ဇင်လင်း သူတို့အာဘော်

ဇင်လင်း – အစိုးရတစ်ရပ်ရဲ့ ကောင်းခြင်း ဆိုးခြင်း (သို့မဟုတ်) ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ယူမှု တာဝန်ခံမှု

ဇင်လင်း – အစိုးရတစ်ရပ်ရဲ့ ကောင်းခြင်း ဆိုးခြင်း (သို့မဟုတ်) ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ယူမှု တာဝန်ခံမှု
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၅

ပွင့်လင်းမြင်သာမှု (Transparency) နဲ့ တာဝန်ယူမှု တာဝန်ခံမှု (Accountability) ဆိုတဲ့ သဘောနှစ်ရပ်ဟာ အပြန်အလှန် အထောက်အကူပြု အပြန်အလှန်ထိန်းကျောင်းမှုရှိကြတဲ့ သဟဇာတ လက္ခဏာတစ်စုံ   ဖြစ်ပါတယ်။ တနည်းအားဖြင့် အစိုးရ အကြီးအကဲ လုပ်လိုသူတို့အတွက် စွဲမြဲသင့်တဲ့ နိုင်ငံရေးသီလတစ်စုံ လို့ဆိုနိုင်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုနဲ့ အလုပ်ကိစ္စဆောင်ရွက်သူတွေအပေါ် လူအများက ယုံကြည်မှုရှိတာတွေ့ရပါတယ်။ ပွင့်လင်းမြင်သာမရှိဘဲ လူတစ်စုပဲ တံခါးပိတ် လက်ဝါးရိုက်ပြီး ကိုယ်ကျိုးစီးပွား ပဓါနထားအလုပ် လုပ်ကြသူတွေဆိုရင်တော့ လူအများက နှာခေါင်းရှုံ့ကြ၊ မနှစ်မြို့ကြတာ တွေ့ရလေ့ရှိပါတယ်။ အကြောင်းကတော့ အများကို ရှင်းရှင်းလင်းလင်းချပြ အသိပေးခြင်း မရှိဘဲ ကျိတ်လုပ်ကြတာမျိုး ဖြစ်ပြီး၊ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကိုလည်း တာဝန်ယူလေ့ မရှိကြတဲ့အတွက် လူအများက  မယုံကြည်ကြတာဖြစ်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွားရေးချွတ်ခြုံကျမှု၊ ပညာရေး ကျန်းမာရေးနိမ့်ကျလွန်းမှု၊ သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းမှု၊ မူးယစ်ဆေးဝါးထုတ်လုပ် သုံးစွဲမှုများမြင့်တက်နေမှု၊ လူမှောင်ခိုမှုကြီးထွားလာမှု၊ နိုင်ငံ့သယံဇာတများ အလွဲသုံးစားနေမှုများ တိုးတက်နေမှု၊ နိုင်ငံရေးအရ ရှေ့မတိုးသာ ဖြစ်မှု၊  အစရှိတဲ့ အခြေအနေ အရပ်ရပ်ကို ဆန်းစစ်ကြည့်ရင် အစိုးရအပါအ၀င် အင်အားစု အသီးသီး၊ အဖွဲ့အစည်း ပါတီအသီးသီး မှာ အဓိက တာဝန်ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိရှိ အလုပ်တာဝန် ဆောင်ရွက်မှုအပိုင်း အားနည်းနေတာတွေ့နိုင်သလို၊ မိမိတို့ ဦးဆောင်နေတဲ့ လုပ်ငန်းကဏ္ဍအသီးသီးနဲ့ ပတ်သက်လို့လည်း တာဝန်ယူမှု တာဝန်ခံမှု (Accountability) မရှိကြ မကျင့်သုံးကြကြောင်း ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်။

ပွင့်လင်း မြင်သာမှု မရှိခြင်းရဲ့ ဆန့်ကျင်ဘက်က ဘာလဲ။ လိမ်ညာလှည့်ဖျားခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ ရိုးသားဖြောင့်မတ်မှု မရှိခြင်း လို့ အနက်ဖွင့်နိုင်ပါ တယ်။ ဥပမာပြရရင် နိုင်ငံရဲ့ ရသုံးမှန်းခြေငွေစာရင်းကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချမပြဘဲ၊ နှစ်ပေါင်းများစွာ စာရင်း လိမ်ညာတင်ပြခဲ့တဲ့ အစိုးရများကြောင့် နောက်ဆုံးမှာ မြန်မာနိုင်ငံဟာ Least Developed Country ဖြစ်ခဲ့ရတာ ထင်ရှားတဲ့ သာဓက ပါပဲ။  နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေသလား၊ ဆုတ်ယုတ်ကျဆင်းနေသလားဆိုတာကို သိရှိလိုတဲ့အခါ အဲဒီနိုင်ငံရဲ့ ရသုံးမှန်းခြေ ငွေစာရင်း(ဘတ်ဂျက်) ကို မကြည့်မဖြစ် ကြည့်ရပါတယ်။ ယေဘုယျအားဖြင့် ဘတ်ဂျက် သုံးမျိုးရှိပါတယ်။ ပိုငွေဘတ်ဂျက်၊ လိုငွေဘတ်ဂျက်နဲ့ ဘက်ညီ ဘတ်ဂျက် စသဖြင့်ဖြစ်တယ်။

လက်ရှိ အစိုးရက လိုငွေ ဘတ်ဂျက် ပုံစံနဲ့ အမြဲသွားနေတာတွေ့ရတယ်။ ဒါပေမယ့် ဘယ်ဝန်ကြီးဌာနက ဘယ်ကဏ္ဍတွေမှာ ဘယ်အတွက်ကြောင့် ဘယ်အတိုင်းအတာအထိ ပြည်သူ့အခွန်ဘဏ္ဍာကို သုံးစွဲခဲ့ရကြောင်း ပြည်သူလူထုကို ပွင့်လင်းမြင်သာမှု (Transparency) ရှိရှိ စနစ်တကျ အစီရင်ခံတင်ပြခဲ့တာမျိုး မရှိခဲ့ပါဘူး။   ဘတ်ဂျက် လိုငွေပြမှုဟာ ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ကျပ်ဘီလီယံ ၇၂၀ဝ ကျော် ရှိတယ်လို့ စီးပွားရေး ပညာရှင်များက ပြောပြထားပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ များပြားတဲ့ ပမာဏ ဖြစ်တာကြောင့် အဲဒီ ငွေပမာဏ ပြည်သူလူထုအတွင်း လည်ပတ်သုံးစွဲ စီးဆင်းသွားခဲ့ရင်၊ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်မယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိနေကြောင်း၊ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့ စီးပွားရေး စောင့်ကြည့်ရေး အစီရင်ခံစာမှာ ဖေါ်ပြ ပါရှိခဲ့ပါတယ်။ ဒီလို ပြည်သူ့လူမှုဘ၀ကို အကြီးအကျယ် ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးဖြစ်ပေါ်လာတဲ့အခါ၊ သက်ဆိုင်ရာ ၀န်ကြီး၊ ညွှန်ချုပ်၊ ညွှန်မှူး အစရှိတဲ့ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု (Accountability) ရှိဖို့လိုပါတယ်။ ဒီလို ဆိုးကျိုးရလဒ်တွေ ထွက်ပေါ်ရခြင်းအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ ဖေါ်ပြသင့်ပါ တယ်။ ကောင်းကျိုးရလဒ်အတွက် နာမည်ကောင်းလိုချင်ကြသူတွေ ရှေ့တိုးထွက်လာကြပါတယ်။ ဒါပေမယ့် ဆိုးကျိုးရလဒ် ထွက်ပေါ်လာတဲ့အခါမှာတော့ တာဝန်ယူမှု တာဝန်ခံမှု (Accountability) ဘယ်သူမှ မလုပ်ကြတာ အစဉ်အလာလို ဖြစ်နေပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ဘတ်ဂျက်ငွေစာရင်းကိစ္စဟာ အလွန်အရေးကြီးပြီး နိုင်ငံသားတိုင်းနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အာဏာရှင် အစိုးရ အဆက်ဆက်က ရသုံးမှန်းခြေ ငွေစာရင်း (သိုမဟုတ်) နိုင်ငံတော်ဘတ်ဂျက်ဆိုတာ အုပ်ချုပ်သူ အစိုးရမင်းများ နဲ့ သာဆိုင်ပြီး သာမန်ပြည်သူတို့နဲ့ ဘာမှ မပတ်သက်သယောင် ဖြစ်အောင် လုပ်ထားခဲ့ပါတယ်။ တကယ်တော့ အစိုးရတိုင်းရဲ့တာဝန်ဟာ လူထုက ပေးဆောင်တဲ့ အခွန်ငွေကို ပွင့်လင်းမြင်သာမှု (Transparency)၊ တာဝန်ယူမှု တာဝန်ခံမှု (Accountability) ရှိစွာ သုံးစွဲရမှာဖြစ်တယ်။ နိုင်ငံနဲ့ လူထု ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တာဝန်ယူမှု/တာဝန်ခံမှု နဲ့အညီ ဆောင်ရွက်ရ မှာဖြစ်တယ်။ လူထုရဲ့ ပညာရေး ကျန်းမာရေး လူနေမှုဘ၀မြင့်မားတိုးတက်စေရေးအတွက် ဘတ်ဂျက်ကို စနစ်တကျ (တာဝန်ခံ) စီမံရေးဆွဲ သုံးစွဲရခြင်းဟာ အစိုးရတာဝန်ပဲ။ အစိုးရရဲ့ ဘတ်ဂျက်စီမံခန့်ခွဲပုံ ညံ့ဖျင်းရင် ကုန်ဈေးနှုန်းတက်မယ်။ ကုန်ထုတ်လုပ်မှု ကျဆင်းမယ်။ အလုပ်လက်မဲ့ပြဿနာ ပေါ်မယ်။ ပြည်ပအကြွေးထူပျောလာမယ်။ ငွေကြေးဖေါင်းပွမယ်။ အလုပ်သမား လယ်သမားတွေ ဆင်းရဲမွဲတေမယ်။ နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ တခြားနိုင်ငံတွေဆီ ရွှေ့ပြောင်း ရောက်ရှိသွားမယ်။ ဒုစရိုက်မှုတွေ လည်း စံချိန်တင် များပြားလာမယ်။ အကျိုးဆက်က နိုင်ငံရေးမတည်မငြိမ်ဖြစ်မယ်။

တကယ်တော့ နိုင်ငံတစ်ခုရဲ့ ဘတ်ဂျက်ငွေစာရင်းဆိုတာ နိုင်ငံရဲ့အခွန်ငွေအရပ်ရပ်ကို စီမံခန့်ခွဲ သုံးစွဲရတာဖြစ်လို့၊ အစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုအပြည့် (With Transparency and Accountablity) နဲ့ ပြည်သူလူထုအကျိုးကို ရှေးရှု ရေးဆွဲရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူ လူထုဟာ စစ်အာဏာရှင် အစိုးရအဆက်ဆက်မှာ တိုင်းပြည်ရဲ့ဘတ်ဂျက်ငွေစာရင်းကို ဘယ်လို ရေးဆွဲပြီး ဘယ်သူတွေက ဘယ်လို သုံးစွဲခဲ့ ကြမှန်း လုံးလုံးမသိခဲ့ကြရဘူး။  အခု ဦးသိန်းစိန် အစိုးရ စီမံခန့်ခွဲတဲ့ ဘတ်ဂျက်ငွေစာရင်းကို လည်း လူထုက ဘာမျှ ဂဃနဏ သိခွင့် မရကြပါဘူး။

သန်းငါးဆယ်ကျော် ပြည်သူတစ်ဦးချင်းစီမှာ အကြွေး ၅ သိန်းကျော်စ်ီတင်ရှိနေ တယ်လို့ပဲ သတင်းတွေအရ ကြားသိနေရပါတယ်။ အခု မြန်မာနိုင်ငံရဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) ကိစ္စ စီးပွားရေးပညာရှင်များရဲ့ဆွေးနွေးပွဲကတဆင့် သိလိုက်ရ တာက သမ္မတဦးသိန်းစိန်ရဲ့ ၄ နှစ်တာ အုပ်ချုပ်မှုကာလ အတွင်း ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ တစ်သောင်းကျော်အထိ မြင့်တက်လာတယ် ဆိုခြင်းပါပဲ။ ဒါဟာ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ခံမှု မရှိကြောင်း ဖေါ်ပြချက်ဖြစ်တယ်။ လူထုပုခုန်းပေါ် အလွန်ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးတွေ မညှာမတာ တာဝန်မဲ့စွာ တင်ပေးလိုက် တဲ့သဘောဖြစ်တယ်။

၂၀၁၅ မေလ၂၄ ရက် (တနင်္ဂနွေနေ့)မှာ အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ အကြံပေးအဖွဲ့ (National Economic and Social Advisory Council – NESAC) ၊ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) နှင့် ActionAid Myanmar တို့ ပူးပေါင်းစီစဉ်ကြတဲ့ မြန်မာနိုင်ငံ ရသုံးဘတ်ဂျက် စားပွဲဝိုင်း ဆွေးနွေးပွဲ UMFCCI ခမ်းမမှာ ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းက “ဒီ အစိုးရရဲ့ ၄ နှစ်တာမှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ တစ်သောင်း ဆိုတော့ တိုင်းပြည်စီးပွားရေး အခြေအနေနဲ့ကြည့်ရင် အတော်ကိုစိုးရိမ်စရာပါ၊ ကုန်သွယ်မှုလည်း အရမ်းကြီး ရှိသေးတာ မဟုတ်ဘူး၊ အခွန်ကလည်း အရမ်းကြီးမရသေးဘူး”  လို့ ဝေဖန်တာတွေ့ရပါတယ်။

အရပ်သားအစိုးရ လေးနှစ်တာဘတ်ဂျက်ရေးဆွဲချမှတ် သုံးစွဲပုံဟာ    လိုငွေပြဘတ်ဂျက်တွေ ဖြစ်နေတာကြောင့် နောင် အနာဂတ် အစိုးရတွေအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်လာနိုင်တယ်လို့ ဦးဇော်ဖေ၀င်းက သုံးသပ်ပြပါတယ်။ ဒီ အခြေအနေက ဘာကိုပြသနေသလဲ ဆိုရင် လက်ရှိအစိုးရ သက်တမ်းတလျှောက်လုံးမှာ ရရှိငွေထက် သုံးစွဲငွေက အလွန်အကျွံ ပိုမိုများပြားနေတယ်ဆိုတာ သက်သေပြနေ တယ်။ ဒီလိုဖြစ်ရတာကလည်း ပြည်သူ့ဘဏ္ဍာငွေကို ခန့်ခွဲသုံးစွဲရာမှာ ပြည်သူတွေ ပါဝင် စောင့်ကြည့်ခွင့် မရအောင် ကန့်သတ်ထားတဲ့ စနစ် ကြောင့်ပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေသည်ပင်လျှင် လွှတ်တော်ကျင်းပ စဉ်ကာလ အတွင်းမှာသာ ဝေဖန်ထောက်ပြခွင့် ရတယ်လို့ဆိုပါတယ်။ ဝေဖန်သုံးသပ်ဖို့ လုံလောက်တဲ့ အချိန်မပေးတဲ့ သဘောပါပဲ။ တနည်းအားဖြင့်  ပွင့်လင်းမြင်သာမှု၊ (Transparency) နဲ့ တာဝန်ယူမှု တာဝန်ခံမှု (Accountability) မလုပ်လိုတဲ့ သဘောဖြစ်ပါတယ်။ လက်ရှိအစိုးရသက်တမ်းတလျှောက်မှာ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းအများစုဟာ ထင်သာမြင်သာမရှိဘဲ လူထုကို ချပြခြင်းမရှိဘဲ လုပ်သွားတာများပါတယ်။ မကြာခင်က ရေကြီးမှုဖြစ်တဲ့အခါ လမ်း တံတားတွေ၊ စာသင်ကျောင်းတွေ အများအပြား ပြိုပျက်ကုန်တာတွေ့ရတယ်။ တာဝန်ယူမှု တာဝန်ခံမှုအရ အစိုးရက စုံစမ်းစစ်ဆေး အရေးယူတာ သိပ်မတွေ့ရဘူး။ လမ်းတံတား ကျောင်းတွေကို ဆောက်လုပ်ရာမှာ စံချိန်စံညွှန်း မပြည့်မှီခြင်းအတွက် တာဝန်ခံမှု (Accountability) လုံးမရှိတာတွေ့ရတယ်။ ဒါဟာ ပြည်သူ့အခွန်ဘဏ္ဍာကို လေလွင့်ပြုန်းတီးအောင် လုပ်ရာကျပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ရဲ့ အဆိုအရ ပြည်ထောင်စု အဆင့်မှာ ပြည်သူ့ငွေစာရင်း ကော်မတီ ဆိုတာ ရှိတယ်။ နောက် စာရင်းစစ်ချုပ်အစီရင်ခံစာဆိုတာကလည်း (၆) လ တစ်ကြိမ်ထွက်နေတယ်။ ဒါပေမယ့် တိုင်းနဲ့ပြည်နယ် (၁၄) ခုစလုံးမှာ စာရင်းစစ်ချုပ် အစီအရင်ခံစာ မထွက်ဘူး။ အခု လက်ရှိ ရန်ကုန်တိုင်းဆိုရင် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အစီရင်ခံစာနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အစီရင်ခံစာ (၂) ခုပဲ ထွက်သေးတယ်။ အဲဒီတော့ ၂၀၁၃-၁၄ နဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ၆-လစာ (၂)ကြိမ်ဆို တော့ (၄) ကြိမ် အစီရင်ခံစာ မထွက်သေးဘူးလို့ ဆိုတယ်။  လွှတ်တော်က နောက် တစ်ကြိမ် နှစ်ကြိမ်ဆိုရင် ပြီးပြီဆိုတော့၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထဲမှာ ရန်ကုန်တိုင်းက သုံးသွားတဲ့ ကျပ်ငွေ ဘီလျံ (၄၀၀) ကို ဘယ်လိုသုံးသွားတယ်ဆိုတာကို သိခွင့် မရှိတော့ဘူး လို့ ပြောပါတယ်။

နောက် တိုင်းဒေသကြီးအဆင့် ပြည်သူ့ငွေစာရင်းကော်မတီ ရှိသင့်ကြောင်း လွှတ်တော်မှာ တင်ပြတိုင်း ၀န်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းအစိုးရက ကန့်ကွက်တာခံရကြောင်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။ ဒီ ဖြစ်စဉ်အရ ၀န်ကြီးဌာနအသီးသီး၊ အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်မှာ  ဘတ်ဂျက်ငွေ သုံးစွဲမှုနဲ့ ပတ်သက်လို့ Check and Balance အပြန်အလှန်ထိန်းကျောင်းမှုမရှိတာ ပေါ်လွင်ပါတယ်။  ပွင့်လင်းမြင်သာမှု၊ (Transparency) နဲ့ တာဝန်ယူမှု တာဝန်ခံမှု (Accountability) လုံးဝ မရှိကြောင်းလည်း ပေါ်လွင်ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်အစိုးရ ၄ နှစ်တာ ကာလအတွင်း “ဘတ်ဂျက်ယိုဖိတ်ငွေ” ကျပ်ဘီလီယံ တစ်သောင်းကျော် အထိ ရှိခဲ့တဲ့အတွက် ပြည်သူတွေ နစ်နာလွန်းလှပါတယ်။

အစိုးရတစ်ရပ်ရဲ့ ကောင်းခြင်း ဆိုးခြင်း အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းဆိုတဲ့ ပုံရိပ်တွေဟာ ဘတ်ဂျက်စီမံခန့်ခွဲရာမှာ ဘယ်လောက် ပွင့်လင်းမြင်သာပြီး ဘယ်လောက် တာဝန်ယူ တာဝန်ခံသလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်ပါတယ်။ အစိုးရကို လူထုက ထောက်ခံမှုပေးရာမှာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုမျှတခြင်းကို ကြိုက်နှစ်သက်ခြင်းကလည်း အရေးကြီးတဲ့ အကြောင်းတစ်ခုပါပဲ။ (ပွင့်လင်းမြင်သာမှု မရှိ၊ တာဝန်ခံမှု မရှိ)ဘဲ၊ ပြည်သူ့အခွန်ဘဏ္ဍာ ယိုဖိတ်လေလွင့်အောင် ဘတ်ဂျက်စီမံခန့်ခွဲခဲ့တဲ့ အစိုးရမျိုးကို လူထုက ဆက်လက် ထောက်ခံမှာ မဟုတ်တာကတော့ သေချာပါတယ်။ ဦးသိန်းစိန်အစိုးရက ဘတ်ဂျက်လိုငွေပြတိုင်း လူထုဆီကပဲ အခွန်တိုးကောက် နေပါတယ်။ အထူးသဖြင့် ဆင်းရဲသားပြည်တွေ ဆီကပဲ အခွန်အမျိုးမျိုးကောက်ယူနေပါတယ်။ ဒါကို ကြည့်ရင် လူထု ကို ပွင့်လင်းမြင်သာစွာ တာဝန်ခံပြီး စီမံအုပ်ချုပ်ခဲ့တာ မဟုတ်တဲ့ သဘောလို့ဆိုနိုင်ပါတယ်။ အစိုးရတာဝန် ထမ်းဆောင်လိုသူ ခေါင်းဆောင်များနဲ့ နိုင်ငံရေးပါတီများအနေနဲ့ ၂၀၁၅ အလွန်မှာ ပွင့်လင်းမြင်သာမှု၊ (Transparency) နဲ့ တာဝန်ယူမှု တာဝန်ခံမှု (Accountability) ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးပမာ ထိန်းသိမ်းနိုင်ကြပါစေ။           ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts