ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ရွေးကောက်ပွဲကြီး နီးလာပြီနှင့် မောင်မိုးသူ

မောင်မိုးသူ – ရွေးကောက်ပွဲကြီး နီးလာပြီနှင့် မောင်မိုးသူ
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅

မော်ဒန်သတင်းဂျာနယ်၊ ၂၅ စက်တင်ဘာလ ၂၀၁၅ မော်ဒန်သတင်းဂျာနယ် ပါ မောင်မိုးသူ၏ ဆောင်းပါး ဖြစ်သည်။

ရွေးကောက်ပွဲကြီး နီးနီးလာတာနဲ့အမျှ တိုင်းပြည်အဝန်း ပြောစရာစကားတွေ၊ မေးခွန်းတွေက တပုံတပင် ထွက်ပေါ်လာနေပါ တော့တယ်။ ရွေးကောက်ပွဲကြီးကို ကြီးမှူးကျင်းပရတဲ့ပုဂ္ဂိုလ်ကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်ပါတယ်။ ဗိုလ် ချုပ်ကြီးဟောင်း ဦးတင်အေးဟာ တပ်ခေါင်းဆောင်တွေထဲမှာ ထိပ်ပိုင်းကပါသူတယောက် ဖြစ်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် တွေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရာမှာ ဦးတင်အေးလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ၂၀၁၀ ရွေးကောက်ပွဲမှာအနိုင်ရပြီး သမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့၊ ဝန်ကြီးတို့စတဲ့ နေရာတွေကို ထိပ် ပိုင်းခေါင်းဆောင်တွေကို နေရာပေးပါတယ်။ သမ္မတက ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သူရဦးရွှေမန်း စသည် စ သည်ဖြင့်ပေါ့လေ။ အဲထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ဦးတင်အေးကိုတော့ ဘယ်နှယ့်ဗျာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတဲ့။ အုပ်ချုပ်မှုပိုင်းဆိုင်ရာလည်းမဟုတ်၊ လွှတ်တော်ဥက္ကဋ္ဌနေရာလည်း မဟုတ်၊ နောက်ငါးနှစ်အကြာမှပြုလုပ်ရမယ့် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီးရယ်လို့ ကြံကြံဖန်ဖန်လို့ မောင်မိုးသူ တွေးခဲ့မိပါသေးတယ်။

ယခုတော့ စီမံခန့်ခွဲမှုမှာ အကွက်စေ့လွန်းတဲ့ပြည်ခိုင်ဖြိုးက သူတို့ရဲ့ အရေးပါတဲ့၊ ဂိုးသွင်းလည်းကောင်းတဲ့၊ ခြေစွမ်းလည်း ထက်တဲ့ ရှေ့တန်းတိုက်စစ်မှူးတယောက်ကို အမြှော်အမြင်ကြီးစွာနဲ့ ဒိုင်လူကြီးတာဝန်ကို ပေးခဲ့ပေတာကိုး။ ထိပ်ချမှ ဓားပြ မှန်းသိရလို့ ကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ ဒိုင်လူကြီးရဲ့ အရေးပါအရာရောက်မှုကို သိရပါတော့တယ်။

ရွေးကောက်ပွဲကော်မရှင် အဓိကတာဝန်က မဲစာရင်းပြုစုရတာက အဓိက တာဝန်ပဲလေ။ ပထမ မြန်မာနိုင်ငံမှာ အရေးကြီး အရေးပါတဲ့ သန်းခေါင်စာရင်းကို နိုင်ငံတကာငွေကြေးထောက်ပံ့မှုအကူအညီနဲ့ ကောက်ယူပြုစုပါတယ်။ အဲသည် ထွက်ပေါ် လာတဲ့ရလဒ်ကတော့ မြန်မာပြည်ရဲ့လူဦးရေဟာ သန်း ၆၀ လို့မှတ်နေကြတာ သန်းခေါင်စာရင်းအရ ၅၁ သန်းပဲရှိသတဲ့။ လေးငါးသန်းက ရွှေ့ပြောင်းတွေဖြစ်သွားထင်ပါရဲ့။ သန်းခေါင်စာရင်းကိုအခြေပြုပြီး ၂၀၁၅ ရွေးကောက်ပွဲ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာမှာ မပြည့်စုံဘူးဆိုတဲ့အသံတွေထွက်လာပြီးနောက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကပ်လိုက် ရာ ပိုဆိုးပြီး ပိုရှုပ်ထွေးသွားပါတယ်။

ပထမအကြိမ်ထုတ်က သန်းခေါင်စာရင်း၊ အိမ်ထောင်စုစာရင်းကိုအခြေပြုပြီး ထုတ်ပြန်တာဖြစ်လို့ မပြည့်စုံသေးဘူးလို့ အသံ တွေထွက်နေပေမဲ့ ကြည့်ရှုရာမှာ၊ ရှာဖွေဖတ်ရှုရာမှာ အခက်အခဲ သိပ်မရှိလှဘူးလို့ ဆိုပါတယ်။ ဒုတိယအကြိမ် စက်တင်ဘာ မှာထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင်များစာရင်းကတော့ အက္ခရာ ဝလိနဲ့ထုတ်ပြန်လို့ ပိုမိုရှုပ်ထွေး၊ ရှာရဖွေရ ခက်ခဲတယ်လို့ ဆို ကြပြန်ပါတယ်။အဲသည် မဲစာရင်းထုတ်ပြန်ရာမှာလည်း ရွေးကောက်ပွဲကော်မရှင်က ၃၀ ရာခိုင်နှုန်းအထိသာ မှန်ကန်နိုင် ကြောင်းပြောလေတော့ ပြောစရာစကားတွေအများကြီး ဖြစ်လာတော့တာပေါ့။

သတင်းစာတစောင်ရဲ့မျက်နှာဖုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီး၍ ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရှိကြောင်း ဖွဲ့ စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ ဖော်ပြထားပြီး ဆန္ဒမဲဆုံးရှုံးအောင် ပြုလုပ်သူများကို ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပြစ်မှုများဆိုင်ရာ၊ ပြစ်ဒဏ်များ ဆိုင်ရာဥပဒေပုဒ်မ ၅၇ မှာ ပါရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ တချိန်တည်းမှာ အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး ဟော ပြောပွဲမှာ မဲစာရင်းမှားယွင်းနေခြင်းမှာ တာဝန်ယူလုပ်ဆောင်သူများ၏ လုပ်ပုံ လုပ်နည်း မပီပြင်ခြင်းလား။ သို့မဟုတ် ပြည်သူ အများစု မဲပေးမည်ကို စိုးရိမ်နေခြင်းလားဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်က တရားမျှတတဲ့ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုသွားမယ်လို့ ကြေညာပါတယ်။ တချိန်တည်းမှာ စစ်တပ်အနေနဲ့ အာဏာသိမ်းမှာမဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။ တဆက်တည်းမှာ ရှေ့တန်းတာ ဝန်ကျတပ်မတော်သားများသာ ကြိုတင်မဲပေးရမှာဖြစ်ပြီး ကျန်တဲ့သူတွေ တပ်ရင်းများမှာပဲ ကိုယ်တိုင်မဲပေးရမယ် ဆိုပါတယ်။ တချိန်တည်းမှာ အင်န်အယ်လ်ဒီဥက္ကဋ္ဌက တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များဟာ ပြည်သူတွေဖြစ်တဲ့အတွက် တပ်ရင်း၊ ရဲစခန်း အတွင်းမှာသာ သီးခြားမဲပေးခြင်းမပြုလုပ်ကြဘဲ အများနည်းတူ ပြည်သူ့မဲဆန္ဒရုံများမှာသာ မဲပေးသင့်ကြောင်း ပြောဆိုလာတာတွေ တွေ့ရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ဆန္ဒမဲကတ်ပြားကို ငွေကြေးမြောက်မြားစွာ အကုန်အကျခံသုံးစွဲပြီး နိုင်ငံခြားမှာ ပုံနှိပ်ရိုက် နှိပ်ရ ပါကြောင်း ကြေညာထားပါတယ်။ မဲဆန္ဒရှင်များက မဲပေးရာမှာ မိမိတို့မဲပေးမယ့် ကိုယ်စားလှယ်လောင်းများရဲက အမည်စာ ရင်းပါ ကွက်လပ်မှာ အမှန်ရေးခြစ်ခြင်းမဟုတ်တော့ဘဲ တံဆိပ်တုံးထုရမယ်လို့ ဆိုပြန်ပါတယ်။ တံဆိပ်တုံးထုရာမှာလည်း မှားယွင်းရင်၊ မပီသရင် ပယ်မဲဖြစ်နိုင်တယ်လို့ ဆိုပြန်ပါတယ်။

တံဆိပ်တုံးထုပြီး မဲပေးရခြင်းဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲအစဉ်အလာမှာ ပထမအဆုံးအကြိမ် သုံးစွဲခြင်းဖြစ်ပြီး ရှုပ်ထွေး ခက်ခဲအောင် လုပ်ဆောင်တယ်လို့ ဝေဖန်သံတွေကလည်း ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်ခဲ့ပါတယ်။

တကယ့် တကယ်က ၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွက် ရွေေးကာက်ပွဲကော်မရှင် ကြေညာချက်အရ မဲဆန္ဒရှင် ၃၂ သန်း မဲပေးပိုင်ခွင့်ရှိမယ်လို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၀၁၀ မှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာ ဘယ်လို ဘာမှန်းတောင် မသိ လိုက်တဲ့ ဝေးလံသီခေါင်တဲ့ အရပ်ဒေသတွေက ပြည်သူတွေရဲ့ဖြစ်ရပ်ကို စိတ်မကောင်းစရာ တွေ့သိကြရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ တကယ်တော့ ၂၀၀၈ အခြေခံဥပဒေအရ ကိုယ်စားလှယ်စာရင်းရဲ့ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကိုသာ ယှဉ်ပြိုင်အရွေးခံကြရမှာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ၂၅ ရာခိုင်နှုန်းက တပ်မတော်ကိုယ်စားလှယ်များက အရွေးခံစရာ မလိုဘဲ ရပိုင်ခွင့်ယူထားပြီး ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲက နီးလာလေလေ ပို၍ ရှုပ်ထွေး၊ မေးစရာကလည်း ထွေပြားလေလေ ဖြစ်နေပါပြီ။ တာ ဝန် ရှိ ရွေးကောက်ပွဲကော်မရှင်ကလည်း ဘာမှ ခိုင်ခိုင်မာမာ တာဝန်ယူခြင်းကိုလည်း မတွေ့ရပါဘူး။

ဒါပေမဲ့လည်း ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာက အထူးသဖြင့် ဥရောပကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာမယ်လို့ဆိုကြသလို ပြည်တွင်းမှာလည်း ရှစ်လေးလုံးပွင့်လင်းအဖွဲ့အပါအဝင် စောင့်ကြည့်မယ့် အဖွဲ့အစည်းတွေ အ များကြီး ရှိနေပါတယ်။

နီးလာလေလေ ရှုပ်ထွေးလေလေ ဖြစ်လာတဲ့ ရွေးကောက်ပွဲကြီးမှာ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီကြီးများကလည်း အပြိုင် အဆိုင်စည်းရုံးကာ တချိန်တည်းမှာ ရှုပ်ရှုပ်ထွေးထွေးကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကြီး နီးလာပြီနှင့်  မောင်မိုးသူပါ။

သရုပ်ဖော် – ကာတွန်း စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts