News Yan Naung (Bo Ta Htaung)

စာရေးဆရာ မောင်ရွှေစွန် ၏ နောက်ဆုံးခရီး စာရေးဆရာများ၊ စာပေချစ်သူများ လိုက်ပါပို့ဆောင်

စာရေးဆရာ မောင်ရွှေစွန် ၏
နောက်ဆုံးခရီး စာရေးဆရာများ၊ စာပေချစ်သူများ လိုက်ပါပို့ဆောင်
ရန်နောင်(ဗိုလ်တထောင်)    မိုးမခ
အောက်တိုဘာလ ၁ -၂၀၁၅

 

 

 

 

 

 

 

 
          စာရေးဆရာမောင်ရွှေစွန်
အသက်(၇၃) နှစ်သည် စက်တင်ဘာလ (၂၈) ရက်နေ့တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ရာ
သူ၏ ဈာပန ကို စက်တင်ဘာလ (၃၀) ရက်နေ့က ရေဝေးသုသာန်၌  ညနေ (၄) နာရီ တွင် ပြုလုပ်ခဲ့သည်။
          ဆရာ့ကို
ချစ်ခင်သူ စာရေးဆရာများ၊ စာပေချစ်ခင်သူများစွာ ဆရာ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ကြသည်ကိုလည်း
တွေ့ရှိခဲ့ရသည်။
          စာရေးဆရာ
မောင်ရွှေစွန် ၏ အမည်ရင်းမှာ ဦးခင်မောင်သိန်း ဖြစ်သည်။ ဦးအောင်သိန်း(ရုပ်ရှင်မျက်မှန်)
နှင့် ဒေါ်နွဲ့ကြည် တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းများထဲ၌ အကြီးဆုံးဖြစ်၏။
          `
ပေပေတေတေ ´ ဝတ္ထုဖြင့် စာပေဗိမာန် လူငယ်စာပေဆုရရှိခဲ့သည်။ လုံးချင်းဝတ္ထုပေါင်း ၂၉ အုပ်
ရေးသားခဲ့ပြီး ` တိုင်ပေါ်အလံစိုက်ချင် ´၊ ` အဖော်ကောင်းရင် ငရဲပြည်လိုက်မယ် ´၊`ခေါင်းလား
ပန်းလား ´၊ `စိတ္တဇမြိုင်´၊ ` အိမ်ပြေး´ ဝတ္ထုတိုမှာ ထင်ရှားသောစာပေလက်ရာများ ဖြစ်ကြသည်။ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းအား
တာဝန်ခံအယ်ဒီတာ အဖြစ် တည်းဖြတ်ခဲ့ပြီး ထင်ရှားသောကလောင်များစွာကိုလည်း မွေးထုတ်နိုင်ခဲ့သည်။
ထို့ပြင် ရုပ်ရှင် နှင့် ဗီဒီယိုဇာတ်ညွှန်းများရေးသားကာ ဒါရိုက်တာလည်း လုပ်ခဲ့သည်။

 

 

 

 
          ဆရာ့
အားလေးစားချစ်ခင်သော စာရေးဆရာတချို့၏ အမှတ်တရ စကားများ ကိုလည်း ဖော်ပြလိုက်ပါသည်။
အစ်ကိုကြီး….
စာပေထုတ်ဝေရေးနယ်ပယ်မှာ ဝင်ဆန့် လှုပ်ရှားခွင့်ရခဲ့တာ
အစ်ကိုကြီးရဲ့ ကျေးဇူးနဲ့ မကင်းပါ။
အစ်ကိုကြီးရဲ့ ကျေးဇူးအလီလီကို ရည်မျှော်ဦးနှိမ်ချလျက်ပါ။
                                                          ဦးသန့်(လာဘ်မိုးစွေ)
စွန်ကြီး
အတောင်ညောင်းလို့ နားပြီပေါ့။ကိုယ်တို့လည်း
တချိန်မှာ နားရမှာပဲလေ။တကယ်တော့ ဘဝဆိုတာ သည်လိုနဲ့ နိဂုံးချုပ်သွားတာပါပဲလေ။
                                      မြင့်ဝင်းနီ
ရုပ်ရှင်မျက်မှန်မှာ….
ကဗျာတွေ လက်သွေးခွင့်ရခဲ့
မျက်နှာမသစ်မီအတွေးများ…
အခုတော့လည်း
အဝေးကို ထွက်သွားပါ။
                             ရွှေညာခိုင်စိုး
 
`ပေပေတေတေ´….
`အိမ်ပြေး ´ တယောက်
ဒုက္ခအပေါင်းမှ
လွတ်မြောက်သွားပါပြီ…။
                   မြင့်ဦးဦးမြင့်
စာရေးကောင်းတဲ့ စာရေးဆရာ…
စာအရွေးကောင်းတဲ့ အယ်ဒီတာ…
အဲသည်အင်္ဂါ နှစ်ရပ်နဲ့ ပြည့်စုံတဲ့
ဆရာမောင်ရွှေစွန် ကွယ်လွန်သွားခြင်းဟာ
မြန်မာစာပေလောကအတွက်တော့ တန်ဖိုးဆုံးရှုံး မှု တစ်ရပ်ပါပဲ။
ကောင်းရာ သုဂတိလားပါစေ။
                   မောင်ခေတ်ထွန်း
 
`ငါ့အတွက်…
 အမှတ်တရ ပန်းဖလက်လုပ်တာ
ဘာဖြစ်လို့ ကွန်ပျူတာမစီသလဲ….
လို့ အပြစ်မတင်လိုက်ပါနဲ့ အစ်ကို။
အစ်ကိုလည်း— အစ်ကိုကြီး။
ဆရာလည်း— ဆရာဖြစ်တဲ့ အစ်ကိုဆရာကို
တကယ့်အမှတ်တရ အဖြစ် ကျနော့်လက်ရေးကလေးနဲ့ အထွတ်အမြတ်ထား– ပူဇော်ချင်လို့ပါ။
ဒါဆို– -ကျေနပ်ခွင့်လွှတ်မှာပါ။
                   နန္ဒာမိုးကြယ်
အစ်ကိုကြီးမောင်ရွှေစွန်ရဲ့ ….ကျောင်းဆင်း
ရုပ်ရှင်မျက်မှန်ရဲ့ ….ကျောင်းဆင်း
ဖြစ်ခွင့်ရခဲ့တာ…
ဂုဏ်…ယူ….တယ်
                   မြတ်ခိုင်
သူငယ်ချင်း
မမျှော်လင့်ပါဘဲ ဆုံးပါးသွားခဲ့ပြီဆိုတော့
ရင်ထဲမှာ တကယ်ပဲ စိတ်မကောင်းဘူး။သွားခဲ့၊လာခဲ့… အတူတကွ လှုပ်ရှားခဲ့ကြတာတွေ မနေ့တနေ့ကလိုပါပဲ။
ကျနော်လည်း နီးနေပါပြီ။
                   မောင်လွမ်းနွယ်(အောင်လံ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts