ကဗ်ာ

နီ လ ာ မုိ း ေ ဆြ – ငြ မ်း

နီ လာ မိုးေ ဆွ – ငြ မ်း
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅

ဖြူလွှလွှ နှင်းပွင့်တွေလယ်
ဇရာအိုကြားက အမေ့နှုတ်ခမ်းကို
ငေးမော
မရိုးနိုင်တဲ့ အိပ်ရာဝင်ပုံပြင်တွေကြား
ဆောင်းညတွေကို ခုံမင်မက်မောခဲ့ဖူးတယ်။

ဖောက်ပြန်လာတဲ့ ပထဝီကို
အမှောင်ကကြီးစိုး
ယုတ်လျော့လာတဲ့ ကမ္ဘာမြေဆွဲအားကြောင့်
ခြေမခိုင် ယိမ်းယိုင်လာသမျှ
မီးခိုးတိုးတိတ် လျှပ်ရောင်ဝင်းဝင်း
မြူခိုးငွေ့ငွေ့ ကမ်းကဝါးဝါး
နံရံတွေရဲ့ပင့်သက်ရှိုက်သံတွေကြောင့်
အိမ်မက်က ကျူံးထ
နွေခေါင်ခေါင်ညတွေမှာ
ထန်းလက်နဲ့ ကာလို့မရခဲ့ဘူး။

တပေါက်ပေါက်ကျနေတဲ့ မိုးစက်တွေကြား
ရောင်တော်ပြန် အရောင်ပေါင်းစုံနဲ့
ကမ္ဘာမကြေသံက သဲ့သဲ့
ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိတဲ့လက်သီးဆုပ်က
ညှိုးငယ်စွာ မျက်လွှာကိုသိမ်း
မမှောက်မှားခဲ့ပေမယ့်
ကမ္ဘာတုန်အောင် ပလ္လင်လှုပ်ခဲ့တဲ့အကြောင်း
နံရံတွေကိုသာ သက်သေတည်နေမိတော့တယ်။ ။

နီလာမိုးဆွေ

illustration : Aung Htet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts