ကဗျာ

စမ်းစမ်းတင် – အထီးကျန်သစ်ပင်

စမ်းစမ်းတင် – အထီးကျန်သစ်ပင်
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၅

သူတို့မေ့လျော့လို့ ဖြစ်ဖြစ်
မျက်စိလျှမ်းလို့ ဖြစ်ဖြစ်
မဖြစ်လောက်ပါဘူး ဆိုပြီး တွေးလို့ ဖြစ်ဖြစ်
မဖြစ်ညစ်ကျယ် ပါချီပါချက် ငါ
တပင်တည်း ကျန်ရစ်

ရှင်ကျန်ခဲ့ရက် အသည်းကွဲ
အပေါင်းအဖော်တွေနဲ့ လွဲ
လွင်တီးခေါင်မှာ တပင်တည်း
မိုးကြီးလေကြီး မုန်တိုင်းကြီးဒဏ်
ခံနိုင်ရည်နည်း
ကျားကုတ်ကျားခဲ အံခဲဖို့ရာ
ငါတည်ရပ်ရာမြေက အိ
တရိရိပြိုဆင်း
လွမ်းချင်းတောင် သီချိန်မရ ၊ ငါပါရော မျောမယ့်အဖြစ်

ငါတို့သစ်ပင်တွေ
လူသားတွေထက် သာလေတာက အသက်
ရက် လ တောင်မဟုတ်ပါ
နှစ်ရာနဲ့တောင်ချှီ
ဘိုးဘွားဘီဘင်တွေတောင် ငါမီခဲ့ရဲ့
သူတို့လောဘသားတွေ မလာမီက
တဆွေလုံး တမျိုးလုံး တတောလုံး
တသက်လုံး တဘ၀လုံး တစည်းတလုံး

ခုတော့ သူတို့လည်းလာ
အားလုံးသင်္ခါရ
ဒါနဲ့များ ငါသာ ဘာကြောင့်ကျန်ခဲ့ပ
အတွေးစတွေဝေ..
တွေးလေလေ… ဆွေးလေလေ
လွမ်းလေလေ
ငါဟာ အထီးကျန်နေ….။

စမ်းစမ်းတင် @ SanSan Cynthia Tin
၂၀၁၅ အောက်တိုဘာ ၁၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts