သူတို့အာဘော် မောင်ရစ်

မောင်ရစ် – တပ်မတော်သည် အမျိုးသားရေးကို သစ္စာမဖောက်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

မောင်ရစ် – တပ်မတော်သည် အမျိုးသားရေးကို သစ္စာမဖောက်

(မိုးမခ၊ အယ်ဒီတာ့လက်ရေး) အောက်တိုဘာ ၁၅၊ ၂၀၁၅

ဒီအာဘော်ကို မိုးမခမဂ္ဂဇင်း နိုဝင်ဘာလထုတ်မှာ ဖော်ပြဖို့ ရေးပါတယ်။ စာအုပ်က လဆန်းမှာ စောထွက်လေ့မရှိဘဲ လဆန်းပြီး ၁၀ ရက်လောက်မှ ထုတ်နိုင်တော့ သည်စာကို ပုံနှိပ်အဖြစ် ဖတ်နေရချိန်မှာ ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားတဲ့ အချိန်ကျော်မှလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမတိုင်ခင် အချိန်မီ ထွက်တဲ့အချိန်မှာ ဖတ်နေရတာလည်း ဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ သည်စာကို ဖတ်နေရပြီဆိုရင်တော့ မြန်မာပြည်တ၀ှမ်းလုံးက မျှော်လင့်စောင့်စား အားခဲခဲ့ကြတဲ့ ရွေးကောက်ပွဲကြီး အခြေအနေကောင်းလို့၊ တိုင်းပြည်ကြီးကိုယ်တိုင်လည်း မမျှော်လင့်တဲ့ အရှုပ်အထွေးတွေ မပေါ်ပေါက်လို့၊ စာနယ်ဇင်းနဲ့ မီဒီယာတွေလည်း ပုံမှန်ထွက်မြဲ ထွက်နေဆဲမို့လို့ ဆိုပြီး ကောက်ချက်ဆွဲနိုင်ပါတယ်။ မဟုတ်လို့ကတော့ စာအုပ်တွေ စာစောင်တွေ မထွက်နိုင်ကြတော့ဘူး ဆိုတဲ့သဘော၊ အခြေအနေအလှည့်အပြောင်း တခုခု ဖြစ်သွားပြီလို့ ဆိုရတော့မှာပေါ့ ခင်ဗျာ။

 

မြန်မာပြည်မှာ ရွေးကောက်ပွဲကြီးတခု အနှောက်အယှက် အတားအဆီး အကန့်အသတ်တွေ ကျော်လွှားပြီး ဖြစ်မြောက်ဖို့ဆိုတာ အလွန်အရေးပါတာ ကလား။ ဒီရွေးကောက်ပွဲဟာဖြင့် ပြည်သူတွေရဲ့ အသည်းကြားက မဲတပြား တိကျမှန်ကန်စွာ မဲပုံးထဲကို ရောက်၊ မဲပုံးထဲကနေ စစ်မှန်သော ရေတွက်မှု ရလဒ်အဖြစ် စိစစ်မှတ်တမ်းတင်ခြင်း ခံယူ၊ ပြီးတာနဲ့ တရားမျှတ လွတ်လပ်သော ရွေးကောက်ပွဲ၏ ရလဒ်အဖြစ် မော်ကွန်းတင်ထုတ်ပြန်ကာ ပြည်သူအများ အမှန်တကယ် ရွေးချယ်တင်မြှောက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တိုင်းပြည်အနှံ့ ပေါ်ပေါက်ထွက်ပေါ် မွေးဖွား မီးရှူးသန့်စင်ခြင်းဖြင့် အဆုံးသတ်နိုင်ရေး၊ ငြိမ်းချမ်းစွာဖြင့် တိုင်းပြည်အနာဂတ် အဆုံးအဖြတ် ဖော်ထုတ်ခြင်း၊ အားလုံးသော ပြည်သူတို့က လှိုက်လှဲကြည်ဖြူစွာ နာယူ လက်ခံခြင်းတို့ အဆင့်ဆင့် ဖြတ်သန်းကြတော့မှာကိုးလေ။

 

အဲသည်ရွေးကောက်ပွဲကျင်းပခြင်း အဆင့်ဆင့်ဖြတ်ကျော်နိုင်ရေးမှာ ပြည်သူအားလုံးရဲ့ မျက်နှာတွေ မူရာ အာရုံစူးစိုက် အားကိုးရာကား … ဘယ်သူ ဘယ် အဖွဲ့အစည်းများပါနည်းလို့ ကြည့်လိုက်တော့ ကျနော့်အထင်ကတော့ တပ်မတော်ကြီးပင် ဖြစ်ပါတော့သည်တကားလို့ ဆိုလိုက်ချင်တာပါပဲ။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်လို့ ဆိုထားလေတော့ အဆိုပါ ရွေးကောက်ပွဲဖြင့် နိုင်ငံတော်၏ အုပ်ချပ်ရေး၊ ဥပဒေပြုရေး အာဏာလွှဲပြောင်းရေး ဖြစ်စဉ်မှာ ငြိမ်းချမ်းစွာ တရားမျှတ တိကျ မှန်ကန်စွာ ဖြစ်ပေါ်နိုင်ရေးအတွက် တပ်မတော်ကြီးသာလျင် ပြည်သူတွေဖက်က မားမားမတ်မတ်ရပ်တည်ပြီး ရွက်ဆောင်ပေလိမ့်မည်လို့ ဆိုရပါလိမ့်မယ်။

 

လွန်ခဲ့တဲ့ ၅ နှစ်မှာ အာဏာရ အစိုးရနဲ့ ရွေးကောက်ခံလွှတ်တော်တို့တတွေနဲ့  ပြည်သူတွေ အတိုက်အခံတွေ တက်ကြွလှုပ်ရှားသူတွေနဲ့  အကြိမ်ကြိမ် အခါအခါ ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ကြတာ အားလုံးအသိပါပဲ။ အဲသည်ဖြစ်စဉ်တွေမှာ တပ်မတော်၊ ပြည်သူ့ရဲ၊ လုံခြုံရေးတပ်ဖွဲ့တွေက နောက်ဆုံးမှာ ၀င်ရောက် ဖြေရှင်း နှိမ်နှင်း အဆုံးအဖြတ်ပေးခဲ့ရတဲ့ အကြိမ်တွေလည်း မနည်းလှဘူးဆိုတာ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ လုံခြုံရေးတွေက အကြမ်းဖက် ဖြေရှင်း ဖမ်းဆီးပြီးနောက် တရားစီရင်ရေးကဏ္ဍနယ်ပယ်မှာ ထိန်းသိမ်း ချုပ်နှောင် ဖမ်းဆီး တရားရင်ဆိုင် ပြစ်ဒဏ်ခံ ဖြေရှင်းနေရတာတွေလည်း မနည်းလှပါဘူးနော်။ သည်တော့လည်း မပြေးသော်လည်း ကန်ရာရှိဆိုသလို အခုရွေးကောက်ပွဲကြီးမှာ ပွတ်တိုက်မှုလေးများ၊ ပွတ်တိုက်မှုကြီးများသာ ဖြစ်ပွားခဲ့မယ်ဆိုရင် တပ်မတော်ကသာလျင် တိုင်းပြည်ရဲ့ အမျိုးသားရေးကို ဦးလည်မသုံ ထမ်းဆောင်နေကြ အတွေ့အကြုံ ရင့်ကျက်သူဖြစ်တာမို့ ၀င်ရောက်ဖြေရှင်း ထိန်းသိမ်း လမ်းပြဆောင်ပေးမယ်ဆိုတာ သေချာလှတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ် ခင်ဗျာ။

 

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတုန်းကလည်း မဆလတပါတီအာဏာရှင်တွေက အာဏာလက်မလွှတ်ချင်ဘဲ တပါတီနည်းနဲ့ ပြောင်းလဲပြုပြင်ရေးလုပ်မယ်လို့ အစွဲကြီးခဲ့ကြတာကြောင့် တပ်မတော်ကြီးကပဲ ၀င်ရောက်ထိန်းသိမ်းခဲ့ရတာပါ။ သည်လိုနဲ့ မဆလတွေလည်း တဆညအသွင်ပြောင်းပြီး ပါတီစုံရွေးကောက်ပွဲထဲ တပ်မတော်ရဲ့ စိတ်တိုင်းကျ ၀င်ရောက်ခဲ့ရပါတော့တယ်။ 

 

၁၉၉၀ ပါတီစုံရွေးကောက်ပွဲကြီးမှာလည်း အတိုက်အခံ အင်န်အယ်ဒီပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်းပဲ စနစ်တကျ အာဏာလွှဲပေးရန် အခြေခံဥပဒေကောင်းကောင်း မရှိတာကြောင့် တပ်မတော်ကပဲ ဆက်တာဝန်ယူပြီး စစ်ကောင်စီကနေ အစိုးရဆက်ဖွဲ့ပြီး ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲသည် အနှစ် ၂၀ ကျော် ကာလမှာ တိုင်းပြည်အရေး ဆက်လုပ်ချင်ကြတဲ့ တပ်မတော်က လူကြီးတွေကို အဆင့်ဆင့် အနားယူစေပြီးတော့ စနစ်တကျဖြစ်လာမယ့် ပြည်ခိုင်ဖြိုးအဖွဲ့ကြီးအဖြစ် အသွင်ပြောင်း လေ့ကျင့်စေခဲ့တာလည်း တပ်မတော်ကြီးပဲ ဖြစ်ပါတယ်။

 

ကဲ … သည်နောက်ပိုင်း ၂၀၀၈ အခြေခံဥပဒေ အုတ်မြစ်ချပြီးနောက် တပ်မတော်ခေါင်းဆောင်ဟောင်းများကို မဆလမှ တဆညသို့ ပြောင်းလဲစေဘိသကဲ့သို့ ပြည်ခိုင်ဖြိုးခေါ် ကြံ့ဖွံ့ပါတီအဖြစ် ရပ်တည်ခွင့်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာ ဖြစ်ပေါ်စေခဲ့တယ် မဟုတ်ပါလား။ အတိုက်အခံတွေကိုလည်း အခြေခံဥပဒေအပေါ် သစ္စာစောင့်သိ ရိုသေစေခြင်း အလေ့အကျင့်များ ပွားများ ကျင့်သုံး ဆောက်တည်စေပြီးသကာလမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဖြတ်သန်းမှု ရယူစေခဲ့ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ထဲ ၀င်မလာသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုတော့ တပ်မတော်ကြီးဟာ ကာလုံ၊ အစိုးရ၊ လွှတ်တော် စတဲ့ မျက်နှစာတွေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေထဲ ကူးပြောင်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေတာ အများ မြင်ကြတဲ့ အတိုင်း ဖြစ်ပါတော့တယ်။

 

ကဲ သည်အတိုင်းသာ ဆိုရင်ဖြင့် အများက မျှော်လင့်အားခဲနေကြတဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ တပ်မတော်ရဲ့ အခမ်းကဏ္ဍ အမျိုးသားရေးတာဝန်ယူမှုက ဘယ်လိုများ ဖြစ်ပါလိမ့်မလဲလို့ တွေးလာမိတာပေါ့ခင်ဗျာ။ အရင်အတိတ်ကာလတုန်းကလို အခြေခံဥပဒေကောင်းကောင်း မရှိတာကြောင့် တပ်မတော်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာအ၀၀ကို ရာနှုန်းပြည့် တာဝန်ယူပြီး တိုင်းပြည်ကြီးကို ပုခုန်းထမ်းခဲ့ရတာ ဖြစ်ပုံရပါတယ်။ အခုတော့ဖြင့် ၂၀၀၈ အခြေခံဥပဒေကောင်းကောင်းရှိပြီ ဖြစ်တာမို့ ကာလုံ၏ အခမ်းကဏ္ဍ၊ အာဏာသုံးရပ်အတွင်း ၂၅% သော တိုက်ရိုက်ခန့်ထားနိုင်သော အခမ်းကဏ္ဍတို့လည်း ရှိ၊ တပ်မတော်ကထွက်ပြီးသော်ငြား အမျိုးသားရေးတာဝန်ကို ဆက်ထမ်းဆောင်လိုဆဲ စစ်အုပ်စုမျိုးဆက်ဟောင်းကြီးတွေအတွက် နိုင်ငံရေးပါတီတွေ (တဆညမှသည် ကြံ့ဖွှံ့၊ ၎င်းနောက် အစုံစုံသော အမျိုးသားရေးပါတီများ) ကလည်း ရှိနေပြီဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲကြီးသာ လျောလျောလျူလျူပြီးလို့ မည်သို့သော အနိုင်ရလဒ်တွေ ထွက်ပါစေ တပ်မတော်သည် အမျိုးသားရေးတာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ဆိုတာ ဆက်မလုပ်ချင်လို့ပါဆိုပြီး ငြင်းကာမှသာ ငြင်း၊ သူတို့အတွက် ရှောင်လွှဲလို့မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။

 

တပ်မတော်ကြီးခင်ဗျား … တို့တာဝန်အရေး ၃ ပါးတို့၊ ဘာတို့နဲ့ အညီ အရင်တုန်းက ကြွေးကြော်သံအတိုင်း ‘အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်’ ပဲ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးကို စောင့်ရှောက်ကာကွယ် အားပေးတော်မူပါ။ ပြည်ခိုင်ဖြိုးတို့ ဘာတို့ဆိုတဲ့ ပါတီနိုင်ငံရေးတွေကိုလည်း စွက်ဖက်ပါဝင်ခြင်း မရှိ ခပ်ကင်းကင်းနေပြီးတော့သာ အမျိုးသားရေးကို ဆောင်ရွက်တော်မူပါ။ 

 

အော် ဒါနဲ့ မေ့တော့မလို့။ အမျိုးသမီးအရေးကတော့ မျိုးစောင့်တွေ တာဝန်ထားလိုက်ပါလေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts