တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အုပ်စိုးသူတွေအတွက် “သီတဂူစန်းလ” – ပြည်သူတွေအတွက် “ကန္တာရနွေနေပူ”

 

တူမောင်ညို – အုပ်စိုးသူတွေအတွက် “သီတဂူစန်းလ” –  ပြည်သူတွေအတွက် “ကန္တာရနွေနေပူ” 

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၅

မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး၊လူမျိုးပေါင်းစုံက ပိုင်ဆိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ လူမျိုးစုံပြည်သူများဟာ စစ်မှန်တဲ့ ဒီမိုကရေစီရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့တန်းတူရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို တောင့်တ မျှော် လင့်ခဲ့ကြတာပါ။ မျှော်မှန်းရည်ရွယ်ခဲ့ကြတာပါ။ ယနေ့အထိဒီရည်မှန်းချက်တွေ ပြည့်စုံခြင်း၊ ပြည့်ဝခြင်းမရှိသေးပါဘူး။ ဆက်လက်ချီတက် တိုက်ပွဲဝင်နေကြရဆဲဖြစ်ပါတယ်။

လူမျိုးပေါင်းစုံပြည်သူများဟာ မိမိတို့ယုံကြည်နှစ်သက်ရာ ဘာသာသာသနာတွေကို ယုံကြည်ကိုးကွယ်နေကြသူတွေလည်းဖြစ် ပါတယ်။ လူမျိုးပေါင်းစုံပြည်သူများ ကိုးကွယ်တဲ့ဘာသာ၊ သာသနာတွေကို အခြေခံဥပဒေ နှစ်ခုစလုံးမှာ (၁၉၄၇ အခြေခံဥပဒေ/ ၂၀၀၈ အခြေခံဥပဒေ) တရားဝင်အတည်ပြုပြဌာန်းထားပါတယ်။

“မျိုးစောင့်ဥပဒေအောင်ပွဲ”လို့ ဆိုနေကြတဲ့ သုဝဏ္ဏအားကစားရုံမှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ သီတဂူဘုန်းတော်ကြီးပြော ကြားခဲ့တဲ့ “သြဝါဒစကား” ဆိုတာတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီရေး၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့တန်းတူရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို တောင့်တမျှော်လင့် ရည်ရွယ်ထားကြတဲ့ လူမျိုးပေါင်း စုံပြည်သူ ဒကာဒကာမများအတွက် “သီတဂူစန်းလပမာ” မဟုတ်တော့ဘဲ၊ “ကန္တာရနွေနေပူမှာ မြည်ဟီးထစ်ချုံးလိုက်တဲ့ မိုးကြိုးသံပမာ” ဖြစ်နေပါတယ်။ နား၊ နှလုံး စိတ်ဝမ်း မသာမယာဖြစ်ရပါတယ်။

ဘုန်းကြီးရဲ့ပြောကြားချက်တွေဟာလူမျိုးဘာသာပေါင်းစုံပြည်သူတွေအကြားမှာ အေးအတူ၊ ပူအမျှနေထိုင်လာခဲ့ကြတဲ့ ဟာမိုနီ ဖြစ်မှုကို ပျက်ပြားသွားစေမယ့်၊ အချင်းချင်း မယုံသင်္ကာဖြစ်မှုတွေနဲ့ မဆုံးနိုင်တဲ့ သွေးထွက်သံယိုဖြစ်ပွားစေအောင် လမ်းကြောင်းပေးနေ တဲ့ အနှောင့်အသွားမလွတ်တဲ့ စကားတွေဖြစ်နေပါတယ်။

တချိန်က ဝန်ကြီးချုပ်ဦးနုရဲ့ မအောင်မြင်ခဲ့တဲ့ ဘာသာ၊သာသနာဗန်းပြတဲ့ အလုပ်တွေကို ပြန်ပြီးတစခန်းထကြဖို့ ဆက်လုပ်ကြ ဖို့ ဘုန်းကြီးနည်း ဘုန်းကြီးဟန်နဲ့ တိုက်တွန်းသွားတာတွေ့ရပါတယ်။ အရမ်းမလုပ်ဘဲ၊ ပရိယာယ်ကြွကြွယ်နဲ့လုပ်ကြဖို့လည်း (အီရန်နဲ့ ဥရောပ ကဖြစ်ရပ်တစ်ချို့ နဲ့ပြည်တွင်းဖြစ်ရပ်တချို့ကိုအတင်းဆက်စပ် လိုရာဆွဲပြီး )  သြဝါဒပေးသွားပါတယ်။ “ဝိနည်းတတ် ကြက်သတ် ဆိုတဲ့ စကားနဲ့ ဘုန်းကြီးတစ္ဆေ” ဆိုတဲ့စကားတွေကို သတိရမိပါတယ်။

