စာစုတို သားကြီးမောင်ဇေယျ

သားကြီးမောင်ဇေယျ – ပန်းချီဦးလွန်းကြွယ်ရဲ့ လူပ်ခတ်နေသောစုတ်ချက်များ

သားကြီးမောင်ဇေယျ – ပန်းချီဦးလွန်းကြွယ်ရဲ့ လူပ်ခတ်နေသောစုတ်ချက်များ
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅

ဆံပင်ဖြူ အဖိုးအိုတစ်ယောက် ဟာ သုံးလက်မ စုတ်တံအပြား  နဲ့  ခရမ်းရောင် ဆေးခွက်ထဲကို တခြမ်းစောင်းနှစ်လိုက်ပါတယ်။ သူ့ လက်ကောက်ဝတ်ကို ဘယ်ညာ လှည့်ကာ ကင်းဗတ်စ အဖြူပေါ်မှာ ဆေးတင်လိုက်ပါတယ်။ စုတ်ချက်တွေဟာ ဝေ့၀ိုက် သွက်လက်နေပါတယ်။ အလင်းအမှောင် အလေးအပေါ့ တွေနဲ့ အသက်ဝင် လူပ်ရှား လို့။

သူ့ဝန်းကျင်မှာတော့ တပြည်တွေ၊ ပန်းချီ မိတ်ဆွေတွေ၊ သူ့ပန်းချီပရိတ်သတ်တွေ ၀ိုင်းနေပါတယ်။

သူ့ဘယ်ဖက် နံရံပေါ်မှာ လူတစ်ရပ်လောက်ရှိတဲ့ ဘွဲ့ဝတ်စုံနဲ့ သူ့ပုံတူပန်းချီကား ကားကြီးက သူ့ကို အပြုံးတွေနဲ့ ငုံကြည့်နေပါတယ်။

သူကတော့ ပန်းချီဆရာကြီးဦးလွန်းကြွယ်ဖြစ်ပါတယ်။ သူအခု ၈၅ နှစ် တင်းတင်းပြည့်ပါပြီ။ ဒီနေ့ သူမွေးနေ့ စက်တင်ဘာ ၂၄ ရက် မှာ ဧည့်ပရိသတ်ရှေ့မှာ သူ ပန်းချီရေးနေတာပါ။ သူတတိယအရွယ် ရောက်နေပါပြီ၊ ဒါပေမယ့် သူ့မျက်လုံးတွေ စူးရှနေသလို သူ့ရဲ့ စုတ်ချက်တွေကတော့ နုပျိုသွက်လက်နေစဲပါ။

သူက ဆေးကို ရေစိုစိုကလေး နဲ့ ရောမွှေရင်း ကင်းဗတ်စ ပေါ်မှာ( s )ပုံသဏ္ဌ္ဌန် ကောက်ကြောင်းကလေးတခု ရေးခြစ်လိုက်ပါတယ်။ ခရမ်းရောင် ဖျော့ဖျော့ ကောက်ကြောင်းကလေး တခု ပေါ်လာပါပြီ။

နောက် မျဉ်းကွေး လေး တခုကို ပထမ မျဉ်းကွေး ဘေးမှာ ချိတ်ဆက်ရေးဆွဲလိုက်ပါတယ်။ သူ့ရဲ့ စုတ်တံ အဖိ အဖွ နဲ့ အလှည့် ကလေးကြောင့် အဲဒီမျဉ်းကွေးကလေး မှာ လည်း အလင်းအမှောင် အလေးပေါ့ နဲ့ အရှိန်တွေကို တပြိုင်ထဲ တွေ့ လိုက်ရပါတယ်။

နောက်  ဆေးအဖြူနဲ့ ခရမ်းရောင်ကိုမွှေကာ နောက်ထပ်စုတ်ချက် အကွေးတခုကို ပထမ မျဉ်ကွေးနဲ့ ချိတ်ဆက်ရေးဆွဲလိုက်ပြန်ပါတယ်။

ဟော ရင်ကိုကော့ ၊တင်ကို ပစ်ကာ ထမီရေသီနားခတ်လို့ မြူးကြွသွက်လက်နေတဲ့ မြန်မာမင်းသမီးပုံ ပေါ်လာပါပြီ။

ပြာခရမ်း စုတ်ချက်တွေကိုဝေ့ကာ ၀ိုက်ကာ နဲ့  မင်းသမီးလေးရဲ့ အမှောင် ရိပ်တွေမှာဖြည့်လိုက်ပါတယ်။

မင်းသမီးတွေရုပ်လုံးကြွလာပါပြီ။

နောက်ထပ် လက်ကိုဘယ်ညာဝှေ့တဲ့ စုတ်ချက်အသွက်ကလေးကြောင့် ခါးထောင် အကျီင်္ အကွေ့ အ၀ိုက်ကလေးလည်း ပိုမိုပေါ်လွင်လာပါပြီ။

ခတ်ဝိုက်ဝိုက်စုတ်ချက်လေး က လည်း ကွေးနေအောင် က နေတဲ့ လက်လေးဖြစ်သွားပါပြီ။ လက်ရဲ့ ထိပ်ဖျားပိုင်းမှာ ခ၀ိုက်ဝိုက် ရေးချက်ကလေးဟာ မင်းသမီးလက်ထဲက တဖြတ်ဖြတ် ခတ်နေတဲ့ ယပ်တောင် လေးအဖြစ်ပုံပေါ်လာပါပြီ။

လက်အောက်မှာ အမှောက်ကလေးတချက် တို့လိုက်တာကြောင့် မင်းသမီးလေးရဲ့ရင်သားဟာ မို့မောက်လုံးကြွ သွားပါတယ်။

မင်သမီးလေးရဲ့ ဦးခေါင်း ကို အရောင်ရင်ရင့်ကလေးတွေ ရေးခြစ်လိုက်တဲ့ အခါ ဆံတောက်လေးနဲ့ ဝေ့၀ဲနေတဲ့ ဆံပင် အဖြစ် ပုံပေါ်လာပါတော့တယ်။

နောက်ထပ်အမှောင်တွေကိုထပ်မံ အားဖြည့်လိုက်တဲ့ အခါ မှာတော့ မင်းသမီးလေးဟာ ကြွကြွရွရွကလေး ပေါ်လာပါတော့ တယ်။

ဆရာဟာ ရွှေအိုရောင်ဖျော့ဖျော့ ကလေးနဲ့ ပြာခရမ်း ကိုရောမွှေရင်း ပန်းချီ နောက်ခံ ကိုအားဖြည့်လိုက်ပါတယ်။

ရောမွှေေ၀၀ါးတဲ့ နောက်ခံ စုတ်ချက်တွေကြောင့် မင်းသမီးလေးပုံမှာ ရှေ့ဖက်ကို ပိုမို ကြွတက်လာပါတယ်။

မင်သမီး လေး လက်အောက်နားမှာ အဖြူများများနဲ့ ရေးလိုက်စုတ်ချက်ကြမ်းကြမ်းဟာ လေထဲလွှင့်နေတဲ့ ပုဝါကလေးဖြစ်သွားပါတော့တယ်။ ပုဝါလေးနှစ်ဆ ရဲ့ အနီးအဝေး ၊ အလွင့် အပျံ တွေကြောင့် မင်းသမီးလေးရဲ့ အကဟာ ပိုမိုသွက်လက်သွားပါတော့တယ်။

ဆရာလည်း စုတ်တံ အသေးကိုယူကာ ပန်းချီကား ညာဖက်ထောင့် မှာ လက်မှတ်ရေးထိုးပြီး ပန်းချီကားရေးဆွဲ ပြီးကြောင်း အသိပေးလိုက်ပါတော့တယ်။

လက်ခုတ်သံတွေတဖြောင်းဖြောင်းထွက်ပေါ်လာပါတယ်။ ပန်းချီကားရေးတာ ၁၅ မိနစ်သာကြာပါတယ်။

ဒီပန်းချီကားကို ဆရာ့ရဲ့ ၈၅ နှစ်မြောက်မွေးနေ့လည်းဖြစ်၊ ARTIST LIFE ကိုယ်ပိုင် ပြတိုက် ဖွင့်ပွဲ လည်းဖြစ်တဲ့ စက်တင်ဘာ ၂၄ ရက် နေ့မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

သားကြီးမောင်ဇေယျ  (၂၉-၀၉-၂၀၁၅ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts