမနက်ခင်းမှာ ၀တ်ရုံအသစ်တွေ လဲဝတ်ခြင်းဟာလည်း
ငါတို့ ရဲ့ ဒီမိုကရေစီဖြစ်နိုင်ဖို့ ………….။ ။
ကဗျာရိပ်