ဒီနေရာမှာ ဘယ်လို ရဟန်းရှင်လူပုဂ္ဂိုလ်ပဲဖြစ်နေပါစေ။ ထို ရဟန်းရှင်လူပုဂ္ဂိုလ်ဟာ ဘယ်လိုအကျင့်သီလ၊ စာရိတ္တရှိနေပါစေ၊ အဓိကကြည့်ရမယ့်အချက်က ထိုရဟန်းရှင်လူပုဂ္ဂိုလ်ဟာ ဘယ်လူတန်းစားနဲ့ ဘယ်အစိုးရရဲ့အာဏာနဲ့အကျိုးစီးပွားဘက်ကနေ ရပ်တည် နေသလဲ၊ ခုခံကာကွယ်နေသလဲ၊ အမွှမ်းတင်ရှေ့နေလိုက်နေသလဲ၊ ကောင်းချီးသြဘာပေးနေသလဲဆိုတဲ့ အချက်ကိုပဲ တည့်တည့် ကြည့် ကြရမှာဖြစ်ပါတယ်။ သီလတွေ၊သိက္ခာတွေ၊သမာဓိတွေဘယ်လောက်ရှိနေပါစေ၊ စစ်အာဏာရှင်စနစ်ဘက်ကနေရပ်တည်နေပြီး စစ်မှန်တဲ့ ဒီမိုကရေစီရေးကို ဆန့်ကျင်နေရင်  စစ်အာဏာရှင်ဘက်က ရပ်တည်တဲ့ ဘုန်းကြီး/လူပုဂ္ဂိုလ်ဖြစ်တယ်၊ ဒီမိုကရေစီဆန့်ကျင်တဲ့ ဘုန်းကြီး/ လူပုဂ္ဂိုလ်ဖြစ်တယ်လို့ပဲ မှန်မှန်ကန်ကန် အကဲဖြတ်ရမှာပါ။

သီတဂူဘုန်းကြီးဟာ သုဝဏ္ဏအားကစားရုံထဲမှာ သူ့ရဲ့ရပ်တည်ချက်နဲ့ သူ့သဘောထားကို သူပြောကြားခဲ့တဲ့ သြဝါဒစကား တွေထဲမှာ အထင်အရှားပြသပြောကြားသွားခဲ့ပါပြီ။ (မီဒီယာနဲ့ fb သုံးစွဲသူများကိုပါ ဘုန်းကြီးက ခြိမ်းချောက်သွားပါသေးတယ်)

မိမိကိုးကွယ်ယုံကြည်ရာ ဘာသာ၊သာသနာကို သက်ဆိုင်ရာ ယုံကြည်သူတိုင်းက အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံးလို့ ထင်မြင် ယူဆကြစမြဲပါ။ ကိုယ့်ဘာသာထဲမှာ၊ကိုယ်အုပ်စုထဲမှာ ဒီလို ထင်မြင်ယူဆတာဟာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အများတကာက ငါတို့ ကိုးကွယ်ရာဘာသာက အမြင့်မြတ်ဆုံးလို့ လက်ခံရမယ်။ ယူဆရမယ်လို့ နည်းလမ်းတစ်ခု၊ ပုံစံတစ်ခုနဲ့ လှုပ်ရှားလာပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဟစ်တလာက ဒို့ဂျာမန်လူမျိုးတွေသာ အမြင့်မြတ်ဆုံးဖြစ်တယ်လို့ နာဇီဝါဒနဲ့ မှိုင်းတိုက်ပြီး ဂျူးလူမျိုး ၆ သန်းကို သတ် ဖြတ်ပစ်ခဲ့တာပါ။ ဒါဟာ ဟစ်တလာရဲ့အမျိုးသားရေးဖြစ်ပါတယ်။

 အခြေခံဥပဒေနှစ်စလုံးမှာ “ဂုဏ်ထူးဝိသေသနဲ့ပြည့်စုံသည့်” ဘာသာ၊ သာသနာလို့ ရေးသားထားတာကိုက တမင်ခွဲခြား အပေါ်စီးယူပြီးရေးသားထားတာဖြစ်ပါတယ်။တန်းတူအသိအမှတ်မပြုဘဲ၊ တမင်ခွဲခြားအသိအမှတ်ပြုတယ်ဆိုတာထင်ရှားပါတယ်။

လူမျိုးပေါင်းစုံပြည်သူတွေ၊နိုင်ငံသားတွေကိုးကွယ်ကြတဲ့ ဘာသာသာသနာတွေကို နိုင်ငံတော်/အစိုးရအနေနဲ့ တဖက်သတ် ဘက်လိုက်တာမျိုး လုံးဝမဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ တန်းတူရည်တူသဘောထားပြီး တန်းတူရည်ကူညီကာကွယ်ပေးရမှာပါ။

အထင်ကရ အတိုက်အခံပါတီကြီးက အီးစီလူကြီးတစ်ယောက်က သူတို့ပါတီအမတ်လောင်းတွေထဲမှာ “မူဆလင်တစ်ဦး  တစ်ယောက်မျှ ပါဝင်ခြင်းမရှိ” ဆိုပြီး ဂုဏ်ယူတာလိုလို၊ လဘ်ထိုးအမျက်ဖြေစကားလိုလို ဆက်သွင်းပြောကြားနေတာဟာ အင်မတန်မှ ရှက်ရွံဖွယ်၊ရွံမုန်းဖွယ်ကောင်းတဲ့ မိုက်မဲတဲ့ပြောဆိုချက်ဖြစ်ပါတယ်။ ဒီလိုပြောဆိုနေတာ ဒီအတိုက်အခံပါတီကြီးရဲ့တရားဝင်သဘောထား ဖြစ်ပါသလား။

စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်က “အမျိုးသားနိုင်ငံရေးဦးဆောင်မှု”ဆိုတဲ့နာမည်လှလှလေးပေးကာ  တပ်မတော်ကို မောင်ပိုင် စီးပြီး ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ရယူထားတဲ့ အာဏာနဲ့ဘဏ္ဍာ ကိုတည်ဆောက် ထိန်းသိမ်း ကာကွယ် နေပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအသက်သွေးကြောမှန်သမျှက လက်ဝါးကြီးအုပ်သိမ်းပိုက်ချုပ်ကိုင်ထားပါတယ်။

ယခုအခါမှာတော့ တပ်မတော်ကို မောင်ပိုင်စီးပြီးတစ်လက်ကိုင်တပ်သဖွယ်လုပ်ခဲ့သလို ဘာသာသာသနာကို ခါးပိုက်ဆောင် ဘာသာသာသနာအဖြစ်ချုပ်ကိုင်အသုံးချနေပါတယ်။ ဘာသာသာသနာကို လက်ကိုင်ဒုတ်လုပ်ကာ ဗန်းပြပြီး လူမျိုးပေါင်းစုံပြည်သူများ အကြားမှာ သွေးခွဲရန်တိုက်ပေးနေပါတယ်။ ခါးပိုက်ဆောင်ဘာသာရေးအဖွဲ့အစည်းတွေ၊ တစ်လက်ကိုင်ကိုယ်တော်တွေကို ပွဲထုတ်နေပါ တယ်။ နိုင်ငံရေးဟောပြောဖို့အတွက် မြစ်ကြီးနားက “မနောကွင်း” ကို အကျည်းတန်အရုပ်ဆိုးလှစွာပိတ်ပင်ခဲ့ကြသူတွေဟာ သုဝဏ္ဏအား ကစားရုံမှာ (မဘသ) အောင်ပွဲ ဝှဲချီးကျင်းပစေခဲ့တယ်။ သူတို့ဟာ တကယ်တော့ ကမ္ဘာအေးက မဟာပါသဏလှိုဏ်ဂူကြီးမှာ လုပ်ချင်ပုံရ တယ်ဆိုတာ သီတဂူဘုန်းကြီးပြောတာတွေထဲမှာ အရိပ်အမြွက်ကြားလိုက်ရပါတယ်။

  စစ်တပိုင်းအစိုးရက အာဏာတည်မြဲရေးအတွက် “သေနတ်နဲ့ဥပဒေ အစ – လူမျိုးသာသာ၊ သာသနာအလယ်- ဘိုးမင်းခေါင် နဲ့ကျောက်ဖရုံသီးအဆုံး” နည်းလမ်းပေါင်းစုံနဲ့လုပ်နေပါပြီ။

ဒါကြောင့် လူမျိုးဘာသာပေါင်းစုံပြည်သူများနိုးနိုးကြားကြားသတိရှိကြဖို့လိုပါတယ်။

စစ်အုပ်စုနဲ့စစ်အာဏာစနစ်ဟာ လူမျိုးဘာသာပေါင်းစုံပြည်သူများကို ရန်တိုက်သွေးခွဲထားနိုင်မှသာ သူတို့အာဏာတည်မြဲနိုင် မှာဖြစ်ပါတယ်။ လူမျိုးပေါင်းစုံပြည်သူများဟာ စစ်အုပ်စုက ဉာဏ်နီဉာဏ်နက်မျိုးစုံနဲ့ လုပ်ဆောင်လာတဲ့ လူမျိုးရေးဘာသာရေးသွေးခွဲမှု တွေကို အတူတကွ ရင်ဆိုင်ပြီးတိုက်ဖျက်သွားဖို့သာဖြစ်ပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts