သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ‘ဒီမိုကရေစီ’ မှတပါး အခြားမရှိ

ငြိမ်းချမ်းအေး – ‘ဒီမိုကရေစီ’ မှတပါး အခြားမရှိ
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၅

ကျနော်ဟာ တိုင်းပြည်တဝှမ်း မြို့နယ်ကျေးရွာများက ကလေးသူငယ်အများစုလိုပဲ ဘုန်းကြီးကျောင်းက စာသင်ကျောင်းမှာ စာသင်ခဲ့ရတယ်။  သံဃာသြဇာကြီးမားတဲ့ ရပ်ရွာလူမှုအဖွဲ့အစည်းကို ကလေးဘဝကတည်းက အသားကျ ပျော်ဝင်ခဲ့တယ်။  ဆရာတော် ဘုန်းဘုန်းများ ကြီးကြပ်တဲ့ ဘုရားပွဲ၊ ဘောလုံးပွဲ၊ ဘော်လီဘောပွဲ အားကစားပွဲတွေကို ဖြတ်သန်းခဲ့ရတယ်။  တိုင်းပြည်မှာ ဘာသာရေးအလုပ်၊ သံဃာအစုအဖွဲ့အစည်း အခန်းကဏ္ဍတွေရဲ့ လူမှု-စီးပွား-ကျန်းမာ-ပညာ အပေါ်အကျိုး ကျေးဇူးကြီးမားပုံကို ထဲထဲဝင်ဝင် ဘဝအသိ၊ စာအသိ၊ ပညာအသိနဲ့ နားလည်လက်ခံ ကျေနပ်ပီတိ ဖြစ်တတ်သူပါ။  ဒီနေရာ မှာ သံဃာတွေရဲ့ နိုင်ငံရေး အခန်းကဏ္ဍကောဆိုတဲ့ မေးခွန်းမေးစရာ ရှိလာပါတယ်။

လွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုအဖြစ် ဦးဥတ္တမ၊ ဦးဝိစာရ ခေတ်ကတည်းက နိုင်ငံ့အရေးမှာ သံဃာတွေ ဦးဆောင် အသံထွက် လှုပ်ရှားခဲ့ကြတာ၊ စစ်အစိုးရအဆက်ဆက် အဖိနှိပ်ခံ လူထုဘက်ကရပ် အာဏာရှင်ကို အန်တုခဲ့ကြတာ မြန်မာ ပြည်ရဲ့ အစဉ်အလာ ဓလေ့ အဖြစ် ဖြစ်ကြောင်းကို ဘယ်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ သဘောတူတူ၊ မတူတူ သမိုင်းမှတ် တိုင်များအဖြစ် ထင်ကျန်ခဲ့ပြီးသား၊ ဖျောက်ဖျက်လို့ မရပါ။

ဒါဆို အခု အမျိုးသားရေးသံဃာတချို့ ဦးဆောင်လှုပ်ရှားနေတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး (မ-ဘ-သ) အဖွဲ့အစည်းကြီးရဲ့ ဥပဒေပြုလွှတ်တော်ကနေ အာဏာနိုင်ငံရေးမဲဆွယ်ပွဲအဆုံး စာနယ်ဇင်းကဏ္ဍမကျန် တောရောမြို့ပါ နေရာအနှံ့ လူ့အရေးအရာတွေကို ဝင်ရောက် စီမံညွှန်ကြားနေမှုတွေ အတွက်လည်း လက်သင့်ခံမလားဆိုတာ စဉ်းစား ဆင်ခြင်ကြည့်ရအောင်ပါ။

အခုဆိုရင် မ-ဘ-သ စတင်ဆော်သြခဲ့တဲ့ မျိုးစောင့်ဥပဒေတွေကို အစိုးရဘက်က ရွေးကောက်ပွဲ ကာလနဲ့ အချိန်ကိုက် အတည်ပြု အသက်သွင်းပေးခဲ့ပြီးပြီ။  အမျိုးသားရေးသံဃာများကလည်း သြဇာကြီး ဆရာတော်ကြီးတချို့ပါ ပါလျက် မျိုးစောင့်ဥပဒေအတည်ပြုနိုင်မှု အောင်ပွဲခံမှုနဲ့အတူ နိုင်ငံအနှံ့ ပေါ်ပေါ်ထင်ထင်ပဲ အမျိုး၊ ဘာသာ၊ သာသနာ စကားအလှ ခေါင်းစဉ်အသုံးချ အာဏာနိုင်ငံရေး အတွက် မဲဆွယ်ပေးနေပါပြီ။  ‘ဒီမိုကရေစီအရောက် သာသနာ အပျောက်’ ပုံဖော်လိုတဲ့ စစ်အာဏာရှင်စနစ်ဝါဒမှိုင်း အတိုင်း သံတူထွက်ကာ မျိုးစောင့်ဥပဒေတွေကို ကန့်ကွက်ခဲ့တဲ့ ပါတီကို မဲမပေးနဲ့၊ အမျိုးသားရေးအတွက် ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်မယ်၊ လူထုဟာ မ-ဘ-သ သြဝါဒနဲ့အညီ အမျိုးသားရေး အလေးထား မဲပေးရမယ် ဆိုပြီး ရေဒီယို လေလှိုင်းမှာ၊ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ၊ စာနယ်ဇင်း မဂ္ဂဇင်းဂျာနယ် စာစောင်တွေမှာ၊ ရပ်ထဲရွာထဲမှာ ကျယ်ကျယ်လောင် ကြားနေ၊ ထင်ထင်ရှားရှား မြင်တွေ့နေရပါပြီ။

ဒီဖြစ်စဉ်ဟာ မျက်မှောက်နဲ့ အနာဂတ် မြန်မာ့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ ဥပဒေပြုရေး၊ စီးပွားရေး စတဲ့ ကဏ္ဍကြီးတွေကို ကြီးမားတဲ့ ရိုက်ခတ်မှု အဆိုး၊ အကောင်းသက်ရောက်မှု ရှိပါတယ်။  ဒါကြောင့် လူသာမန်လူအများ မြော်မြင်တွေးဆနိုင်ဖို့ အကျယ်ဆွေးနွေးချင်ပါတယ်။

■ ဒီမိုကရေစီနဲ့ အမျိုး ဘာသာ သာသနာ ရန်သူမဟုတ်ပါ
ဒီမိုကရေစီဝါဒကို အရင်လေ့လာ သိမှတ် စိတ်အခြေခံမှာ သဘောပေါက် စွဲမြဲ ခံယူ ဆင်ခြင်ကြည့်ပါ။  ဘုရားအဆုံးအမ၊ ဘာသာတရား ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီနေကြောင်း တွေ့ရပါမယ်။  ဒီလို သဘောတူနှစ်မျိုးဟာ ဘယ်လိုနည်းနဲ့မှ ရန်သူ မဖြစ်နိုင်ပါ။  တစ်ခု မရှိမှ တစ်ခု ရပ်တည်နိုင်မယ့် သဘောလည်း လုံးဝမဆောင်ပါ။  ဒီမိုကရေစီအလေ့အကျင့် အလေ့အထ အတွေးအခေါ်တွေ တိုင်းပြည်မှာ ရှင်သန် အမြစ်တွယ်လေ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဖွံ့ဖြိုးတိုးတက် ချမ်းသာ ကမ္ဘာမှာ လူစဉ်မီ လူတမ်းစေ့ တန်းဝင်လေ ဖြစ်ကာ ကိုယ့်ဘာသာ သာသနာ ကိုယ့်ယဉ်ကျေးမှုများ နိုင်ငံတကာကို ထိုးဖောက် လွှမ်းမိုးနိုင်လာမှာ ဖြစ်ပါတယ်။  ဒီလို ကမ္ဘာ့အဆင့် ကျယ်ပြန့်လွှမ်းမိုးလာနိုင်ရင် ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ လည်း ကွယ်ပျောက်လမ်း မမြင် ခိုင်မာ တိုးပွားဖို့သာ ရှိပါတယ်။

■ ‘ဒီမိုကရေစီ’ ဆိုတာ ဘာလဲ
ဒီမိုကရေစီ သဘောတရားအရ ကိုယ်နေထိုင်တဲ့တိုင်းပြည်ကို နိုင်ငံသား လူထုအများက ပိုင်ပါတယ်။  ‘ဘုရင်’ မပိုင်၊ ‘မင်းဆရာ ဘုန်းကြီး’ မပိုင်၊ ‘ဘုရားကျောင်းတော်’ ကလည်း မပိုင်ပါ။  ဒီအများပိုင် တိုင်းပြည်ကို လူထုအင်အားနဲ့ အုပ်ချုပ်ပါ တယ်။  ပြည်သူအများအကျိုး ဆောင်ရွက်ဖို့ ပြည်သူအများက ခိုင်းစေနိုင်ဖို့၊ တိုင်းပြည်ရေးရာတွှေကို စီမံခန့်ခွဲအုပ်ချုပ်ဖို့၊ လူထုအကျိုးကာကွယ်သယ်ပိုးပေးမယ့် ဥပဒေတွေပြုဖို့ကို လူထုက အများဆန္ဒခံယူ လူပုဂ္ဂိုလ်တချို့ကို ရွေးချယ်တင်မြောက် ပါတယ်။  ရွေးချယ်ထားတဲ့လူတွေ တာဝန်မကျေရင် လူထုက ပြန်လည် ဖြုတ်ချပါတယ်။  သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ် တော်အမတ်ကနေ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး အထိ အားလုံးဟာ လူထုရဲ့ တာဝန်ကို ထမ်းနေရတဲ့ ပြည်သူ့ဝန်ထမ်း လူထုကိုယ်စားလှယ်တွေသာ ဖြစ်ပါတယ်။

ဒီလို လူထုက အရှင်သခင် မဖြစ်ရဘဲ လူတစုက လက်နက်အားကိုးနဲ့ အာဏာကို သိမ်းပိုက် စိတ်ကြိုက် မင်းမူအုပ်ချုပ်ကာ လူထုကို ကျေးကျွန်သဖွယ် ချနင်း၊ ရန်သူသဖွယ် ဖိနှိပ်ရင်း ပြည်သူ့အကျိုးစီးပွား၊ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစားလုပ် လက်ဝါးကြီးအုပ် ရှေရှည် အသက်ဆက်အုပ်ချုပ် နိုင်ဖို့ရာ ဘာသာရေးကိုအသုံးချ သာသနာပိုင် ဆရာတော်ကြီးများကို အကာအကွယ်ယူရင် ဒါဟာ သက်ဦးဆံပိုင် ရှေးဘုရင်စနစ်၊ အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။  ဒီလို ‘အစိုးရဆိုး’မျိုးတွေကိုတော့ မြန်မာ့ဓလေ့မှာ အစဉ်အဆက် ပဒေသရာဇ် ခေတ်ကတည်းက ရန်သူမျိုးငါးပါး စာရင်းထဲသွင်း စက်ဆုပ်ရွံရှာ ဖယ်ကြဉ် ဆန့်ကျင်ကြပါတယ်။

■ ဒီမိုကရေစီစနစ်က ဘာကို အာမခံသလဲ
ဒီမိုကရေစီစနစ်မှာ လူဖြစ်ရင် ဖြူဖြူ၊ မည်းမည်း၊ ညိုညို၊ ပုပု၊ ဝဝ၊ ပိန်ပိန် အပေါ်ယံ အရေပြား အသားအရောင်၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ ပညာတတ် ပညာနည်း လူမှုအလွှာ ဘာဆိုဘာမှ မခွဲခြားမှုကို အာမခံပါတယ်။   လူအချင်းချင်း နှိမ့်ချမှုကို ဆန့်ကျင်ပါတယ်။  အမုန်းတရားမပါ၊ သူတပါး ကို မထိခိုက်ဘဲ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ဟောပြောစည်းရုံး ဆန္ဒထုတ်ဖော် ဖွဲ့စည်း လှုပ်ရှားခွင့်တွေကိုလည်း ပေးထားပါတယ်။

■ ဒီမိုကရေစီစနစ်နဲ့ ဗုဒ္ဓဝါဒကို အပြန်အလှန် ချိန်ထိုးစဉ်းစားကြည့်ပါ
အခု အထက်မှာ အကျဉ်းဆိုထားတဲ့ ခေါင်းစဉ် နှစ်ခုလုံးပါ ဒီမိုကရေစီ သဘောတရားနဲ့ ဗုဒ္ဓဝါဒ ဘာတွေ ဆန့်ကျင် ဝိရောဓိ ဖြစ်နေပါသလဲ စဉ်းစားကြည့်ပါ။ ဘာတချက်မှ မဖြစ်ကြောင်း အဖြေထွက်ပါမယ်။

ဗုဒ္ဓအဆုံးအမမှာ လူသားကို ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားပါဘူး။  ရုပ်၊ နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိကြောင်း ညွှန်ပြထားပါတယ်။  အမျိုး၊ ဘာသာတွေ မခွဲ၊ မရှိပါ။  လွတ်လပ်စွာ တွေးခေါ်မှုကို အာမခံပါတယ်။  ပညာအသိ နားလည်မှု အခြေခံ စဉ်းစားဆင်ခြင်ဉာဏ်ထုတ် မေးခွန်းထုတ်မှုတွေကို အားပေးပါတယ်။  ဗုဒ္ဓဝါဒဟာ ဒီမိုကရေစီဝါဒပါပဲ။

■ အမျိုး ဘာသာ သာသနာ ဘာလဲ
ဗုဒ္ဓဘာသာစာပေကျေးဇူးရှင်ကြီး ဆရာကြီးဦးရွှေအောင်ရဲ့ အမျိုး ဘာသာ သာသနာ အစစ်အမှန် စောင့်ရှောက်နိုင်ရေး အဖိုးတန် စာပေတွေမှာ အမြဲ သွန်သင်ခဲ့ပါတယ်။ ငါ့အမျိုး၊ ငါ့ဘာသာ၊ ငါ့သာသနာ အစွဲအလမ်းမျိုး မထားရ၊ အစွဲတွေ ပြင်းထန်စွန်းရောက် ထားရင်လည်း ဗုဒ္ဓအဆုံးအမ “ဓမ္မ၀ိနယ” နဲ့ မညီကြောင် အခါများစွာ ရေးသားဆုံးမခဲ့ပါတယ်။  ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့သာသနာချည်း ငါစွဲနဲ့ စောင့်ရှောက် ကြီးပွားချင်လို့ မရပါ။

လူမျိုး၊ ဘာသာစွဲကြီးမှုကြောင့် လက်ရှိ လူ့လောကတိုးတက်မှုကို နှောင့်နှေးစေတဲ့ ဘာသာကွဲပြားမှုအပေါ် ဖိနှိပ်ခွဲခြား ဆက် ဆံခြင်း၊ မုန်းခြင်း၊ အကြမ်းဖက်ခြင်း စတဲ့ လူသားဖြစ်တည် ဖွံ့ဖြိုးမှုရဲ့ ရန်သူအတွေးအခေါ် အပြုအမူ အပြောအဆိုတွေကို မည်သည့် အကြောင်းပြချက်နဲ့မျှ  လုပ်စရာမလိုပါ။  လူတစုအာဏာတည်မြဲရေး ရည်ရွယ်ချက်မျိုးနဲ့ ဆိုရင် ပိုလို မလုပ်အပ်၊ မကူအပ်ဘဲ ဆန့်ကျင်ရမှာသာ ဖြစ်ပါတယ်။  ဒါမှသာ ဗုဒ္ဓဝါဒ အမှန် ဖြစ်ပါတယ်။

ဗုဒ္ဓဝါဒအစစ်ဟာ ငြိမ်းချမ်းရေးတရား၊ ကျင့်ဝတ်သီလပိုင်း ကောင်းမွန်စေတဲ့ တရားများကို လက်ရှိဘဝမှာ လက်တွေ့တော် တည့်မှန်ကန်စွာ ကျင့်ကြံပြီး လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုးရှိအောင် ဆောင်ရွက်ဖို့သာ ဖြစ်ပါတယ်။  ဘာသာရေးကို အရင်းတည် လူ့လောကစည်ပင်သာယာရေး အကျိုးအတွက် အသုံးချပြီး တိုင်းပြည်မှာ (ကမ္ဘာမှာ) မတူကွဲပြားမှုတွေ ရှိနေတဲ့ လူသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် စိတ္တ၊ သုခ လောကီချမ်းသာကို ရှာဖွေဖော်ဆောင်ဖို့သာ ဖြစ်ပါ တယ်။

ဒါဟာ မြတ်ဗုဒ္ဓတရား ရတနသုတ်ပါ ကိုယ်ကျိုးစင်စစ်၊ ဘုရားဖြစ်စေခြင်းငှာ ကျင့်ကြံခြင်း၊ ဆွေမျိုးဥာတိ၊ အမျိုးတူ သတ္တဝါ တွေရဲ့ သူ့ အကျိုးကို ဆောင်ခြင်း တွေထက် ရှေ့က ဦးစားပေးတင် ဟောကြားတော်မူခဲ့တဲ့ လူသားမျိုးနွယ်အကုန် သက်ရှိ၊ သက်မဲ့ သတ္တဝါ အားလုံး၊ ရေ၊ မြေ၊ လေ၊ တောတောင်၊ သမုဒ္ဒရာ၊ သဘာဝ၊ သတ္တလောကဓာတ် တခုလုံးရဲ့ အကျိုး ကိုဆောင်ခြင်း (ဝါ) လူ့လောက အကျိုးကိုဆောင်ခြင်း လည်း မည်တယ်။  ဒါဟာ သံသရာ ကင်းလွတ် တဏှာကုန်ဆုံး ငြိမ်း သက်ရာ နိဗ္ဗာန်အတွက် အသင်္ခတ ဓမ္မအစစ်အမှန်ကို ကျင့်ကြံအားထုတ်ရင်း လက်ရှိဘဝမှာပါ လူသားအားလုံး အကျိုးမဲ့ ခံစားရမှု ဒုဂ္ဂတိဘုံနဲ့ဝေးပြီး အကျိုးရှိ စံစားရမယ့် သုဂတိဘုံ လောက နိဗ္ဗာန်ကိုတွဲလျက် ဖော်ဆောင် အမျိုး၊ ဘာသာ၊ သာသာန အစစ်အမှန် တည်ဆောက်ခြင်းလည်း မည်ပါတယ်။

■ ဗုဒ္ဓဘာသာဝင် အများစုရှိပြီး အမှန်တကယ် ဂုဏ်ယူဝံ့ကြွားနိုင်တဲ့ တိုင်းပြည် ဖြစ်ခဲ့ပါရဲ့လား
ဗုဒ္ဓဘာသာစည်ပင်နေတယ်၊ တိုးပွားနေတယ် ကျနော်တို့ တိုင်းပြည်မှာ အမှန်တကယ် ဆိုနိုင်ပါရဲ့လား။  မျက်မြင်ဘဝတွေကို ကြည့်ပါ။  ဗုဒ္ဓဝါဒ၊ ဗုဒ္ဓအလုပ်တွေ အမှန်တကယ်ကျင့်ကြံ ဆောက်တည်နိုင်ပါသလား။  လက်တွေ့မှာတော့ အယူဝါဒကွဲပြား မှုတွေကို နားလည် လက်ခံ ခန္တီပါရမီ (Tolerance) ရင့်သန် ကျင့်ကြံရမယ်လို့ ဆိုတဲ့ ဗုဒ္ဓဝါဒီအများစုရှိတဲ့ မြန်မာပြည်မှာ အယူအဆ မတူသူဆိုရင် ဗုဒ္ဓ ဘာသာဝင်ချင်းတူတောင်မှ ထောင်ချ ဖိနှိပ်နေတယ်။  ဘာသာ လူမျိုးမတူသူ ပြည်ထောင်စု နိုင်ငံသားတွေကြား ပြည်တွင်းစစ်တွေ ကမ္ဘာ့စံချိန်တင် နှစ်ပေါင်း ခြောက်ဆယ် ကျော် ဖြစ်နေတယ်။  လူမျိုးရေး၊ ဘာသာရေး အခြေခံ ပဋိပက္ခတွေ များနေတယ်။

ဗုဒ္ဓရဲ့ တရားမြတ်ကို ရာစုနှစ်တွေနဲ့ချီပြီး နာကြား ခံယူခွင့်ရခဲ့ကြပေမယ့် အဓမ္မ စစ်ဝါဒီတွေ နှစ်ဆယ်ဂဏန်းလောက်မျှ ဝါဒဖြန့် သွတ်သွင်း ခဲ့တဲ့ ပြင်းထန်စွန်းရောက်တဲ့ အမျိုးသားရေး မျိုးချစ်စစ်၊ တဖက်စွန်းရောက် ဝါဒ၊ အလုပ်တွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းနက် ငြိမ်းချမ်းဖွံ့ဖြိုးချမ်းသာမှုဘက် မလှည့်နိုင်ဖြစ်နေတယ်။  ဒီလိုနဲ့. အစွန်းတရားနှစ်ပါး ကင်းလွတ်တဲ့ မဇ္ဈိမ ပဋိပဒါ အလယ်အလတ်လမ်းစဉ် အလုပ် သီလ၊ ပညာ သမာဓိ အကျင့်များဖြစ်တဲ့ မှန်သောစကား ဆိုခြင်း၊ မှန်သောအပြုအမူ ပြုမူခြင်း၊ မှန်သောအသက်မွေးဝမ်းကြောင်း ပြုခြင်း၊ မှန်သောအမြင် ရှိခြင်း၊ မှန်သောအကြံ ရှိခြင်း၊ မှန်သောအားထုတ်မှု ပြုခြင်း၊ မှန်သော စိတ်သိ၊ အောက်မေ့မှု ရှိခြင်း မှန်သော တည်ကြည်စူးစိုက်မှုရှိခြင်း ဆိုတဲ့ ဗုဒ္ဓရဲ့ အဆုံးအမ အကျင့်လမ်း “မဂ္ဂရှစ်ပါး” ကို လူအများ အမှန်တကယ် ကျင့်ကြံ ဖော်ဆောင်ဖို့ရာဟာ တိုင်းပြည်မှာ ဝမ်း နည်းဖွယ် ဝေးနေရတယ်။  မုသာ ဝါဒ မမှန်စကား အလိမ်အညာ၊ မမှန်အလုပ်၊ မမှန်အသက်မွေးမှု ဒုစရိုက်တွေသာ ကြီးစိုး နေတယ်။  ဘိန်းထွက်မှု ကမ္ဘာ့ထိပ်တန်းနိုင်ငံ၊ လူကုန်ကူးခံရမှုများ၊ ရာဇဝတ်မှုထူပြော အားလုံးသော မကောင်းမှုတွေကို စာရင်းဇယားနဲ့ချ အနည်းဆုံး အိမ်နီးချင်းတိုင်းပြည်နဲ့ပဲ ယှဉ်ကြည့်ကြပါ။ ရင်ဘတ် နှလုံးသား၊ အတွေးအခေါ် ဦးနှောက် ပညာမျက်စေ့တွေဖွင့်ကြည့်ကြပါ။  ရာစုဝက်ကျော်ကြာ စိုးမိုးပြီး တိုင်းပြည်ကို ရုပ်၊ နာမ် နှစ်ခုစလုံး စနစ်တကျ ဖျက်ဆီး ပျက်စီးစေခဲ့ပြီး ဖြစ်တဲ့ ဒီလိုနည်း၊ ဒီလိုစနစ်၊ ဒီလိုအုပ်ချုပ်မှု၊ ဒီလိုလူတွေနဲ့ ကျနော်တို့ စစ်စစ်မှန်မှန် အမျိုး၊ ဘာသာ၊ သာသနာ တည်ဆောက်နိုင်ပါ့မလဲ။

■  အမျိုး ဘာသာ သာသာနာနဲ့ မြန်မာအမျိုးသမီးငယ်တွေကို အမှန်တကယ် လက်တွေ့ အကျိုးရှိ ဘယ်လို ကာကွယ်မလဲ
အမျိုး၊ ဘာသာစောင့်ရှောက်၊ မြန်မာမိန်းကလေးတွေကို လူမျိုး/ဘာသာခြားက ငွေနဲ့ သိမ်းသွင်းနေတာမျိုး ကို ကာကွယ် ချင်ပါသလား။  လူမျိုးရေး၊ ဘာသာရေး အခြေခံ နိုင်ငံရေး မှိုင်းတိုက်နေမှုတွေကို ဆန့်ကျင်ကြပါ။  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တဲ့ လူပ်ရှားမှုတွေ၊ နိုင်ငံရေးခါးအောက်ပိုင်းထိုးမှုတွေကို အားမပေးပါနဲ့။  ဒီမိုကရေစီစနစ်ကို မျက်မှောက်ပြုပြီး တိုင်းပြည်မှာ တည်ငြိမ်၊ အေးချမ်းပြီး လူမှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပါ။  အထူးသဖြင့် တိုင်းပြည်ရဲ့ ရာခိုင်နှုန်းအများစု သူဆင်းရဲမိသားစုက မြန်မာမိန်းကလေးတွေရဲ့ လူမှု-စီးပွား ဘဝတိုးတက်အောင်၊ ပညာ ရေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားပါ။  လူမျိုးစုံ/ဘာသာစုံ အမျိုးသမီးငယ်လေးတွေ လူမှု-စီးပွားအတွက် ဘဝတွေ ရေတိမ်နစ်နေတာကိုသာ စာနာမှုထားပြီး အားလုံးအတွက် လူမှုဘဝ လုံခြုံမှုရအောင် ဖန်တီးပေးနိုင်တဲ့ လူမှု၊ စီး ပွား၊ နိုင်ငံရေးနဲ့ ဥပဒေ အခင်းအကျင်းမျိုး၊ အသိုင်းအဝန်းမျိုး ဖန်တီးနိုင်ဖို့ တောင်းဆို တိုက်ပွဲဝင်ကြပါ။  ဒါမှသာ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာပေါင်းစုံက နိုင်ငံသား မျက်နှာမွဲ လူ့ဆင်းရဲ အမျိုးသမီးငယ်လေးတွေ ငွေကြေးအလို့ငှာ ဘဝတွေ ပေးဆပ် နေရတာတွေ၊ ပြည်တွင်းနဲ့ နိုင်ငံခြားမှာ လိင်အလုပ်သမ၊ အိမ်အကူအဖြစ် လုပ်ကိုင်နေရတာတွေ၊ လူကုန်ကူးခြင်း၊ အိမ်နီးချင်း တိုင်းပြည်တွေကို ဇနီး/မယား အဖြစ် ရောင်းစားခံနေရာတွေ ပပျောက်မှာ ဖြစ်ပါတယ်။

လူထုလူအများ အကျိုးစီးပွားနဲ့ လူမှု၊ စီးပွား၊ ကျန်းမာ ထိခိုက် ပျက်စီးစေတဲ့ လူတစုပိုင် စီးပွားလုပ်ငန်းကြီးတွေ တိုင်းပြည်မှာ ဒုနဲ့ဒေး ဖြစ်ချင်တိုင်း ဖြစ်နေတာကိုလည်း ဆန့်ကျင်ပါ။  ဘယ်သူသေသေ၊ ငတေတွေ မာနေတဲ့ ဒဏ် ပြည်သူအများစုမှာ ခါးစည်းခံနေရတာကို အကာအကွယ်ပေးပါ။  လူထုအများ စီးပွား ပျက်လို့ အကျင့်သီလတွေလည်း လျော့နည်းလာနေရပါပြီ။  ကိုယ်ကျင့်ပျက်ရင် အမျိုး၊ ဘာသာ ပျက်ဖို့ အခွင့်အလမ်းပိုများပါတယ်။  သူတပါး လူမျိုး၊ ဘာသာက ဖျက်လို့ ကိုယ့်လူမျိုး၊ ဘာသာတော့ ပျက်စရာအကြောင်း မရှိပါ။  တကယ် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက် ထိန်းသိမ်းချင်ရင်၊ စည်ပင် ဝပြောစေချင်ရင် ကျယ်ကျယ်ပြန့်ပြန့် အမြော်အမြင် ရှိရှိ စဉ်းစား မျှော်ကြည့်ပြီး ဒီလို လူထု အများ လူမှု၊ စီးပွား ချွတ်ခြုံကျ ဖြစ်စေတဲ့ စနစ်၊ စနစ်ကို ဖန်တီး စံစားနေသူ အုပ်စိုးသူ အာဏာပိုင် လူတစုနဲ့ အပေါင်းအပါး စီးပွားဘီလူးကြီးတွေကိုသာ အလေးထား ဆန့်ကျင်ရမှာဖြစ်ပါတယ်။

■  အာဏာနိုင်ငံရေးအတွက် လူမျိုး၊ ဘာသာကို အသုံးချမှု သတိပြုဆန့်ကျင်ကြပါ
အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်၊  ဒီမိုကရေစီ ဘက်တော်သားများနဲ့ ပြည်သူလူထုအများစုရဲ့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အောင်ပွဲ ပန်းတိုင် ရည်မှန်းချက်နဲ့ အလားအလာကို ကြောက်လန့်တုန်လှုပ်မှုကြောင့် အာဏာဆုပ်ကိုင်လို သူများနဲ့ သူတို့နောက်လိုက် နောက်မြီးဆွဲများဟာ ဒီမိုကရေစီနဲ့ ဘာသာသာသနာ ရန်သူသဖွယ်ဖြစ်အောင် မှိုင်းတိုက်နေပါ တယ်။  အောက်လမ်းနည်းများသုံးနေပါတယ်။   အစွန်းရောက် အမျိုးသားရေး မှိုင်းလုံးတွေ တိုက်၊ တို့မီးရှို့မီးတွေလုပ်နေပါတယ်။  ဘာသာ-လူမျိုးကွဲ လူနည်းစုဝင်တွေကို လွယ်ကူပစ်မှတ် (Easy Target) အဖြစ် တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေစနစ်မကောင်းမှု အစုစုအတွက် အပြစ်ပုံချစရာ (Scapegoat) အဖြစ် အသုံးချ နေပါတယ်။  ဒါကို အခြေခံကျကျ နားလည်ကာ ဒီလို အမျိုး သားရေးဝါဒကို အမည်ခံ တလွဲအသုံးချနေသူကို အထက်မှာ ဆွေးနွေးထောက်ပြခဲ့သလို ဆန့်ကျင်ခြင်းသည်သာ တခု တည်းသော အကောင်းဆုံး အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ခြင်း ဖြစ်ပါတယ်။

■  နိုင်ငံရေးနဲ့ ဘာသာရေး ရောယှက်မှု
အာဏာနိုင်ငံရေးနဲ့ ဘာသာရေး စပ်ယှက်မှုဟာ ကမ္ဘာမှာလည်း လုံးလုံး မကင်းသေးသလို ဘာသာတရား ကိုင်းရှိုင်းလှတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းမှာလည်း သမိုင်းမှာ နက်ရှိုင်း အမြစ်တွယ်ခဲ့သလို အနာဂတ်မှာလည်း ရှိနေဦးမှာပါ။  ဒါကို လျှော့ချဖို့၊ အကောင်းအဖြစ် အသုံးချနိုင်ဖို့တော့ လိုပါတယ်။   လူတစု အကျိုးစီးပွား အာဏာ ကို ကာကွယ်ဖို့ ဘာသာရေးကို အသုံးချမခံ ဘဲ လူအများအကျိုးစီးပွားတည်တံ့အောင် ဦးဆောင်လမ်းညွှန် တိုက်ပွဲဝင်တဲ့ ဘာသာရေးအခန်းကဏ္ဍ ကျယ်ပြန့်လာအောင် သာ သြဇာကြီး ဆရာတော်ကြီးများနဲ့ နောက်လိုက် လူအများ ပူးပေါင်း ဗုဒ္ဓဝါဒနဲ့ အညီ ဓမ္မနဲ့ယှဉ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နိုင်ငံတကာက ခရစ်ယာန်ဒီမိုကရက်တစ်ပါတီတွေလို၊ အစ္စလာမ်မစ်ပါတီတွေလိုမျိုး ဗုဒ္ဓဘာသာဒီမိုကရက်တစ်ပါတီ မရှိအပ်၊ နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိဘူးလားဆိုတဲ့ လက်ယာစွန်းအမျိုးသားရေးဝါဒီများရဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။  ကျနော် တို့ဆီမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့လို ဘာသာရေးခေါင်းစဉ်အောက်မှာ တည်ရှိနေတဲ့ လက်နက် ကိုင်တပ်ဖွဲ့ နိုင်ငံရေးအဖွဲ့အစည်းမျိုး ရှိနေပြီး ဖြစ်ပါတယ်။

နောင်အစစ်အမှန်ဒီမိုကရေစီစနစ် အခြေတည်ချိန်မှာ ဗုဒ္ဓဘာသာခေါင်းစဉ်နဲ့ နိုင်ငံရေးပါတီတွေ တည်ရှိလာရင် ဓလေ့လို အမြစ်တွယ်နေပြီးဖြစ်တဲ့ ဘာသာရေးကို အာဏာအတွက် အသုံးချမှု တိုင်းပြည်နောက်ခံကြောင့် အလုံးစုံ ဘဝင်ကျ လက်သင့်ခံချင်စရာ မရှိလှပေမဲ့ ဘာသာရေးကိုနာမည်တပ် ပါတီထောင်ချင်သူ နိုင်ငံရေးသမားများ၊ ဘာသာရေးခေါင်းဆောင် များဟာ တကယ် ဗုဒ္ဓဝါဒ မဇ္ဈိမ ပဋိပဒါ အလယ် အလတ် လမ်းစဉ် အတိုင်း လူမျိုး၊ ဘာသာ အစွန်းမရောက်၊ မခွဲခြားဘဲ ဗုဒ္ဓ ဓမ္မစစ် တန်ဖိုး အခြေပြု နိုင်ငံရေး မူဝါဒ လမ်းစဉ်တွေကိုသာ အမုန်းတရား မပွား၊ မေတ္တာရှေ့ထား ဖော်ထုတ်မယ်ဆိုရင်၊ လူထုလူအများအကျိုးရှိမယ်ဆိုရင် ကန့်ကွက်စရာ မရှိပါ။  အမုန်းမပွား၊ ရန်မများရင် လွတ်လပ်စွာ တည်ရှိ၊ စည်းရုံး ဟော ပြောခွင့် ပေးရမှာသာ ဖြစ်ပါတယ်။

ကိုလိုနီကျွန်ဘဝလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးတွေမှာ ခေတ်အဆက်ဆက် အများ လူထုနဲ့အတူ တသားတည်းရှိခဲ့တဲ့ သံဃာတော်များရဲ့ ရပ်တည်မှုသမိုင်းဟာ တကယ်တော့ မှတ်ကျောက်တင် ခံနိုင်ပါတယ်။  ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။  ဒါဟာ အာဏာ စီးပွား အကျိုး မပါတဲ့အတွက် အာဏာနိုင်ငံရေး အသုံးချခံ ခေါင်းစဉ် အောက်မှာ အကျုံးမဝင်ပါဘူး။  ဒါ့အပြင် ဘာသာရေးရဲ့ ရည်မှန်းချက်မှာ လောကုတ္တရာကိစ္စ နိဗ္ဗာန် ရောက်ကြောင်းတင် မဟုတ်ဘဲ လောကီရေးရာ ကောင်းကျိုးချမ်းသာ ဆောင်ရွက်ခြင်း အမှုဟာ လည်း အရေးပါတဲ့အတွက် ဒါမျိုးကို တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး (၃) ရပ်မှာ ဘာသာရေး အဖွဲ့အစည်း၊ ခေါင်းဆောင်များ ဝင်ရောက် ခြယ်လှယ် မလွှမ်းမိုးသရွေ့ ကန့်ကွက်စရာမရှိ၊ စိုးရိမ် စရာမလိုပါ။

■  ‘အမျိုး ဘာသာ သာသနာ’ အတွက် ‘ဒီမိုကရေစီ’ ကို ရွေးချယ်ပါ

ပြန်ချုပ်ရရင် အခု မ-ဘ-သ လို ဘာသာရေး အဖွဲ့အစည်းနဲ့ ခေါင်းဆောင်များ အာဏာနိုင်ငံရေးအတွက် အသုံးချခံ ဖြစ်နေခြင်း၊ အပြန်အလှန် မှီတည်နေခြင်း၊ ရောယှက်နေခြင်းမျိုးဟာ အမှန်တကယ် အမျိုး၊ ဘာသာ၊ သာသနာ ကြီးပွားရေး မရှေးရှုသလို လူတစု အကျိုးစီးပွား အာဏာဆက်လက်တည်တံ့စေရင်းနဲ့ တိုင်းပြည် ဆင်းရဲတွင်း ဆက်လက်နက်သထက် နက်ဖို့သာ ရှိနေပါတယ်။  ဒါ့အပြင် မြင်တွေ့နေရသလို မလိုလားအပ်တဲ့ နိုင်ငံ့ရေးရာ ပေါ်လစီတွေ၊ ဥပဒေတွေ ဖြစ်တည် လာခြင်းမျိုးနဲ့ ဒီမိုကရေစီကျင့်စဉ် ရွေးကောက်ပွဲများမှာ ဘာသာရေး၊ လူမျိုးရေ ခြေထိုးကစား အသုံးချနေခြင်းမျိုးတွေကိုလည်း ဖြစ်စေပါတယ်။  ဒါဟာ လူမျိုး၊ ဘာသာ ပေါင်းစုံ ရာစုနှစ်တွေချီကြာ မှီတင်းနေထိုင်နေတဲ့ အနာဂတ် မြန်မာပြည်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ခရီးလမ်း အတွက် အန္တရာယ်ကြီးဖြစ်နေပါတယ်။  အမှန်တကယ်လည်း ကျောင်းလု၊ ဘုရားဖျက်၊ သိမ်ဖျက်၊ သံဃာ မီးဗုံးခွဲ၊ လူဝတ်လဲ ထောင်ထဲပို့၊ မြေသိမ်း၊ ကျောင်းသိမ်း၊ ဘုရား၊ ဇရပ်နဲ့ဘုန်းကြီးကျောင်းမချန် ထင်တိုင်းကြဲ မတရားမှု အဓမ္မအလုပ်တွေကို အာဏာတည်မြဲရေးအတွက် လုပ်ဝံ့သူ အာဏရှင်အုပ်စိုးသူ အစိုးရ စနစ် အဖွဲ့အစည်းမျိုးနဲ့လည်း တိုင်းပြည်အနာဂတ်မှာ အစစ်အမှန် ဘာသာ သာသနာ စည်ပင်နိုင်မှာမဟုတ်ကြောင်း သမိုင်းက သက်သေပြုပြီးဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီရဲ့ အခြား ကောင်းဂုဏ်ရည် များကို မမြင်မသိ အသိအမှတ်မပြုနိုင်ရင်တောင် အမျိုး ဘာသာ သာသနာ လက်တွေ့ကျကျ ဧကန်အနေကန် ကြီးပွားနိုင်ရေး အတွက်တော့ လူထူ လူအများအားလုံးဟာ လူတစုကိုဆန့်ကျင်၊ လူတစု ကို ကာကွယ်မဲဆွယ်နေသူတွေကို ဆန့်ကျင်ပြီး ပြတ်ပြတ်သားသား ‘ဒီမိုကရေစီ’ ကိုသာ ရွေးချယ်ရမှာဖြစ်ကြောင်း  ဆွေးနွေး တင်ပြ တိုက်တွန်းလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၃၀၊ ၂၀၁၅ (စာပြီးရက်စွဲ)

(မှတ်ချက် – ဧရာဝတီအပတ်စဉ်ထုတ်ဂျာနယ် အတွဲ-၂၊ အမှတ် ၄၀၊ အောက်တိုဘာ ၈ ရက်နေ့ထုတ်တွင်လည်း  “အမျိုး ဘာသာ သာသနာ အတွက် ဒီမိုကရေစီ ကို ရွေးချယ်ပါ” အမည်ဖြင့် တည်းဖြတ် ဗားရှင်းကို ပုံနှိပ်ခဲ့သည်။  ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts