ကဗျာ ခင်လွန်း

ခင်လွန်း – သူရဲကောင်းကျင့်စဉ်နဲ့ သူယုတ်မာတို့၏လမ်း

ခင်လွန်း – သူရဲကောင်းကျင့်စဉ်နဲ့ သူယုတ်မာတို့၏လမ်း
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅

သူရဲကောင်းက ပြောလိုက်တယ်
ရိုးရိုးလေးပဲကျနော်ပြောပါရစေ
သူရဲကောင်းတယောက်ဘ၀ဟာ
ထင်သလောက်မလှပဘူး

ရိုးရိုးလေးပဲပြောပါ့မယ်
သူရဲကောင်းမဖြစ်ခင်မှာ
သူရဲကောင်းလောင်းလျာဟာ
တိုက်ပွဲတွေများခဲ့ရ
တိုက်ပွဲတကာတိုက်ပွဲထဲမှာ
အဆိုးဆုံးတိုက်ပွဲနဲ့ အပြင်းထန်ဆုံးတိုက်ပွဲက
အချင်းချင်းကြား ဖြစ်ရတဲ့တိုက်ပွဲတွေပါပဲ

အချင်းချင်းကြားမှာပဲ
တိုက်ပွဲဟာ မျိုးစုံခဲ့တယ်
ကြပ်မပြည့်သောသူများနဲ့ ကြပ်ပြည့်တယ်လို့
ကိုယ့်ကိုယ်ထင်သောသူများ
ကြပ်အပြည့်လွန်နေသူများနဲ့ ကြပ်မပြည့်တပြည့်သမားများ
ရှေ့ကျွမ်းသမားနဲ့ နောက်ပြန်ကျွမ်းသမား
အုန်းပင်စိုက်စိုက်ပြသူနဲ့ ဖင်လိမ်ကွင်းကတတ်သူများ
လူစုစုမြင်ရင်
ခေါင်းဆောင်ထဖြစ်ချင်ကြသူများ
ကိုယ့်ကိုယ်ကိုယ် ရာဇပလ္လင်
ဖင်မှာပါတယ်ထင်သူများ
ရွေးကောက်ပွဲနေ့မှ
ဒံပေါက် ထကျွေးကြသူများ
သူကြီးခြေသလုံးဖက်ပြီး
ရွာသားတွေကြ လင်ထီးတတ်ကြသူများ
……
တိုက်ပွဲဟာပြင်းထန်ခဲ့တယ်
ဒီမှာ ထင်ပေါ်ဖို့ဆိုရင်
ဖင်ဖော်တာလည်း သေနင်္ဂဗျူဟာမြောက်တာပါပဲ ဆိုသူများကြားလေ…

သူရဲကောင်းက ပြောပါတယ်
*(မှတ်ချက် -သတင်းစာရှင်းပွဲမှာတခုတော့ မဟုတ်ပါ)
ကျနော်ဟာ
ဘာတခုမှ ထူးထူးခြားခြားမလုပ်ခဲ့ပါဘူးတဲ့
တခုတည်းသောအရာသာ ကျနော်လုပ်ခဲ့တာပါ
တကယ်အသေအချာ ဒီတခုတည်းပါပဲ
ကျနော်မယုံတာကို  လုံးဝမလုပ်ဖို့နဲ့
ကျနော်ယုံတာကို ဘယ်လိုဖြစ်ဖြစ် လုံးဝလုပ်ဖို့
ရွေးချယ်ခဲ့ခြင်းသာ..တဲ့
ဒါ သိပ်ခက်ခဲတဲ့ သူရဲကောင်းဂုဏ်ပုဒ်လားတဲ့…
မေးခွန်းပြန်ထုတ်လိုက်ပါတယ်။

လူတွေ
လက်ခုပ်သြဘာပေးကြ
ကောင်းချီးအမျိုးမျိုးပေးကြ
သူတို့အိမ်ရဲ့ဧည့်ခန်းဆောင်မှာ
သို့မဟုတ်
သူတို့ရဲ့ ဓာတ်ပုံအယ်လ်ဘန်ထဲမှာ
သို့မဟုတ်
အများမြင်သာတဲ့ သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ
တခုခု သို့မဟုတ် အားလုံးမှာ ဖော်ပြဖို့
ခါတိုင်းလုပ်နိုင်ကြ
ထင်ပေါ်သူတွေ၊ အခြေအနေကောင်းသူတွေ
လုပ်ပိုင်ခွင့်ရထားသူတွေနဲ့ ဓာတ်ပုံများတွဲရိုက်ခဲ့သလို
အခုလဲ
သူရဲကောင်းနဲ့အတူ
ဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြ
သူတို့လက်မတွေကို ထောင်ထားခဲ့ကြ
သူတို့အော်တိုစာအုပ်တွေမှာ
သူရဲကောင်းရဲ့လက်မှတ်ကို ရယူသွားကြ
ပြီးတော့ သူတို့တွေဟာ
ဖင်လိမ်ကွင်းကပြီး ကျေနပ်စွာ ပြန်သွားကြ
တချို့က ရှေ့ကျွမ်းနောက်ကျွမ်းတွေပစ်ပြီး ပြန်သွားကြ
သူတို့ဟာ
လွယ်ကူလွန်းတဲ့သူရဲကောင်းလမ်းစဉ်ကို
လူထူထူရှေ့မှာ နောင်အခါခါ
အာကျယ်ကျယ် ဟောပြောရွတ်ဆိုပြဖို့
အာဂုံဆောင် အလွတ်ကျက်မှတ်ခဲ့ကြပြီ။

ခုဆို
လူကြမ်းနဲ့မင်းသား
ထွေပြားလှတဲ့ဇာတ်မျောကြီးကြား
အဲဒီ့လူစားတွေက
ဟိုနား တကဲကဲ  ဒီနား တကဲကဲ
သူတို့အတ္တဘောကြီးတွေ
ပေါလောပေါလော တဖွဲဖွဲနဲ့
လောကကြီးဟာလေ
တရုတ်ရုတ် တသဲသဲ။

ခင်လွန်း
၆.၆.၂၀၁၄

နံနက်- ၁၀း ၅၅ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts