စာစုတို

သွန်းခ – အလေ့အကျင့်

သွန်းခ – အလေ့အကျင့်
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၅

“မူးယစ်ကျတိုက်သွားရမယ် ဖေဖေရဲ့”

သမီးဖြစ်သူ၏အပြောကြောင့် ကျွန်တော်ကြိတ်ပြုံးခဲ့မိပါသည်။ လူက ၃ တန်း၊ သတင်းစာဖတ်သည်၊ ဝေဖန်တတ်သည်၊ တစ်ယောက်တည်းနေကျင့်ရှိ၍ထင့်၊သူမ၏အတွေးစများထဲမှပေါ်သမျှထုတ်ပြောတတ်သောကြောင့် အဆက်အစပ်မဲ့ မဖြစ် စေရေး မသိမသာ ပြင်ပေးရတတ်ပါသည်။

အလုပ်မှပြန်ရောက်ရောက်ချင်း သူမ အပြောသည် တက်ကြွဟန်ပါနေသကဲ့သို့ ဂုဏ်ယူသည့်ပုံအပြည့်အ၀လည်း ရှိပါပေသည်။ ကျောင်းမှ မူးယစ်ပြတိုက်လိုက်ပြမည်၊ သူ လိုက်ခွင့်ရသည်ဟု ဖခင်အား ဝမ်းသာအားရနှင့်ပြောခဲ့သည့်အပြော (အမှန်က အတန်းငယ်လေးများမှလွဲပြီး တစ်ကျောင်းလုံးသွားကြရမည့်ခရီး)။

မည်သို့ပင်ဖြစ်စေ လေ့လာရေး ခရီးစီစဉ်ပေးသည့် သမီးတို့စာသင်ကျောင်းလေးအား ကျေးဇူးတင်ရပါသည်။ အမျိုးသားပြ တိုက် လိုက်ပြပါမည်ဟု ရည်ရွယ်ထားခဲ့ပြီးမှလိုက်မပြဖြစ်ခဲ့ခြင်းသည်လည်း ကျွန်တော့်အားနည်းချက်တစ်ခုအဖြစ် မှတ်ယူမိ ပါ၏။ ဆိုလိုသည်မှာပြတိုက်၊ ပြခန်းများနှင့်ထိတွေ့စေလိုသည့် ကျွန်တော့်စိတ်။ မျက်မြင်ထင်ရှားမှ မှတ်သားယုံကြည်လက် ခံတတ်ကြသည်မှာ လူ့သဘာဝဟု ကျွန်တော်နားလည်ထားပါသည်။

ကလေးတို့ ၃ တန်းတွင် သမိုင်းဘာသာရပ်သင်နေရပေပြီ။ အနော်ရထာမင်း၊ ကျန်စစ်သားမင်း၊ ဘုရင့်နောင်ကျော် ထင်နော် ရထာ၊ အလောင်းမင်းတရား၊ စစ်သူကြီး မဟာဗန္ဓုလ၊ဗိုလ်မြတ်ထွန်း၊ မင်းတုန်းမင်းတို့အကြောင်းများ သမိုင်းအဖြစ်သင်နေကြ ရပြီဖြစ်သောကြောင့် အရုပ်ထောက်ပြ၊ အရုပ်ရေးပြနှင့်အားမရနိုင်သည့် ကျွန်တော့်အဖို့ သမီးအား အမျိုးသားပြတိုက်လိုက်ပြ လိုခဲ့သည်မှာ အတ္တကြီးသည်ဆိုပါလျှင်လည်း ပြန်လည်၍မရှင်းလိုတော့ပါ။ အနည်းဆုံး ပုရပိုက်၊ သံလျက်၊ နန်းဝတ်နန်းဆင်များမြင်ဖူးစေချင်၏။

ကျွန်တော်တို့ငယ်စဉ်က ရုပ်ပြပန်းချီကောင်းကောင်းလေးများနှင့် ကာတွန်းစာအုပ်တို့သည် သမိုင်းအထောက်အထားပြည့်စုံစွာဖြင့်ဖော်ပြခဲ့ဖူး၍ ရာဇဝင်သင်ကြားရာတွင် များစွာပင်အထောက်အကူဖြစ်ခဲ့ပါသည်။ သိမီလိုက်ကြသည့်စာဖတ်ပရိသတ် များ အမှတ်ရကြပေလိမ့်မည်။

ပြတိုက်သွားကျင့်၊မှတ်စုတိုလိုက်ကျင့်များသည် သမီးတို့ ၃ တန်းအရွယ်ငယ်သေးသည်ဟုမဆိုသာနိုင်ကြောင်း သုံးသပ် မိပါ၏။ လေ့ကျင့်ပေးရမည်၊ မှတ်သားလိုစိတ်၊ မှတ်တမ်းပြုစုလိုစိတ်ရှိရန် လေ့ကျင့်ပေးသင့်သည်ဟုမြင်မိပါသည်။ ကျွန်တော် တို့ငယ်ဘဝများနှင့် ကွာဟချက်တစ်ပုံတစ်ပင် ယနေ့ခေတ်လိုက်ညှိယူနေကြရသည့် သဟဇာတမဖြစ်ခြင်းပြဿနာအား နည်းပညာနှင့်ချည်း ဖြေရှင်းသွားရန်မသင့်ပါဟု တွေးမိပါသည်။ အစွမ်းအစများ ထုတ်ကျင့်ရှိစေလိုပါ၏။ ကျွန်တော်တို့ငယ် ဘဝနှင့် ယနေ့ခေတ်ကလေးငယ်များနှင့်အ နီးကပ်ဆုံးရှိနေသည့်အခြေအနေများသည် များစွာကွာခြားနေပေပြီ။”မောင်ရင်တို့ငယ်ငယ်တုန်းကရော၊ အဲဒီလို အလေ့အကျင့်ရှိလို့လား” ဟု ကျွန်တော်တို့အားမေးပါက ဖော်ပြခဲ့သည့်အတိုင်းပြန်ဖြေသွား ရမည်သာဖြစ်သည်။

စကားမပီ၍ ပြတိုက်အား ကျတိုက်ဟု အသံထွက်နေသည့်ကလေးအား ကြီးလေးသည့်အလေ့အကျင့် မလုပ်သင့်ဟုဆိုပါ လျှင် သမီးတို့ကျောင်းမှ ဆရာမများအား လက်ညှိုးညွှန်ရပေတော့မည်။ မူးယစ်ဆေးဝါးပြတိုက်တွင် မှတ်စရာ၊ ပြုစရာများအား ဗလာစာအုပ်နှင့် လိုက်ရေးမှတ်စေခဲ့သည်ဟု သမီးမှတစ်ဆင့် သိရပါသည်။ စာတိုပေစ မှတ်စုလိုက်လေ့မရှိသည့်ကလေးများ ဘာကိုမှ လိုက်မှတ်မလာနိုင်သည်ကိုသုံးသပ်ရင်း အလေ့အကျင့် လိုပါသေးသည်ဟု တွေးမိခြင်းဖြစ်ပါ၏။

“နည်းနည်းရေးလိုက်၊ ရှေ့သွားမယ်၊ ရှေ့သွားမယ်ဆိုတာနဲ့ သမီးမှာ ဘာမှကို လိုက်မမှတ်ခဲ့ရဘူး၊ ခဲဖျက်တောင်ကျပျောက် ခဲ့သေးတယ်”

သမီးအပြောအား ဂရုတစိုက်နားထောင်ရင်း နှစ်သိမ့်ပေးရပါသည်။ အလေ့အကျင့် နည်းကြသေးသည်ကိုး။

ကျွန်တော်တွေးပူမိသည်မှာ တခြားမဟုတ်။ နှစ်ပေါင်း ၅ဝ လောက်မှ တစ်ခါရတဲ့အခွင့်အရေးပါဟု တင်စားပြောရလောက် သည့် ရွေးကောက်ပွဲ အတွေ့အကြုံ ကျွန်တော်တို့တွင်မရှိကြသေးပါ။မဲပေးသည့် အလေ့အကျင့် မဲ့နေကြပါသေးသည်။မဲပေးပုံနည်းစနစ် အသစ်နှင့် ထိတွေ့မှုမရှိကြသေးခြင်းသည်ကား ဆိုးညစ်မှုကင်းလျှင်သော်မှ ပယ်မဲဖြစ်သွားနိုင်စရာများလိမ့်မည်ဟု တွေးပူမိပါ၏။ (အဆိုးအညစ်များစွာသည်လည်း စိတ်ပျက်စရာကောင်းလောက်အောင်ကြားနေရ၊ ဖတ်နေကြရသည် မဟုတ်ပါလား) တံဆိပ်နှင့်မင်၊ မင်နှင့်တံဆိပ်တုံး၊ စက္ကူနှင့်မင်၊ အစွန်းအထင်းဆိုပါလေသည့် ကန့်သတ်ချက်၊ (မအူမလည် ပါဟုရေးပါလျှင်လည်း ရိုင်းစိုင်းရာကျမည့်အရိုးခံ) အလေ့အကျင့်နည်းပါးနေကြသည့် ပြည်သူလူထုတို့ လာမည့်ပွဲ နွှဲကြရ ပေဦးတော့မည်။ မဲရုံမှုးများလည်း မည်သို့လေ့ကျင့်ထားကြပေပြီးလည်း မသိ။ မှတ်မိ၊ ဖတ်မိသလောက် ရွေးကောက်ပွဲသမိုင်း တွင် ဒီမိုကရေစီရွေးကောက်ပွဲနှင့်ပတ်သက်၍ သန့်ရှင်းနှင့်တည်မြဲ အပြိုင်ရွေးကောက်ပွဲပြုလုပ်ခဲ့ကြသည့် ၁၉၆ဝ ဖေဖေါ်ဝါရီ ရွေးကောက်ပွဲသည် နောက်ဆုံးဖြစ်ခဲ့၏။ ထို့နောက် သမဝါယမ လူကြီးရွေးကောက်ပွဲ၊ ရပ်ကွက်ကောင်စီလူကြီးရွေးကောက်ပွဲ၊ မျက်မှောက်ခေတ် စည်ပင်ရွေးကောက်ပွဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများကြုံခဲ့ကြရပေလိမ့်မည်။ အလေ့ အကျင့်အနည်းဆုံးနှင့် ဒီမိုကရေစီနှင့်ပတ်သက်သည့်ရွေးကောက်ပွဲသည်ကား ရက်ပိုင်းအတွင်းကျင်းပပေတော့မည်။ ဒီမို ကရေစီကျကျ ဖြစ်/မဖြစ် ကျွန်တော်မပြောနိုင်သည်ကား ယနေ့နိုင်ငံရေးအခင်းအကျင်းကြောင့်ဖြစ်၏။

ပြန်လည်သုံးသပ်နိုင်သည်ကား ၁၉၆၂ မှ ၁၉၇၄ နှစ် ၁၂ နှစ်တာကာလအတွင်း တစ်ပါတီအာဏာရှင်စနစ်အောက်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီစနစ်အောက်တွင်ပြုလုပ်ခဲ့ဖူးသည့် ပထမဦးဆုံးသောပြည်သူအပေါင်း မနှစ်ထောင်းခဲ့သည ရွေး ကောက်ခံပုဂ္ဂိုလ်ကြီး ၂ ဦးထဲမှ တစ်ဦးအား မဲထည့်ခဲ့ကြရခြင်းဖြစ်ပါသည်။ ပြည်သူများသည် မကြိုက်သည့် ၂ ယောက်ထဲ တွင်မှ တစ်ယောက်အား ရွေးချယ်ကြရသည်ဖြစ်၍ ဒီမိုကရေစီရွေးကောက်ပွဲဟု မဆိုသာနိုင်ခဲ့ပါ။ ဆိုရပါလျှင် ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ ရွေးကောက်ပွဲများသည် တစ်ပါတီဆိုရှယ်လစ်ခေတ်ရွေးကောက်ပွဲများပင်ဖြစ်ခဲ့ပါ၏။ ပြည်သူအများ ရွေးချယ် ပိုင်ခွင့် လွန်စွာကင်းမဲ့ခဲ့ပါသောကြောင့် ပြည်သူအပေါင်းစိတ်ပျက်ခဲ့ကြရပါသည်။ ၁၉၉ဝ ရွေးကောက်ပွဲသည်ကား ပြောင် ပြောင်တင်းတင်း သစ္စာဖောက်ခံခဲ့ကြရသည့်အတွက် ပြည်သူတို့စိတ်ကုန်သွားခဲ့ကြပေ၏။ ၂ဝ၁ဝ ရွေးကောက်ပွဲကား အထူးစိတ်ပျက်ဖွယ်ကောင်းမှန်း မပြောလိုတော့ပြီ။

ထိုမှသည် မျက်မှောက်ခေတ် မဲကိစ္စနှင့်အများပြည်သူတို့သည် အရွယ်မရောက်သေးသည့် ၃ တန်းကလေးနှင့် အလေ့အကျင့် ကဲ့သို့ (ကျွန်တော့်သမီးနှင့် ပြတိုက်အတွေ့အကြုံကဲ့သို့) ကျွန်တော့်အနေနှင့် သုံးသပ်မိသည်။ ပြတိုက်ထဲမှအဖြစ် သနစ်တို့သည် အုတ်အော်သောင်းတင်းဖြစ်ခဲ့ပုံအားသုံးသပ်၍ လာမည့်ရွေးကောက်ပွဲအတွက်စိုးရိမ်မိပါသည်ဆိုလျှင်လည်းအစိုးရိမ်လွန့်လွန်လွန်းပါသည်ဟု အပြစ်ပြောက ခံယူပါမည်။ သမီးကျပျောက်ခဲ့သည့် ခဲဖျက်သည် မသကာဖျက်နိုင်ပါက သူမသင်ခန်းစာတစ်အုပ်မျှသာ။ ယခု ရွေးကောက်ပွဲတွင် ပြည်သူ့အခွင့်အရေးများစွာ ဆုံးရှုံးပျက်ပျယ်သွားခဲ့ပါက သမီးပြောခဲ့သည့် (ပြတိုက်) ကျတိုက်ထဲ အမှန်ကျရောက်သွားတော့မည်မှာ အမှန်ဖြစ်ပါကြောင်း။

illustration : Wassily Kandinsky


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts