Han Thit Naing ဓာတ်ပုံသတင်း

ရွေးကောက်ပွဲဆိုင်ရာအသိပေးနှင့် ပန်းဘဲတန်းကိုယ်စားလှယ်များအား ပြည်သူများသို့ အပ်နှံခြင်း ပြုလုပ်


  ရွေးကောက်ပွဲဆိုင်ရာအသိပေးနှင့် ပန်းဘဲတန်းကိုယ်စားလှယ်များအား ပြည်သူများသို့ အပ်နှံခြင်း ပြုလုပ်

 ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တိုဘာ ၆ရက်၊ ၂၀၁၅

 

 ရွေးကောက်ပွဲဆိုင်ရာအသိပေးဟောပြောပွဲနှင့် ပန်းဘဲတန်းမြို့နယ်ကိုယ်စားလှယ်လောင်းများ အား ပြည်သူများသို့အပ်နှံခြင်းပြုလုပ်ပွဲကို ၃၂လမ်းအောက်ဘလောက်တွင် အောက်တိုဘာ ၆ရက်၊ ညနေ ၃နာရီက ပြုလုပ်ကျင်းပခဲ့သည်။ ၄င်းအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ NLDဗဟိုအောင်နိုင်ရေးမှ ဦးဝင်းထိန်၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုမြအေးတို့က တတ်ရောက်ပြီး ရွေးကောက်ပွဲအသိပညာပေးများပြောကြားခဲ့သည်။  အဆိုတော် အနဂ္ဂနှင့် သံသာဝင်းတို့မှလည်း စီစဉ်ကြေညာသူအဖြစ်ပြုလုပ်ပေးခဲ့သည်။

          ဗိုလ်ချုပ်သမီးဟုပဲလူသိများခဲ့သောဒေါ်အောင်ဆန်းစုကြည်သည် နောက်ပိုင်းတွင် တစ်ဖက်မှ လူကြမ်း ကောင်းခဲ့သောကြောင့် မင်းသမီးဇါတ်နာပြီး ပိုပြီးလူကြိုက်များလာရကြောင်း၊  လူရယ်လို့မွေး လာရင် လုံခြုံမှုရဖို့ အတွက် ဆောင်ရွက်နိုင်ဖို့ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်မှ တစ်နိုင်ငံလုံး လိုက်လံဆာင်ရွက် စည်ရုံးနေ ရကြောင်း၊ ယနေ့ပြုလုပ်သည့်ပွဲတွင် တက်ရောက်လာသောလူပရိသတ်ကို ကြည့်ချင်းဖြင့် NLD ကို ပြည်သူမှ မဲပုံအောပေးထားခြင်းကိုတွေ့နိုင်ကြောင်းများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးမှပြောသည်။

        
  ဆက်လက်ပြီး “ဒီမိုကရေစီပြည်ထောင်စုစနစ်ဖြစ်အောင်လုံးပန်းကြိုးပမ်းခဲ့ရတဲ့အကြောင်းတွေဟာ အင်မတန်ကြီးမားသောတာဝန်တွေဖြစ်တာမို့လို့ အဲဒီနေရာကို လွတ်လွတ်ကျွတ်ကျွတ် ဒေါ်အောင်ဆန်းစု ကြည် စွမ်းဆောင်နိုင်အောင်  ခင်များတို့ရဲ့ အသည်းကြားကမဲတစ်ပြားကို သေသေချာချာ၊ ရဲရဲရင့်ရင့် သတ္တိရှိရှိ အားမနာတမ်း အားမနာတမ်း ပေးဖို့လိုတယ်” ဟုပြောသည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တစ်နိုင်ငံလုံးမှာမဲအများစုနဲ့အစိုးရဖွဲ့ရနိုင်ရင် လူမျိုးရေးမရွေး၊ ဘာသာမရွေး တန်းတူညီတူအခွင့်အရေးရဖို့ကို NLDမှ အာမခံကြောင်း၊ ဘာသာရေးသွေးထိုးမှုတွေ၊ တိုက်ခတ်မှုတွေကို တရားဥပဒေရှုထောင့်မှကြည့်ပြီး  တရားဥပဒေကျကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝင်းထိန်မှပြောသည်။

          ဆက်လက်ပြီး “ပါတီရဲ့မူဝါဒအရသော်လည်းကောင်း၊ ပုဂိုလ်ရေးအရသော်လည်းကောင်း လူမျိုးမရွေး ဘာသာမရွေး လူများစုက လူနည်းစုကိုတိုက်ခိုက်တာကို မလိုလားဘူး” ဟုပြောသည်။ 

          ပန်းဘဲတန်းမြို့နယ်လွှတ်တော်ကိုယ်စား ငါးဦးမှလည်း တစ်ဦးချင်းစီမိတ်ဆက်စကားများပြော ကြား ပေးခဲ့သည်။ အခမ်းအနားပြုလုပ်ရာ လမ်းထိပ်တွင်လည်း မဲပေးပုံနည်းစနစ်ကျစေရန် တံဆိပ် တုံးနှိပ်နည်း များပြသရာ ပြည်သူများက အားတက်သရော လေ့ကျင့်နေကြသည်။ အခမ်းအနားကို တက်ရောက်အားပေးလာ သောပြည်သူများကလည်း ၃၂လမ်းအပြည့်လာရောက် အားပေးခဲ့ကြသည်။

      


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts