ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

သွန်းခ – အမျိုးမျိုးပါပဲဗျာ

သွန်းခ  – အမျိုးမျိုးပါပဲဗျာ

(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၅

အခုရက်ပိုင်း သွန်းခ တစ်ယောက် မအားတာ များတယ်ခင်ဗျ။ ကိုယ်တိုင်က ကျန်းမာရေးဝန်ထမ်းဆိုတော့ေ ခါင်း ကိုက်တာလည်း ဘာဆေးအကောင်းဆုံးလဲ အမေးခံရတာကစလို့ သူငယ်ချင်းသမီး သားအိမ်မှာနာနာပေါက်တဲ့ကိစ္စအထိ ပါလိုက်ခဲ့ပါဦး အခေါ်ခံရတာနဲ့ အားကို မအားရပါဘူး။ မိတ်ဆွေတွေကလည်း ယမကာနှစ်ခြိုက်ကြသူ များနေလေတော့ တော်နေကြာ အရက်ဖြတ်ချင်လို့လိုက်ပို့ပါဦး၊ ရွာသာကြီးဆို လိုက်သွားရပြန်ပါရောလား ။ အမယ်….. ပြန်သောက်တော့ သွန်းခကို အသိမပေးကြတော့ပါလား။ သူတို့ဟာ သူတို့ ကျိုက်လိုက် ၊မော့လိုက်ကြတာပါပဲ။

သွန်းခ ဝါသနာပါတာက နံပါတ်တစ် ကာတွန်း၊ နံပါတ်နှစ် စာရေးတာ၊ သုံးကမှ သီချင်းဆိုချင်တာကိုး။ အဲဒီတော့ အားတာနဲ့ ကာတွန်း ရေးတော့တာပါ။ အဖြစ်က မရှိပြန်တော့ စာရေးပြန်ရော၊ သတင်းရေးမိပြန်ရော။ အဲဒါလည်း သိပ်တော့အလွယ်စား မဟုတ်ဖူးခင်ဗျ။ သွန်းခ ရဲ့ဆရာ ကို မေးရသေးတာ၊ သတင်းရှိမယ့်နေရာ ၊ရေးတင်ချင်လို့ရေး ခွင့် ရှိမရှိ။ ဆရာသမားက ဖုန်းထဲကနေ “အင်း၊ ရေးပေါ့” ဆိုမှ သတင်းလိုက်ရ၊ ရေးရတာပါဗျာ၊ ဝါသနာကိုး။

အရင်က ဘာမှမရေးရလို့ စိတ်မပျက်မိပေါင်ဗျာ။ လူမှုကွန်ရက်ပေါ် ရေးချလိုက်တာပဲ။ ခုတော့မရဘူးဗျား။ ဘာတဲ့… အီလက်ထရောနစ် အက် ဆိုလား၊ ဘာလား။ အဲဒါကြီးကို ကြောက်ကြလို့ ထင်ပါရဲ့။ သွန်းခ ရဲ့ မိတ်ဆွေတော်တော်များများ အကောင့်တွေမှာ မီးလေးတွေသာ လင်းနေကြတယ်၊ ဘာမှကို ရေးမတင်ရဲကြဘူးထင်ပါရဲ့။ အဲဒါပဲဗျ၊ လူဆိုတာ ကြောက်တတ်ရင် ဖြဲခြောက်တာ ခံရတတ်ပါတယ်။ အဲဒီလောက်လည်း အကြောက်တရား လွှမ်းတာ မခံသင့်ပေဘူး ထင်ပါ့ဗျာ။ ထားပါဗျာ၊ သွန်းခ ရေးတင်ချင်တာလေး ဆက်ရေးပါရစေတော့။

ရန်ကုန်မြို့က အစိုးရဆေးရုံတွေရော၊ ပုဂ္ဂလိကဆေးရုံတွေပါ မကျန် ရောက်တတ်လေတော့ လုပ်ပုံကိုင်ပုံတွေ အမျိုးမျိုးကို တွေ့နေရ၊ ကြားနေရတော့တာပဲဗျို့။ အခု စာမရေးခင်တောင် အလုပ်ကအပြန် သွန်းခ စီးလာတဲ့ ဘတ်စ်ကားရှေ့  မော်တော်ဆိုင်ကယ် ဖြတ်ဝင်လို့ တိုက်ချပစ်လိုက်တာတွေ့ခဲ့ရပါသေး  ။ သြော်… တကယ်ပါဆို။ တိုက်တာ မှ အင်းစိန်၊ ရွာမ အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့တည့်တည့်မှာကို တိုက်ချလိုက်တာပါ ဆို။ သွန်းခ သတင်းစာ ဖတ်နေတုန်း တိုက်ချလိုက်တာဆိုတော့ ယာဉ်ထိန်းရဲများ အတိုက်ခံရသလားလို့ ကပျာကယာ လှမ်းကြည့်ရသေး တာကိုး။ မော်တော်ဆိုင်ကယ်စီးခွင့်ရှိတာ သူတို့အများစုနဲ့ အခွင့်ရ ဝန်ထမ်းတွေလောက်ပဲ ရှိတာလေ။ အသေခံဗုံးခွဲ ဆိုင်ကယ်တော့ မဟုတ်တာေ သချာပါတယ်။ အတိုက်ခံရတဲ့လူက မျက်နှာကြီးရှုံ့မဲ့ပြီး လဲနေတာတွေ့ရတော့ သေ ရမှာ၊ နာမှာ ကြောက်နေမှတော့ အသေခံမယ့်လူတော့ မဟုတ်ဖူးလို့ တွက်မိပေသပေါ့။ ဟုတ်ခဲ့ရင်လည်း သွန်းခတစ်ယောက် ကြွပြီပေါ့ဗျာ ။

သြော် … လူနာရှိမှတော့ ကားအောက် ဆင်းကြည့်တော့တာပေါ့ ။နိုင်ငံတော်က မခိုင်းလည်း သွန်းခ လုပ်ပါတယ်။ အခြေအနေက မဆိုးတော့ လူနာကို အားပေးစကားပြောပြီး ဆေးရုံပို့ဖို့ စီစဉ်ပေးခဲ့ရတာပေါ့။ ဆေးရုံပို့ဖို့သာ စီစဉ်ပေးလိုက်ရတယ်၊ စိတ်ထဲ စိုးရိမ်စိတ်တွေနဲ့ပါပဲ။ အရေးပေါ်ရောက်လို့ လက်တွန်းလှည်း၊ ဘီးတပ်ကုလားထိုင်နဲ့ ဆေးရုံဝန်ထမ်း ချက်ချင်းမှ ရှိပါ့မလား လို့လေ။

ဟား … ပိုတယ်မထင်နဲ့ ကိုယ့်လူ ၊ပြီးခဲ့တဲ့ ၁၃ ရက်နေ့က နိုင်ငံတော်ဆေးရုံကြီးကို သွန်းခ လူနာတစ်ယောက် သွားပို့ခဲ့ရသေးပါတယ်။ သွန်းခ တို့အလုပ် လုပ်နေတဲ့ ဆေးရုံက တကယ့်ဆေးရုံစစ်စစ် ပါဗျာ၊ တကယ် တကယ်။ ဆေးရုံလေ၊ ဆေးမရှိဘူး၊ ပစ္စည်းကိရိယာ မရှိ ဘူး၊ သွန်းခ နားလည်ပေးပါတယ်။ ပြင်ပလူနာဌာနဆိုတော့ အသက်ကယ်လောက်တဲ့ ဆေးနဲ့ ဆေးပစ္စည်း မရှိရှာ ပေဘူးဗျာ။ လူနာလိုက်ပို့တဲ့ လူနာစောင့် ဖျတ်ခနဲဆိုနှလုံးရပ်သွားလို့ လုပ်ပေးလိုက်ရတာ အသည်းအသန်ပါ ဆို။ ဟား….လူနာစောင့်ဖြစ်တာ၊ လူနာမှ မဟုတ်တာဆိုတဲ့ ဒစ်စ်ခရီမီနိတ် လုပ်တဲ့ ခွဲခြားဆက်ဆံစကားတော့ မပြောနဲ့ဗျာ။ သူလည်းမြန်မာနိုင်ငံသား၊ လူသားစစ်စစ်လေ။ လူ့အခွင့်အရေးအရ သွန်းခတို့ အသက်ကယ်ဖို့ ကြိုးစားကြလေသပေါ့။

ပစ္စည်းစုံမယ်ထင်တဲ့နိုင်ငံတော်ဆေးရုံကြီး တစ်ခု ကို သွန်းခကိုယ်တိုင် တစ်လမ်းလုံး အရေးပေါ်အသက်ကယ်နည်းတွေနဲ့ ကြိုးစား သွားလိုက်တာ၊ လူနာ အခြေအနေ မကောင်းတာတော့ မှန်ပါတယ်။ ဆေးရုံရောက်တော့ လူနာတင်မယ့်လက်တွန်းလှည်း တော်တော်နဲ့မှ ရောက်မလာ၊ လူနာကို လှည်းပေါ်တင်ဖို့ ဆေးရုံဝန်ထမ်းက တစ်ယောက်တည်း၊ လူနာ့ဖြစ်စဉ် ပြောပြဖို့ ကြိုးစားတာကို အရေးပေါ်လူနာ လက်ခံတဲ့ဌာနက တာဝန်ခံ (ဟုယူဆရသူ) ဆရာဝန်က လုံးဝနားမထောင်၊ လူနာ့အသက်ကယ်ဖို့ထက် အသက်ပါ၊ မပါ စမ်းသပ်ဖို့ အီးစီဂျီစက်သာ တွန်းယူလာခဲ့ခိုင်းပါသဗျား။

အမှန်က အရေးပေါ်အသက်ကယ်တဲ့ အသက်ရှုကိရိယာတို့၊ ရှော့ခ် ရိုက်တဲ့ လျှပ်စစ်နှလုံးနှိုး စက်တို့နဲ့ မကြိုးစားသင့်ပေဘူးလား။ မီးမလာဘူး မပြောနဲ့၊ အဲဒီပစ္စည်းတွေအားလုံး ပေါ်တေပယ်၊ ရွေ့လျားလုပ် လို့ရအောင် ဘက်ထရီ ရှိပြီးသား။ သွန်းခ ဘာမှ မပြောချင်တော့လို့ ကိုယ့်ဆေးရုံ ကိုယ် ပြန်လာခဲ့တော့တာ။ အဲဒါကြောင့် ဆိုင်ကယ် အတိုက် ခံရတဲ့ လူအတွက်စိုးရိမ်မိပါတယ်ဆို၊ ထားပါလေ။

အမျိုးမျိုးပါပဲ ဆိုတာလေး ဆက်ပါရစေဦး။ ကွမ်းယာအကြောင်း ဆက်ပါဦးမယ်။ ဟုတ်တယ်ဗျ။ ဆေးရုံနဲ့ ကွမ်းယာ ဘာမှကိုမဆိုင်တာ။ ထားပါလေ၊ ဆိုင် ဆိုင်၊ မဆိုင်ဆိုင် ဆရာဝန်တွေ သူနာပြုတွေဝန်ထမ်းတွေပါ ဝါးနေကြတော့ (ကွမ်းယာ) လူနာတွေလည်း ဝါးချင်မပေါ့။ မရဘူးတဲ့ဗျား။ ဆေးရုံတစ်ရုံမှာ တကယ်ဖြစ်နေတာကို ပြောတာနော်။ လူနာတွေက ခိုးဝါးကြရော (ကွမ်းယာ)။ ဆေးရုံ အုပ်ဆရာဝန်ကြီးက အဲဒီလူနာဆောင်တာဝန်ခံ သူနာပြုဆရာမကြီး၊ စစ္စတာကြီးကိုပေါ့ဗျာ။ ဒဏ်ရိုက် လိုက်ကရော။ ထုံးစံအတိုင်းပေါ့ဗျာ၊ စစ္စတာကြီးက လူနာတွေကို မဲပါလေရော။ မနက် အလုပ်ထဲရောက်တာနဲ့ တွေ့သမျှလူနာ လျှာ ထုတ်ခိုင်းတဲ့နည်းနဲ့ စစ်တော့တာပါပဲ။ အချဉ်ကြိုက်ရှာတဲ့ ဘသားချော လူနာတစ်ယောက်ခမျာ မက်မန်းသီးလေးစား ထားမိပါတယ်၊ လာခဲ့….လျှာနီနေတယ် ဆိုပြီး ချီးခန်းထဲထည့်၊ သော့ခတ်၊ ဒဏ်ပေးလိုက်ပါလေရော။ ချီးခန်း ဆိုတာ က အိမ်ရှင်တွေမလာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းရှာတဲ့လူနာတွေ၊ မစင်အညစ်အကြးတွေနဲ့ ပေလူးနေတဲ့ လူနာတွေထားတဲ့ အခန်းပေပေါ့ခင်ဗျာ။

လူနာတွေများ အဲဒီစစ္စတာကြီးကို နံမည်ပြောင် ပေးထားကြသဗျ။ “ဒေါ်လျှာ ထုတ်” ပါတဲ့။ အဲဒီလိုလုပ်ကြတော့ မဟာကွမ်းယာစီမံကိန်းကြီး အောင်မြင်တယ်ထင်ပါသလား။ အောင်မြင်တာပေါ့ ခင်ဗျာ၊ အောင်မြင်သွားတာပေါ့။ ကွမ်းခိုးရောင်းတဲ့သူတွေ ၂ဝဝ တန်ကို မြန်မာငွေ ကျပ်တစ်ထောင်နဲ့ အရောင်းအဝယ် ဖြစ်ကုန်ကြပါသဗျား။ ဘယ်လိုသွင်းလဲ၊ ဟုတ်လား။ ထောင်ထဲတောင် ပိုက်ဆံ ရအောင်၊ ပစ္စည်းတွေရအောင် သွင်းနိုင်ကြတာဗျာ။ ဖလိုက်ပေါ့ဗျ။ ဖလိုက် ဆိုတဲ့ ဝန်ထမ်း လူယုံမွေးပြီး လေယာဉ်ပျံလို လုပ်သွင်းသွားတော့တာပေါ့။ လူဗျ လူ၊ ပါးစပ် ပါတာကိုး။ ဝါး တတ်ပါသလေ။

အမျိုးမျိုးပါပဲ ဆိုမှဗျာ၊ အမျိုးမျိုးပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts