ဝင်းအောင်ကြီး လူများ၊ ရုပ်ပုံလွှာများ မောင်အောင်မွန် ဖြစ်ရပ်များ၊ အမှတ်တရများ

ဝင်းအောင်ကြီး – သေသည့်တိုင် ဘောလုံးသံယောဇဉ် မဖြတ်နိုင်တဲ့ ခင်မောင်ထွေး (ပျဉ်းမနား)

 

ဝင်းအောင်ကြီး – သေသည့်တိုင် ဘောလုံးသံယောဇဉ် မဖြတ်နိုင်တဲ့ ခင်မောင်ထွေး (ပျဉ်းမနား)

ကျနော်တွေးမိသလို ရေးပါမည် (၆၄)

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၅

မြန်မာ့အားကစား အထူးသဖြင့် ဘောလုံးအကြောင်း ရေးသားကြတဲ့ ကလောင်ရှင်တွေထဲ ခင်မောင် ထွေး(ပျဉ်းမနား) နဲ့ပိုရင်းနှီးရတာ

၁၊ ဗိုလ်တထောင်သတင်းစာမှာ သူကအယ်ဒီတာ၊ ကျနော်ကဆောင်းပါးရှင်။

၂၊ သူလည်းအားကစားဝတ္ထု ရေးလို့ အားကစားသမားမှာလည်း နှလုံးသားနှင့် နာမည်နဲ့ ကျနော်တို့တွဲပြီး စာအုပ်ထုတ်ဖူးတယ်။

 မြ၀တီထဲကသူရဲ့ မိုးတိမ်သို့နှယ် ၀တ္ထုကို ကျနော်ဇာတ်ညွှန်းရေး၊ ဂိုးသမားတင်အောင်၊ ချစ်စပယ်၊ ဘော်လုံးပွဲက တိုကရိုက်အသံလွှင့်ကြတဲ့ ဦးမောမောင်ယဉ်၊ ဦးဝင်းမြင့်တို့အသံနဲ့ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ဇာတ်ဆို သတင်းစာတွေက ချီးကျူးရေးသားကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်း ဖိုင်နယ်ပွဲအကြို ( Round Table Talk) ဆွေးနွေးပွဲမှာ ဦးစီးရတဲ့ ကျနော်က ခင်မောင်ထွေး(ပျဉ်းမနား)ကို မောင်ရဲဝင်းနဲ့ တေ့ပေးတယ်၊ တက္ကသိုလ်ကိုကိုကြီးက ဦးဝင်းတင်ရဲ့ဟံသာဝတီကို ရောက်နေချိန်မို့ အား-ကာ ပြန်ကြားရေးမှူး ကိုအောင်တင် ( ထားသခင်က မင်းသား-မေမြို့သား) နဲ့အတူ မန္တလေးတိုင်းဘက်က၊ အားကစား ပညာပေးရေးမှူး တက္ကသိုလ်စိုးဝင်းတို့က ရန်ကုန်ဘက်က၊ကျောက်ဘီလူး တင်မောင်ဆွေ ဂျာမနီရောနေလို့ အားနည်းနေပေမယ့် ငြင်းကြခုန်ကြနဲ့ တချက်လေးမှ မပျင်းရ၊ ၄၅ မိနစ်ကြာတဲ့အစီအစဉ်ပါ။

 မြန်မာအသံမှာ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ကသာလုပ်ရတာ၊ ဘေားလုံးပွဲကိစ္စမို့ ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေအားလုံး ကျနော်နဲ့ရင်းနှီးနေတာကြောင့် ရာထူးငယ်ငယ်နဲ့လုပ်ခွင့်ရလိုက်တာပါ။ အဲဒီခေတ်အခါက တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲအချိန်ဆို တပြည်လုံး ကလေးလူကြီး ကိုယ့်တိုင်းကိုယ်ပြည်နယ်အကြောင်း ပြောကြဆိုကြ၊ အားပေးကြနဲ့ အောင်ဆန်းကွင်း လူလျှံလို့။ ဗိုလ်တထောင်သတင်းစာထဲက ခင်မောင်ထွေး (ပျဉ်းမနား) ရဲ့  ဒီဒိုင်းနဲ့ ဒီတိုင်း ဒီပြည်နယ် ဆောင်းပါးကို ဘောလုံးပွဲမကြည့်ခင် ကြိုတင်ဖတ်ကြရတယ်။

ခုတော့ အခြေအနေတွေ ပြောင်းသွားပြီ၊ ဘောလုံးပွဲဆိုတာ မျောက်ပန်းဝိုင်းလိုလို ဖဲဝိုင်းသာသာ အလောင်းအစား လုပ်စရာ၊ ဘောလုံးမရှိ ကွင်းနတ္ထိ။ ၁၉၉၅ ခု၊ ကျနော် VOA ရောက်လာတော့ အားကစားအစီအစဉ်ကနေ သူတို့အမြင်တွေကို အသံလွှင့်ပေးရင်း၊ ဆရာငြိမ်းဆုံးတော့ ကျောက်ဘီလူကြီး ဆုံးတော့ ခင်မောင်ထွေး (ပျဉ်းမနား) နဲ့ လုပ်ခဲ့ရတယ်။ ကိုဖေသိန်းဆုံးတော့ သူဆောင်းပါးရေးတယ်၊ ဧရာဝတီမှာ သူ့ဆောင်းပါးတွေဖတ်ကာ အားပေးတော့ ဘောပင်နဲ့ပဲ ကန်နေရတယ်ဗျို့လို့ တယ်လီဖုန်းထဲကပြောတယ်။ ကိုထွေးလိုချင်တဲ့ဆေးတွေ မပို့ဖြစ်တာကြာပြီ၊ ခုကွယ်လွန်သွားပြီဆိုတော့ ပန်းခြင်းအစား ခင်မောင်ထွေး (ပျဉ်းမနား) ရဲ့ အမှတ်သားအဖြစ် ဒီစာသားတင်လိုက်တာ သဘောမတူတောင် နားလည်ပေးကြပါ။

 ၂၀၁၅ ခု၊ စက်တင်ဘာလ ၂၇ ရက်နေ့ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၀င်းအောင်ကြီး – သေသည့်တိုင် ဘောလုံးသံယောဇဉ် မဖြတ်နိုင်တဲ့ ခင်မောင်ထွေး (ပျဉ်းမနား)
  1. ဆရာကြီး ဦးခင်မောင်ထွေး(ပျဉ်းမနား)ကွယ်လွန်ခြင်းသတင်းကြားသိရတဲ့အတွက် အလွန်အမင်း ၀မ်းနည်းခြင်း ဖြစ်ရပါတယ်

Comments are closed.