Poems

ခ က် ဦး – မဲ လှ န့် သံ

ခ က် ဦး – မဲ လှ န့် သံ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၅

မည်းလွန်လွန်းလို့
အမည်းစက်ထပ်စွဲတောင်
မည်းရာမထင်တော့သူတွေ
ဆက်၍ ဆက်၍ မည်းလိုက်ကြ
မဲသံကြား သူတို့မဲနေကြ

ညစ်ရင်းပုတ်ရင်းကုတ်ရင်းပက်ရင်း
နက်နက်လာတဲ့ အသံတွေ
မည်းမည်းလာတဲ့ မျက်နှာတွေ
မဲဟေ့ဆို သဲသဲမဲမဲ
မဲသံကြား သူတို့မဲနေကျ

အမဲဖျက်တော့မလို
မဲရှိရာဆီလိုက်ရင်း မည်းကြ
စည်းလွတ်ဝါးလွတ် မည်းကြ
အခွင့်အခါရနေတော့သလိုမည်းကြ
မဲသံကြား သူတို့မဲနေကျ

အမည်းကဲလေ အဖြူဖွေးလေ
အမည်းတောနက်လေ
အဖြူဆီအသွား ပိုလမ်းပေါက်လေ မည်းအားမကုန်သရွေ့မည်းသာမည်းကြ
မဲသံကြား သူတို့မဲနေကျ

ထိုင်ခုံ မဲတုန်းက
မည်းမည်းမြင်ရာရိုက်လှဲ
မည်းမည်းမြင်ရာပစ်ချ
မည်းမည်းမြင်ရာဆွဲသွင်း
မဲချိန်ကျမှ မဲမဲမဲမဲ မြည်သံစွဲ
လက်သည်းအသာဝှက် ပြန်ချဉ်းကပ်လာ

အမည်းပျောက်မှ အဖြူတွေ့မယ်
အမည်းစဲမှ အဖြူသည်းမယ်
အမည်းကွဲမှ အဖြူမြဲမယ်
အဖြူရှိရာ မဲတွေအားကုန်ပစ်ပေါက်လို့
အဖြူရှိရာ မဲတွေဖြည့်တင်းလို့
ကဲ လာဟေ့
အမည်းမိုးသည်း မဲမှာစဲအောင်
အမည်းတွေ မဲမှာချုပ်အောင်
အမည်းမိုးယံထက် အဖြူစွဲအောင်
ယုံကြည်သူတွေရဲရင့်
အလင်းတံခါး စုံညီဖွင့်ကြစို့

ခက်ဦး
၉ . ၁၀ . ၂၀၁၅

illustration : Toni Demuro

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts