သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – မြန်မာစစ်ဖက် ဘယ်ဘက်ရပ်မလဲ

မောင်မောင်စိုး – မြန်မာစစ်ဖက် ဘယ်ဘက်ရပ်မလဲ
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၅

၂၀၁၅ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲသည် ၁၇ ရက်ခန့်သာလိုတော့သည်။ နိုင်ငံရေးပါတီ များ၏ အပြိုင်အဆိုင်မဲဆွယ်မှုများသညမ အရှိန်မြင့်တက်လာ သည်။ NLD နှင့် တိုင်းရင်းသားပါတီများသည် အားသွန်ခွန်စိုက် လုပ်ကိုင်နေကြသကဲ့သို့ သတိကြီးစွာထား၍ လုပ်ဆောင်နေကြ သည်။ အပြောင်းအလဲ ကိုလိုလားနေကြသော ပြည်သူများ၏ တခဲနက် ထောက်ခံအားပေးမှုကိုမြင်တွေရသည်။ ထိလွယ် ရှလွယ် အမျိုးဘာသာအလံလွှင့်သူများပင် တိုးမပေါက်တော့ပေ။

တပြည်လုံးရဲရဲတောက်နေသဖြင့် NLD အတွက် မဲပုံးထောင်ရန် ပင် မလိုအပ်တော့ဟူ၍ပင် ပြောဆို၍ ရလောက်သည်။ ၂၀၁၅ ရွေး ကောက်ပွဲအပေါ် ပြည်သူများ၏ စိတ်ဝင်စားမှုအထူးမြင့်တက်သည် ကိုတွေ့မြင်နေရသည်။ ထိုအခြေအနေအောက်တွင် နိုင်ငံရပ်ခြား ရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးမှု အထူးသဖြင့် စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးမှုက မြန်မာ သာမက ကမ္ဘာကိုပါလှုပ်ခတ်သည်။

သံရုံးအပြင်ဖက်တွင် လူထောင်ချီ၍ ပလက်ဖေါင်း ခေါင်းအုံးအိပ်ပြီး ညလုံးပေါက်စောင့်ဆိုင်းကာ အပြောင်းအလဲနှင့် ပတ်သက်ပြီး သူတို့၏ ပြင်းပြသောစိတ်ဓါတ်ကို ဖေါ်ပြခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ၏ အရေးပါမှုကိုဖေါ်ပြခဲ့သည်။ ရွေးကော်၏ အားနဲချက်များကို ဖေါ်ထုတ်ပြခဲ့ကြသည်။ ဤအခြေအနေကို မြန်မာပြည်သူအားလုံးတွေ့မြင်ကြသည်။ကမ္ဘာ ကလည်း အံ့အားသင့်စွာမြင်တွေ့ခဲ့ကြသည်။ အလားတူပင် မြန်မာ စစ်ဖက်ခေါင်းဆောင်များ အရာရှိအရာခံအကြပ်တပ်သားများလည်း အလားတူမြင်တွေ့ခဲ့ကြသည်သာဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာစစ်ဖက်အား သီးခြားအခန်းကဏ္ဏပေးထားသည်။ လွှတ်တော်ထဲတွင် မြန်မာစစ်ဖက်မှ ၂၅ % ပေးထားသည်။ တဖက်မှ ကြည့်လျင် မြန်မာစစ်ဖက်အနေနှင့် အရပ်ဖက်ပါတီများ ပြိုင်ဆိုင်မှုတွင် ကြားနေအင်အားစုအဖြစ် ရပ်တည်နိုင်သော အခွင့်အလမ်းလည်းဖြစ်သည်။ ထိုသို့သော အခွင့်အလမ်းကို လက်ရှိမြန်မာစစ်ဖက်ခေါင်းဆောင်များ မည်သို့သုံးစွဲမည်ဆိုသည် မှာ တိုင်းပြည်အနာဂါတ်အတွက် အရေးပါသောအချက်ဖြစ်သည်။ ဖွဲ့စည်းပုံအရ ကြားနေအင်အားစုတွင် ရပ်တည်လိုက ရပ်တည် ၍ရသော မြန်မာစစ်ဖက်အနေနှင့် ရွေးကောက်အပြီးတွင် လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းနေသော ကြံ့ခိုင်ရေးပါတီဖက်က ရပ်မလားသို့မဟုတ် လူထုတခဲနက်ထောက်ခံမှုရနေသော NLD ပါတီနှင့် ပူးပေါင်းပြီး တိုင်းပြည်အနာဂါတ်အတွက် ရှေ့ဆက်မည်လောဆို သည်မှာ တိုင်းပြည်ရှေ့ရေးကို ကြီးစွာ သက်ရောက်မည်ဖြစ်သည်။

မြန်မာစစ်ဖက် ကာကွယ်ရေးဦးစီးချုပ်က အတိုက်အခံတို့အနိုင် ရပါကလည်း အသိအမှတ်ပြုပြီး ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွား မည်ဟု ဆိုခဲ့ခြင်း စစ်တပ်မဲရုံများအား နိုင်ငံတကာအကဲခတ်များ အား စောင့်ကြည့်ခွင့်ပေးခြင်းတို့သည် ကြိုဆိုရမည့်အချက်များ ဖြစ်သည်။

တကယ်တမ်းဆိုလျင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြားနေ နေရာတွင် ရပ်တည်ခွင့်ရနေသော မြန်မာစစ်ဖက်အနေနှင့် ရွေး ကောက်ပွဲတွင် အများစုအနိုင်ရရန်အလားလာများနေသော NLD နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းသည် တိုင်းပြည်အတွက်ရော စစ်တပ်အတွက်ပါ ကောင်းကျိုးရှိမည်သာဖြစ်သည်။ တိုင်းပြည် အတွက်ဆိုလျင် တည်ငြိမ်၍ တိုးတက်သောနိုင်ငံတခုအဖြစ်သို့ ရှေ့ရှု၍ ရမည်။ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများကို ကျော်လွှား နိုင်မည်။

မြန်မာစစ်ဖက်အတွက်ဆိုလျင် လူထု၏ လေးစား ထောက်ခံချစ်ခင်မှုကို အလျင်အမြန်ရနိုင်သည်။ စစ်တပ်ကို ခေတ် မှီစစ်တပ်တခုအဖြစ် အလျင်အမြန်တည်ဆောက်နိုင်မည်။ အား လုံး အကောင်းဘက်သို့ရှေ့ရှုရွေ့လျားနိုင်မည်။

ရွေးကောက်ပွဲကားနီးလာပြီ။ ပြည်သူများ၏အဆုံးအဖြတ်က အရေးကြီးသကဲ့သို့ မြန်မာစစ်ဖက်ခေါင်းဆောင်များ အရာရှိအရာခံ အကြပ်တပ်သားများ၏ ဆုံးဖြတ်ချက်ကလည်း အရေးကြီးသည်။ တပြည်လုံးရဲပဒေါင်းခတ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – မြန်မာစစ်ဖက် ဘယ်ဘက်ရပ်မလဲ
  1. ဒီနေ့ပဲ ဘာသာရေးလှုပ်ရှားသူ ခရစ်ယာန်တစ်ဦးကပြောတယ်… မြန်မာနိုင်ငံရဲ့ အာဏာက စစ်တပ်မှာပဲရှိတာပဲ၊ ဦးသိန်းစိန်လဲ အရုပ်ပဲ ..လို့ပြောပါတယ်။ ဒါက ဖြစ်ရပ်မှန်ပါ… မှန်တိုင်းပြော၊ ရေးရင်တော့ ဦးနေမျိုးဇင်လို ထောင်ထဲ ဝင်လိုက်၊ ထွက်လိုက် ခံရမယ်။ ဒါမှမဟုတ် ဦးဝတ်မှုန်လို ရွာပြင်ထုတ်ခံရမယ်။

Comments are closed.