ကဗျာ ခိုင်မာကျော်ဇော

ခိုင်မာကျော်ဇော – သမိုင်းနီနီ…. ပန်းနီနီ

 

 

ခိုင်မာကျော်ဇော – သမိုင်းနီနီ…. ပန်းနီနီ

(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅

အခုတလော

ဒေါ်လေးနဲ့  စကားပြောတော့

အောင်ဆန်းစုကြည်

အောင်ဆန်းစုကြည်နဲ

တစုထဲ စု

ကြည်ထဲ ကြည်နဲ

အသံကို စီနေတာပဲ။

 

ဖုန်းကိုင်လိုက်တာနဲ့ 

ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို

သူ့ ပါးဖောင်းဖောင်းကြီးတွေနဲ

နားညောင်းအောင်ကို ပြောတော့တာပဲ။

 

တကယ့်အဖိုးတန်

အမျိုးမှန်တဲ့ ပတ္တမြားကြီးပါတော်

သူ့ ကိုတွေ့ ရတော့

ကျုပ်ဖြင့် ငုတ်တုတ်တောင်မေ့သွားတယ်။

 

သူ့ ရဲ့ 

နူးညံ့တဲ့အပြုံးက

ကျုပ်တို့ အသဲနှလုံးကို

ပိုးသားလေးနဲ့  ဖုံးလိုက်သလိုပဲ။

 

သူ့ ရဲ့ 

ထက်မြက်စူးရှတဲ့အကြည့်က

ကျုပ်တို့ ရင်ကို

ဒုတ်ဒုတ်ထိတယ်။

 

တကယ့်ပညာရှင်မ

နားဝင်အောင်လည်း ရှင်းပြတတ်တယ်

တိုတိုရှင်းရှင်း နဲ့ လိုရင်းကို ပြောလိုက်တာ

အမုန်းစကား

တလုံးတပါတဒမှ မကြားရဘူး

သူ့ နှလုံးသားအဖြူကို

အလံထူပြသွားတယ်။

 

သတ္တိကလည်း

အဂ္ဂသတ္တိ

ပြည်သူ့ အတွက်

တိုင်းပြည်အတွက်

ဒီမိုကရေစီအတွက်ဆို

အသက်နဲ့ လဲမဲ့ မိန်းမ

အဲ့ဒီ အနီမကို

ကျုပ်ဖြင့် ဂုဏ်ပြုချင်လှပါပြီ။

 

ဒီ့အတွက်

မဲပေးမဲ့ ရက်ကိုပဲ

ကျုပ်တို့ တရွာလုံးတွက်နေကြတာ

တရက်ပြီး တရက်

ပြကဒိန်ပေ လက်ရောက်နေလို့ 

စာရွက်တွေတောင် ပေါက်ကုန်ပြီ။

 

ဖွတ်တက်ရင်တော့

ကျုပ်တို့ ဘ၀တွေ တစစီပျက်ဖို့ ပဲရှိတော့တယ်။

 

ညဉ်းတို့ အဖွဲ့ အကြောင်းလည်းကြားပါတယ်

ဒီလောက် သမိုင်းကောင်းလာပြီးမှ

ဖွတ်တွေနဲ့ ပေါင်းရတယ်လို့ 

ဖွတ်တွေနဲ့  ပေါင်းစားပြီး

ဖွတ်ကြားဖြစ်မဲ့ အကောင်တွေကို

ညဉ်းလည်း သိပ်လွမ်းမနေနဲ့ ။

 

သင်ခန်းစာတော့ ယူစရာအကောင်းသား

အဖွဲ့ အစည်း ဘယ်လောက် ကောင်းကောင်း

ခေါင်းဆောင် မကောင်းတော့

မြောင်းထဲရောက်တယ်။

 

တိုင်းပြည် သယံဇာတ ဘယ်လောက်ရှိရှိ

ခေါင်းဆောင် တန်ဖိုးမရှိတော့

ပြည်သူတွေ ၀န်ပိတယ်။

 

တရုတ်အားကိုးနဲ့ 

ဘူဒိုဇာထိုးဖို့ လောက်ပဲ သိတဲ့ကောင်တွေ

တိုင်းပြည်မှာ ခေါင်းဆောင်လုပ်နေတော့

တော ရောင်းစား

တောင် ရောင်းစား

ရေ ရောင်းစား

မြေ ရောင်းစား

ဒင်းတို့ … အရောင်းအစားကောင်းလို့ 

ကျုပ်တို့ တိုင်းပြည်ကြီးလည်း

ဟို့ လို့ ဟောင်းလောင်းဖြစ်နေပြီ။

 

မိုးခေါင် ရေကြီး

အဲ့ဒီ သောကမီးတွေ

ကျုပ်တို့  ရင်စီးခံရပြီလေ

တောပြုန်း တောင်ပြုန်းတော့

အပူလုံးကြီးထဲ နေရသလိုပဲ

ကျုပ်တို့  ကျောတွေလည်း ကွဲကုန်ပြီ။

 

ဒါတောင်မှ

ဒင်းတို့ က

ကျုပ်တို့ ကို မဲလာဆွယ်ကြသေးတယ်

မသေခင်ထဲက ခြောက်နေတဲ့

အစိမ်းသူရဲတွေကို

ဘယ်ပြည်သူက မဲပေးမှာတုန်း။

 

ကျုပ်တို့  တရွာလုံးကတော့ အနီပဲ

ညဉ်းတို့ ပြောပြောနေတဲ့

ဖေ့စ်ဘွတ်ပေါ်မှာလည်း နီနေတာပဲဆို

ကျုပ်တို့ လည်းကြားပါတယ်

အဆိုတော်တွေလည်း နီတာပဲတဲ့

ရုပ်ရှင်လောကသားတွေလည်း နီတာပဲတဲ့

ဇာတ်သဘင်တွေလည်း နီတာပဲတဲ့

စာရေးဆရာ ကဗျာဆရာတွေလည်း နီ

ကျောင်းသူ ကျောင်းသားတွေလည်းနီ

ရုံးသူ ရုံးသားတွေလည်းနီ

ပြည်သူ့ ဘက်တော်သား စစ်သားနဲ့ ရဲသားတွေလည်း နီ

အဲ့ဒီလို မြင်ရကြားရတာ

ကျုပ်တအား စိတ်ချမ်းသာတယ်။

 

သေချာပါတယ်

အခုလာမဲ့ပွဲက

အောင်ဆန်းစုကြည်ဆိုတဲ့ အနီမ

နိုင်ရမဲ့ ပွဲပါပဲအေ။

 

ကဲကဲ… ကျုပ်လည်း ကျန်းမာအောင်နေရမယ်

(၈၀) နားနီးပေမဲ့

ညဉ်းအဒေါ်ကျုပ် မသေချင်သေးဘူး

ပန်းပန်သူ အနီမ

နန်းစံရတာကို မြင်ချင်သေးတယ်။

 

———————————

ခိုင်မာကျော်ဇော

အောက်တိုဘာ (၁၈)၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts