ဓာတ်ပုံသတင်း

“လက်ပံတန်းကျောင်းသားနှင့် ဝန်းရံပြည်သူများ အကြမ်းဖက်ဖြိုခွင်းခံရခြင်း ၇ လပြည့်သတင်းစာရှင်းလင်းပွဲကျင်းပ” (သွန်းခ)

 “လက်ပံတန်းကျောင်းသားနှင့် ဝန်းရံပြည်သူများ အကြမ်းဖက်ဖြိုခွင်းခံရခြင်း ၇ လပြည့်သတင်းစာရှင်းလင်းပွဲကျင်းပ” (သွန်းခ)
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၅
 
 မြန်မာနိုင်ငံ၊ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသားပညာရေးဥပဒေဆန့်ကျင်ခဲ့ကြသည့် သပိတ်မှောက်ကျောင်းသူ ၊ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား အကြမ်းဖက်နည်းဖြင့်ဖြိုခွင်းခံခဲ့ရခြင်း ၇ လ ပြည့်သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ အမှတ်(၅၆၁)၊ ကုန်သည်လမ်း၊ MCA Tower ၊ ၁၁လွှာရှိ ဖန်တီးရာခန်းမ တွင် အောက်တိုဘာ ၁ဝ ရက်၊ မနက် ၁ဝ နာရီ၊ ၁ဝမိနစ် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲသို့ Fortify Rights, International Human Rights Clinic, Justice Trust, ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တရားလွှတ်တော်ရှေ့နေများ ၊နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ မတရားဖမ်းဆီးခံကျောင်းသူကျောင်းသားများ၏ မိဘများ ၊ပြည်တွင်းသတင်းမီဒီယာများ ၊နိုင်ငံရေးစိတ်ဝင်စားကြသူများ ၊နိုင်ငံရေးပါတီအချို့နှင့် လေ့လာသူ ရဟန်းရှင်လူ ဦးရေ ၂ဝဝ ကျော် တက်ရောက်ခဲ့ကြပါသည်။ 

 

 

အခမ်းအနားစတင်ရာတွင် ပညာရေးသပိတ်စစ်ကြောင်း ချီတက်လာခဲ့ပုံ၊ အကြမ်းဖက်နှိမ်နင်းခံခဲ့ရပုံများအား ဗွီဒီယိုမှတ်တမ်းဖြင့်ပြသခဲ့ပါသည်။ အခမ်းအနားတွင် အခမ်းအနားမှုးအဖြစ် ဗကသအဖွဲ့ဝင်ဟောင်း ကိုသွင်လင်းအောင်မှဆောင်ရွက်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုအောင်နေပိုင်က အဖွင့်အမှာစကားပြောကြားသွားခဲ့ပါသည်။ 

 ဆက်လက်၍ Fortify Rights နှင့် Harvard Law School International Human Rights Clinic တို့ပူးပေါင်းပြီး အကြမ်းဖက်ခြင်းနှင့်ပတ်သက်၍ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ထားပါကြောင်း၊ အဆိုပါအစီရင်ခံစာသည် လက်ပံတန်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင်သက်သေပေါင်းများစွာ၊ ဗွီဒီယိုအခွေပေါင်းများစွာပေါ်တွင်  အခြေခံပြီး ပြုစုရေးသားထားခြင်းဖြစ်ပါကြောင်း မိတ်ဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားသွားခဲ့ပါသည်။ အစီရင်ခံစာနှင့်ပတ်သက်ပြီး Fortify Rights အဖွဲ့မှ ဦးဆောင်ညွှန်ကြားရေးမှုး Amy Smith မှရှင်း လင်းပြောကြားခဲ့ပါသည်။

 

Amy Smith မှ ပြီးခဲ့သည့်ကိစ္စတွင် ဘာတွေဖြစ်ခဲ့သည်ဆိုသည်ထက် ဘာတွေလုပ်ပေးခဲ့ ပြီးပြီ၊ ဘာတွေလုပ်ပေးနိုင်ဦးမလဲဆိုတာ ဝိုင်းစဉ်းစားသွားကြမည်ဖြစ်ကြောင်း၊ ယခုနိုင်ငံတကာအသိုင်းအဝိုင်းအား အဖြစ်အပျက်အမှန်အတိုင်း သိမြင်အောင်ကြိုးစားနေပါကြောင်း၊ တာဝန်ရှိသူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားနိုင်ရန် ဆက်လက်ဖော်ထုတ်သွားဦးမည်ဖြစ်ပါကြောင်း ပွဲတက်ရောက်ကြသူများထဲမှ မေးခွန်းထုတ်သူ ပြည်သူများအား ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့ပါသည်။ 

 

 

ဆက်လက်၍ Harvard Law School International Human Rights Clinic မှ Lead author and Researcher Mr.Matthew Bugher မှလည်း အစီရင်ခံစာနှင့်ပတ်သက်သည့် မေးခွန်းအချို့အား ဖြေကြားသွားခဲ့ပါ သည်။ 

 

 

 

 အမေးအဖြေကဏ္ဍ ခေတ္တရပ်နားခဲ့ပြီး Justice Trust မှ Mr.Roger Normand၊ တရားလွှတ်တော်ရှေ့ နေများဖြစ်ကြသည့် ဒေါ်ခင်မိုးမိုး၊ ဒေါ်ခင်ခင်ကျော်၊ ကျောင်းသူကျောင်းသား မိဘများဖြစ်ကြသည့် ဒေါ်လီလီထွေး၊ ဒေါက်တာနေဝင်း(Medical Issue/Judiciak Bias)၊ ဦးထွန်းဦး (တရားမျှတမှု ဖော်ဆောင်ရေးကော်မတီ)တို့မှ တရား ဥပဒေပိုင်းဆိုင်ရာတွေ့ရှိချက်အလွဲများနှင့် ပတ်သက်၍သော်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ သုံးသပ်ချက်များ အားလည်းကောင်း၊ ကျောင်းသားမိဘများနှင့် တရားလွှတ်တော်ရှေ့နေများ၊ ဝန်းရံပြည်သူများ ပူးပေါင်းပြီး ရှေ့ဆက် ပြုလုပ်သွားမည့် လုပ်ငန်းစဉ်များအားလည်းကောင်း အသီးသီးဆွေးနွေးသွားခဲ့ကြပါသည်။
 မကြာသေးမီက မန္တလေးတွင်စီရင်ချက်ချခံခဲ့ရသည်နှင့် ပတ်သက်ပြီး မီဒီယာများအနေနှင့် မေးခွန်းများ အား လတ်တလောကြုံတွေ့ထားခဲ့သူ ဦးအောင်ဆန်းဝင်းမှ ဆက်လက်ဖြေကြားသွားခဲ့ပါသည်။ ဖေါ်ပြပါသတင်းစာရှင်းလင်းပွဲအား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ Fortify Rights၊Harvard Law School International Human Rights Clinic ၊ Justice Trust ၊ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတို့ဖြင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု သိရှိခဲ့ရပါသည်။
 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts