ရသဆောင်းပါးစုံ

ထင်အောင် – ကျွန်တော်ညှပ်ခဲ့ဘူးသော ဆံသဆိုင်များ


ထင်အောင် – ကျွန်တော်ညှပ်ခဲ့ဘူးသော ဆံသဆိုင်များ
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅
ငယ်စဉ်က ဘာဘာလာပြီဆိုသောအသံကိုကြားရမှာကို အလွန်စိုးရိမ်မိပါတယ်။ ဘာဘာဆိုတာက သံဘူးကိုလက်မှာကိုင်ကာ ဘာဘာ-ဘာဘာဟု လမ်းတလျှောက်အော်လာသော ဆံသဆရာကုလားကြီး များဖြစ်ပါတယ်။ သူကိုင်လာသောဆေးရောင် မှိန်နေတဲ့ သံဘူးအစုတ်ထဲမှာ ဆံပင်ညှပ်ရန်ကိရိယာအစုံပါလာပါတယ်။ ဘာဘာကုလားဟုအသံကို ကြားလိုက်တာနဲ့ ဆံပင်အညှပ်ခံရတော့မယ်ဆိုတာကိုသိနေပါတယ်။ အဘိုးက “ဘာဘာလာအုံး (ဘာဘာအာဂျာ)” လို့ ခေါ်သံကြားလိုက်ပါက လက်တဆစ်သာရှိနေသေးသော ဆံပင်တိုတိုကို ဘူးအတွင်းမှာပါတဲ့ ကိရိယာများနဲ့ ထယ်ထိုးသလို ပြောင်စင်အောင်ရှင်း တော့မှာကို သိထားပါတယ်။ ပထမဆုံးအညှပ်ခံခဲ့ရတဲ့ ဆံသဆရာ ဘာဘာဖြစ်ပါတယ
အိမ်ပေါ်ကိုရောက်တာနဲ့ အဘိုးနဲ့မြေးတစုက အသင့်ချထားသောခွေးခြေခုံပေါ်မှာ အလှည့်ကျထိုင်ကြကာ ဘာဘာပြုသမျှ နုနေရပါတယ်။ အလှည့်ကျသူကို သူ၏သေတ္တာအတွင်းက ဖြူဖြူဖွေးဖွေးပိတ်စနဲ့ လည်ပင်းကိုပတ်လိုက်ပါတယ်။ ပြီးမှ ကိရိယာမျိုးစုံနဲ့ အလှဖန်တီးမှုကိုစပါတော့တယ်။ လက်တဆစ်စာဆံပင်ကိုဖြတ်တောက်ရတာ အချိန်သိပ်မကုန်ပါ။ ထိုခေတ် က အင်မတန်ခေတ်စားနေသော မင်းသားဗလင်တီနိုကေပုံစံလိုဖြစ်စေချင်ပေမဲ့ ဘာဘာလက်ကထွက်သူအားလုံးကတော့တပုံစံထဲဖြစ်နေပါတယ်။ သွေးသောက်-ရှုမဝမဂ္ဂဇင်းတွေက ကြေငြာတွေမှာပါတတ်တဲ့ ရုပ်ရှင်မင်းသားမြင့်အောင်- မျိုးချစ်တို့ ရဲ့ဆံပင်ပုံစံနဲ့လုံးဝမတူသောပုံတွေသာထွက်နေပါတယ်။ ဒါပေမဲ့ ဘာဘာက ဆံပင်ကိုညှပ်နေရင်း ဒီပုံကရိုးရိုးကြီး ဇေယျကေ ကွ၊ ဒီပုံကကျွန်တော်ချစ်မောင် အခုရုံတင်နေတဲ့ကားမှာ ညှပ်ထားတဲ့ပုံကွစသဖြင့် အညှပ်ခံနေသူကိုမပျင်းရအောင် တလစပ် မရပ်မ နားပေါက်ကရ ရှစ်သောင်းပြောတတ်ပါသေးတယ်။ ဆံသခကတယောက်ကို တမတ်သာ ပေးရပါတယ်။ နှစ်ပတ်မှာ တခါအညှပ်ခံနေရတော့ အမြဲတမ်းဆံပင်တိုတိုနဲ့သာ နေတတ်လာပါတယ်။

ကျောင်းနေတဲ့အရွယ်မှာ လူကြီးတွေက လက်တိုလက်တောင်းခိုင်းသောကြောင့် အိမ်ပတ်ဝန်းကျင်၊ ဈေးစတဲ့နေရာတွေကို သွားရတဲ့ခြေမြန်တော်အဝယ်သမားဖြစ်လာပါတော့တယ်။ သွားရင်းလာရင်း လမ်းမတန်းကဆံသဆိုင်တခုကို သတိထားမိ လာပါတယ်။ ဆုံလည်ကုလားထိုင်-ခုံ၏ရှေ့နဲ့နောက်ကမှန်ချပ်ကြီးများ၊ ဆိုင်အတွင်းရှိသစ်သားစားပွဲပေါ်မှ ကာတွန်းစာအုပ် တွေကဆိုင်မှာလာညှပ်ပါလို့ ဖိတ်ခေါ်နေပါတယ်။ ဘာဘာနဲ့ ဝရံတာမှာ ခွေးခြေပေါ်မှာ အညှပ်မခံလိုတော့ပါ။ ဆုံလည်ကုလား ထိုင်ကြီးပေါ်မှာ ဇိမ်နဲ့ထိုင်ကာ မော်ဒန်ကာတွန်း-ပေါ်ပြူလာကာတွန်း-ကာတွန်းစုံတို့ကိုဖတ်ရင်း ဆံပင်အညှပ်ခံချင် လာပါ တယ်။ ဆံပင်ညှပ်ပြီး တချို့လူကြီးတွေခေါင်းမှာ ဆပ်ပြာမြှုပ်တွေနဲ့ဇိမ်ခံခေါင်းလျှော်နေတာမျိုးကို အားကျကာ အလျှော်ခံချင် စိတ်တွေဖြစ်လာပါတယ်။ ဆံသခက ကလေးငါးမူး၊ လူကြီးသုံးမတ်ဆိုတော့ ဈေးကြီးနေပါတယ်။ ဘာဘာကိုသာ ဆုံလည် ကုလားထိုင်ယူလာခဲ့ပါလို့ ချော့မော့တောင်းပန်ရပါတယ်။ စိတ်ကသာ ဆုံလည်ခုံကြီးပေါ်ရောက်နေပေမဲ့ လူကတော့ ခွေး ခြေပေါ်မှာထိုင်နေရသေးတဲ့ဘဝက မလွတ်သေးပါဘူး။

တနေ့မှာ အဖေက သစ်ဆန်းမှာ ဆံပင်သွားညှပ်ရအောင်ဟေ့ဟုပြောလိုက်သံဟာ နားဝင်အချိုဆုံးအသံဖြစ်လာပါတယ်။ နေမကောင်းလို့မလာနိုင်တဲ့ ဘာဘာကုလားကိုတောင် ကျေးဇူးတင်မိပါသေးတယ်။ အလွန်သွားချင်တဲ့နေရာကို သွားလိုက် ရမယ်ဆိုတာကြောင့် လူကသွက်လက်နေပါတယ်။ အဖေလမ်းလျှောက်တာတောင် နှေးတယ်ထိမိပါသေးတယ်။ သစ်ဆန်း ဆံသဆိုင်ဆိုသော ဆိုင်းဘုတ်ကို မော့ဖတ်ပြီးမှ ဆိုင်ထဲကို မြောက်ကြွမြောက်ကြွနဲ့ ခေါင်းမော့ကာဝင်ရောက်ခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းကကာ တွန်းစာအုပ်တွေကိုပုံထားတဲ့စားပွဲခုံစီကိုဖြစ်ပါတယ်။ ကာတွန်းစာအုပ်တွေဟောင်းနေပါပြီ။ လ ကျော်စာအုပ်များဖြစ်နေပါပြီ။ ဒါကြောင့် အမြဲလာနေသူများက မဖတ်ကြတော့ပါ။ ကျွန်တော်အတွက်ကတော့ မဖတ်ရသေး တော့ အသစ်ဖြစ်နေကာ အားရပါးရဖတ်နေမိပါတော့တယ်။ အလှည့်ကျသဖြင့် ဆုံလည်ခုံကြီးပေါ်တက်ရချိန်မှာ ဘာဘာ လက်ကလွတ်ပြီဟု တွေးမိပါသေးတယ်။ ဆုံလည်ပေါ်မှာထိုင်လိုက်ချိန်မှာ လူကိုရှေ့ရောနောက်ကပါမြင်နိုင်တဲ့ မှန်ချပ်ကြီး တွေကိုကြည့်နေမိပါတယ်။ ဘာဘာတုံးက ကိုယ့်နောက်ဘက်ကို သူဘာလုပ်နေမှန်းမသိခဲ့ရပေမယ့် အခုတော့သိနိုင်ခဲ့ပါပြီ။

လက်ထဲကကာတွန်းစာအုပ်ကို အိုက်တင်အပြည့်နဲ့ဖတ်လိုက် မှန်ကိုကြည့်လိုက်နဲ့ အင်မတန်မှဟန်ကျနေပါတယ်။ ဆံသ ဆရာကလည်း ကလေးတွေအကြိုက်ကိုသိပါတယ်။ ဆုံလည်ကုလားထိုင်ကိုလည်အောင် လှည့်လှည့်ပေးပါတယ်။ ဆရာက ပြီးပြီဆိုလိုက်တော့ မဆင်းချင်ဆင်းချင်နဲ့ ဆင်းလိုက်ရပါတယ်။ အိမ်ပြန်ရောက်တော့ မှန်ပြန်ကြည့်လိုက်တော့မှ ဘာဘာ လက်ရာ ကတုံးဆံတောက်ပုံစံနဲ့ အတူတူဖြစ်နေတာကိုတွေ့ မိပါတယ်။ ဘယ်လိုပဲတူတူ ဆုံလည်ခုံကြီးရယ်ကာတွန်းစာအုပ် တွေရယ် ဆိုင်ရဲ့အခင်းအကျင်းတွေက နောက်တခါသွားညှပ်ချင်သိပ်ဖြစ်အောင် စွဲဆောင်နေပါတော့တယ်။ မဖတ်ရသေးတဲ့ ကာတွန်းတွေက အများကြီးကျန်သေးတယ်လေ။

ဒီလိုနဲ့လပေါင်းများစွာ အညှပ်ခံပြီးတဲ့အခါမှာတော့သစ်ဆန်းက ဆံသဆရာအားလုံးနဲ့ အဖွဲ့ကျလာပြီးဆိုင်ထဲကို အချိန်မရွေး ဝင်ရောက်ကာ ကာတွန်းဖတ်နိုင်တဲ့သူဖြစ်လာပါတော့တယ်။ နှစ်ကြာလာတော့ ဆိုင်ကဟောင်းလာပါတော့တယ်။ ပစ္စည်း တွေကလည်း ပျက်စီးလာပါတယ်။ ဒီအချိန်မှာ မလှမ်းမကမ်းနေရာတွင် ဆံသဆိုင်အသစ် ထပ်မံဖွင့်လာပါတယ်။ မှန်အပြည့် ကာထားကာ ဆေးရောင်အသစ်ဆက်ဆက်တောက်ပြောင်နေတဲ့ဆိုင်မှာ ဆံသဆရာတွေက ဆရာဝန်တွေလို အဖြူရောက်ဂျူတီကုတ်အင်္ကျီဆင်တူဝတ်ထားကြသလို ဆိုင်ထဲမှာလည်း ပန်ကာတဝီဝီနဲ့ဆိုတော့ ဝင်ညှပ်ခြင်လာပါတယ်။ အဆွဲဆောင် ဆုံးက စားပွဲအသစ်ဆက်ဆက်ပေါ်မှာပုံထားတဲ့ လစဉ်ထုတ်ကာတွန်းအသစ်တွေဖြစ်ပါတယ်။ ခရမ်းရောင်ဆံသဟု ဆိုင်း ဘုတ်လှလှလေးတပ်ထားပါတယ်။ သို့သော် အနားမကပ်နိုင်ပါ။ ကလေး သုံးမတ်၊ လူကြီး တကျပ်ဆိုတော့ သစ်ဆန်းထက် ဈေးများနေပါတယ်။

တခါတလေ သစ်ဆန်းမှာ လူသိပ်ကျနေချိန်မှာ အဖေကခရမ်းရောင်သွားရအောင်ဟေ့လို့ ပြောလိုက်သံက စိတ်ကိုအပျော်ရွင် ဆုံးဖြစ်သွားစေတဲ့အသံဖြစ်လာပါတယ်။ ဆိုင်ထဲကိုဝင်လာတဲ့သူတွေကို ဆံပင်မညှပ်ခင် ရေနွေးစိမ်ထားတဲ့ပုဝါလေးတွေနဲ့ မျက်နှာသစ်ပေးပါတယ်။ အမှိုက်လှည်းရတဲ့အလုပ်သမားကလည်း ဆံပင်စလေးကျသွားတာကို ချက်ချင်းလှည်းကျင်းပေး နေပါတယ်။ ကျွန်တော်ကတော့ မော်ဒန်ကာတွန်းအသစ်ကာတွန်း ညွှန့်ပေါင်းအသစ်တွေကိုဖတ်ခွင့်ရလို့ သစ်ဆန်းမှာ လူ များပါစေလို့ ဆုတောင်းပေးတတ်လာပါတယ်။ အဖေကတော့ ဆိုင်မရွေးပါ။ မော်တင်ဈေးသွားဝယ်ရင်း ဈေးထဲကဆိုင်မှာ လည်း ဝင်ညှပ်လိုက်တတ်ပါတယ်။ အဖေညှပ်တော့ သားလည်း ညှပ်ရတာပေါ့။ ဆံသဆိုင်တွေကိုရောက်တာနဲ့ ကာတွန်း သာမက သတင်းစာမဂ္ဂဇင်းများပါမကျန် ကောက်ဖတ်တတ်လာပါပြီ။ အဖေ မန္တလေးကို တာဝန်အရပြောင်းရတဲ့အခါမှာ ကျွန်တော်လည်း မန္တလေးကိုပြောင်းရပါတယ်။ ရောက်ပြီး တလကြာတော့ ဆံပင်ညှပ်ဘို့ရာ ဆိုင်ရှာရပါတော့တယ်။ မကျဉ်း ပင်အောက်ကဆိုင်၊ ဈေးထဲကဆိုင်၊ လမ်းထောင့်ကဆိုင် အားလုံးထဲက ကျုံးအနောက်ဘက်က လမ်း ၈၀ နဲ့ ၂၆ လမ်းထောင့် ကဆိုင်ကို ရွေးလိုက်ပါတယ်။ မှန်အပြည့်ကာထားကာ လူစည်ကားလှသောဆိုင်ဖြစ်ပါတယ်။ လူများလွန်းလို့ အကြာကြီးစောင့် ရတာကြောင့် ဆိုင်အသစ်ရှာရပြန်ပါတယ်။ နန်းရှေ့ဈေးအတွင်းမှာ လက်ရာကောင်းတဲ့ဆိုင်ကို တွေ့လာပါတယ်။ ဆံသဆရာ နဲ့ အသက်မတိမ်းမယိမ်းဖြစ်နေတာကြောင့် စကားပြောလို့ကောင်းတာလည်း ပါပါလိမ့်မယ်။ ထိုအချိန်ကခေတ်စားခဲ့တဲ့ ဂျိန်းစဘွန်းရုပ်ရှင်အကြောင်း ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်က ခင်သန်းနုအကယ်ဒမီရတဲ့ သရုပ်ဆောက်ချက်တွေအကြောင်း အောင်မြင်မှုရနေတဲ့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းအကြောင်းအပြင်၊ တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲမှာ မန္တလေးတိုင်း အသင်းအနိုင်ရဗိုလ်ဆွဲပါက ဈေးချိုသူတွေကကြိုဆိုဂုဏ်ပြုမယ့်အစီအစဉ်များကိုပါ ကြားသိရသလို ကျွန်တော်ကလည်း ကြားဘူးဖတ်ဘူးတာတွေကို ဝါယောဝင်ရိုက်တတ်လာပါတယ်။

ဆိုင်တွေသာပြောင်းညှပ်သူတွေသာချိန်းသွားပေမယ့် ကျွန်တော်ဆံပင်ကတော့ ကတုံးဆံတောက်ပုံစံက မပြောင်းသေးပါဘူး။ ခေတ်အလိုက် လူငယ်တွေက ဆံပင်အရှည်ထားကြသောကြောင့် လူကြီး လူငယ် အတို အရှည် ဝိဝါဒကွဲလွဲနေသောပြဿနာမှာ ကျွန်တော်မပါဝင်ခဲ့ပါ။ မူပိုင် ကတုံးဆံတောက်ကို ထိန်းထားဆဲဖြစ်ပါတယ်။ ဆံသဆိုင်ကိုရောက်ရင်လည်း ကတုံးဆံတောက် လို့မပြောတော့ပဲ တိုတိုညှပ်ပါလို့ ပြောင်းပြောတတ်လာပါတယ်။ ဒီလိုနှင့်ပညာစုံပြီး မန္တလေးမှာပင် အမှုထမ်းဖြစ်လာပါတယ်။၂၈ လမ်းနဲ့ လမ်း ၈၀ ထောင့်က ဆံသဆိုင်မှညှပ်ဆရာနဲ့ အပေါက်အလမ်းတည့်လာပြန်ပါတယ်။ ဒီနေ့ ဗထူးကွင်းမှာ တက္ကသိုလ်နဲ့ မီးရထား၊ မနက်ဖြန် ဆောက်လုပ်ရေးနဲ့ မြို့မ စသဖြင့် အားကစားပွဲတွေကို နှီးနှောဖလှယ်ကျသလို ဝင်းလိုက်ရုံက ကား လူမရှိလို့ ကားသစ်လဲတော့မယ်။ ဒီညပွဲမြန်မြန်သွားကြည့်လိုက် စသောအပျော်အပါးသတင်းစုံကိုလည်း သိရသောနေရာဖြစ် လာပါတယ်။ တရုတ်တန်းကရုံမှာ မြို့တော်သိန်းအောင်ကမယ့် အစီအစဉ်အားလုံးသိရသလို ဆိုင်းတန်းရုံမှာကမယ့် မိုးကြိုး ငှက် ကလေးများအဖွဲ့ သီဆိုမည့်သီချင်းတွေကိုပါ အတိအကျသိနိုင်သောနေရာဖြစ်ပါတယ်။

ဝါသနာပါသူများအတွက် ကျားကွက်တွေ၊ စစ်တုရင်အရုပ်တွေကိုပါ အဆင်သင့်ချထားပေးထားပါတယ်။ အထူးသဖြင့် ဆံသ ဆရာ၏သားကြီးက မန္တလေးဒေသကောလိပ်မှာ ကျောင်းတက်နေဖြစ်နေတာကြောင့် ပညာရေးနဲ့ပတ်သက်သောကိစ္စတွေကို ဗဟုသုတအဖြစ်နားထောင်ခွင့်ရခဲ့ပါတယ်။ ငယ်စဉ်ကလို ဆိုင်ထဲရောက်တာနဲ့ ကာတွန်းစာအုပ်တွေ ထားတဲ့နေရာကို လှမ်းမကြည့်တော့ပဲ စကားပြောကောင်းတဲ့ ကိုကျင်ဆောင်ရောက်ပြီလား။ သတင်းစုံသိနေတဲ့ ကိုခင်ကျော် ဘာလို့မရောက် သေးပါလိမ့်။ ဈေးချိုမှာ စက်ရပ်သတင်းထူးတွေကို စုနေရလို့ နောက်ကျတာဖြစ်မယ် စသဖြင့် ကမ္ဘာ့အရေး၊ မန္တလေးအရေးများ ကိုပြောနိုင်သူတွေကို စောင့်မျှော်ကာ နားထောင်တတ်တဲ့သူဖြစ်လာပါတယ်။ တိုတိုညှပ်ပါလို့တောင် ပြောစရာမလိုတော့ပါ။ခုံပေါ်တက်ထိုင်လိုက်တာနဲ့ ဆံသဆရာက မနေ့က ရေနံခေါက်ဆွဲနဲ့တူတယ်။ ကျော်မင်းယဉ် အပိုင်ကန်တာမဝင်ကတည်းက စိတ်ထဲထင့်သွားတာဗျဟု အစချီကာ ဗထူးကွင်း၊ မလွန်ကွင်းကသတင်းများကိုပြောရင်း ညှပ်ပါတော့တယ်။ ဆံသဆရာက ပင် ကျွန်တော်ပုံစံကိုသိနေပါပြီ။ ဒါကိုပင် ဂုဏ်တခုလို့ထင်မှတ်ကာ ဒီဆိုင်ကလွဲပြီး ဘယ်ဆိုင်ကိုမှခြေဦးမလှည့်တော့ပါ။ လက်ဖက်ရည်ဆိုင်အဝမှာကတည်း စိမ့်တခွက်လို့ကြားလိုက်တာနဲ့ ဒီဆိုင်က ကိုယ်အကြိုက်သိတယ်ဆိုကာ အမြဲတမ်းဒီဆိုင် မှာသာ လာသောက်နေသူလိုဖြစ်နေပါတယ်။ ဒီလ ဘယ်သူတော့ လာမညှပ်သေးဘူး၊ ကိုညိုကြီးကတော့ ရိပ်သာကို ရက် ရှည်ဝင်သွားပြီ စသောသတင်းများကို ကိုယ်ကစပြောနိုင်လာပါပြီ။ သူများပြောတာတွေကိုလည်း နားထောင် ကိုယ်သဘော ကျတာနဲ့ကြုံရင် ထောက်ခံ၊ သဘောမကျတာနဲ့ဆုံတော့ ငြင်းဆန်ဆွေးနွေးလိုက် ဆံသဆိုင်နဲ့ ကျွန်တော်ဟန်ကိုကျလို့။

မန္တလေးမှာအနေကြာလာတော့ ဝန်ထမ်းထုံးစံအတိုင်း ရန်ကုန်ကိုပြောင်းရပြန်ပါတယ်။ ဒီတခါအလှည့်ကျဆိုင်က ကမာရွတ် ပြည်လမ်းနှင့် လှည်းတန်းထောင့်က ဝင်းဆံသဖြစ်ပါတယ်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံကျောင်းသားဘဝတုန်းက သူငယ်ချင်းတွေနဲ့ သွားညှပ်ဘူးပါတယ်။ ယခုအချိန်မှာတော့ ဆိုင်လေးကဟောင်းနွမ်းစပြုလာပါပြီ။ ဆိုင်ရှင်လင်မယားလည်း အသက်ကြီးရင့် နေပါပြီ။ မပြောင်းလဲတာဆိုလို့ သူတို့လင်မယား စကားများ စကားနိုင်လုကြခြင်းဖြစ်ပါတယ်။ ဆိုင်မှာ ရေဒီယိုဖွင့်ပေးနေကြ နေရာမှာ ရုပ်မြင်သံကြားစက်မှ ဇာတ်လမ်းအခွေတွေ ဖွင့်ပြပေးနေပါတယ်။ ထုံးစံအတိုင်း လင်မယားနှစ်ယောက်က ဇာတ် လမ်းကိုအကြောင်းပြုရင်း ငြင်းခုန်နေကြပါတော့တယ်။ ဒီလိုရန်ဖြစ်နေတာကိုက သူတို့နှစ်ယောက်အတွက် အသက်ရှည် ဆေးလေးဖြစ်နေပါလိမ့်မယ်။ အမြဲတမ်းညှပ်ရတော့မယ်လို့ ထင်ထားတဲ့ဆိုင်လေးဟာ မြို့ပြစီမံကိန်းမှ ခေတ်မီအဆောက် အအုံတွေတည်ဆောက် ရေးစီမံချက်တွေကြောင့် ဆိုင်နေရာပြောင်းသွားရပါတော့တယ်။ တာမွေဘက်ကိုပြောင်းသွားတာ ကြောင့် လိုက်မညှပ်ဖြစ်တော့ပါဘူး။ ဆိုင်ရှင်အဘိုးကြီးကွယ်လွန်သွားကြောင်းကို သတင်းစာများထဲက နာရေးသတင်းက နေသိလိုက်ရပါတယ်။ အဒေါ်ကြီးအတွက် ရန်ဖြစ်ရမယ့်သူဆုံးရှုံးသွားတာကို စိတ်မကောင်းဖြစ်မိပါတယ်။ နောင်အ ခွင့်ကြုံ လို့ ဝင်းဆံသကိုရောက်ခဲ့ရင် ရန်ဖြစ်သံလေးတွေကိုသတိရနေမိမှာပါ။

တိုးတက်ပြောင်းလဲနေသောမြို့လယ်တွင်ဆံသဆိုင်များ မှိုလိုပေါပေါများများ ဖွင့်လှစ်လာကြပါတယ်။ ဆံသဆိုင်ဟုအမည် မတပ်တော့ပါ။ ဆံပင်အလှဖန်တီးပေးရာနေရာများဟု ပြောင်းလဲသုံးစွဲလာကြပါတယ်။ ဖန်တီးပေးသူများမှာ အမျိုးသားများ သာမကအ မျိုးသမီးများနှင့် မိန်းမလျာများပါဖြစ်လာကြပါတယ်။ ဆိုင်အမည်များကိုလည်း လှလှပပ ပေးထားတတ်ပါတယ်။ နိုင်ငံတကာမှ အလှအပနဲ့ပတ်သက်တဲ့ အမည်ဆန်းဆန်းတွေကိုပေးထားကြပါတယ်။ ကျွန်တော်လည်း အရေးကြီးပုဂ္ဂိုလ်လို့ အမည်ပေးထားတဲ့ဆိုင်ကို သဘောကျမိပါတယ်။ ငယ်ငယ်က ခရမ်းရောင်ဆိုင်ကဝန်ထမ်းတွေလိုဝတ်စားထားတဲ့ ဆိုင်ဖြစ် နေတာကြောင့် ညှပ်ချင်စိတ်ဖြစ်လာပါတယ်။ ကျွမ်းကျင်သောဆရာများဦးစီးသည့် …. စတဲ့ကြော်ငြာထဲကစာသားတွေ ကြောင့်လည်း အအေးခန်းဆိုင်ထဲဝင်မိတာဖြစ်ပါတယ်။ ဆံသခုံပေါ်တက်ထိုင်လိုက်တာနဲ့ မူရင်းကတုံးဆံတောက်ကေကို ပုံမပျက်အောင်ညှပ်ပေးတာကြောင့် မဆိုးဘူးလို့ အမှတ်ပေးလိုက်ပါတယ်။ ခေါင်းလျှော်မလားဆိုတဲ့မေးခွန်းကို ပြန်ဖြေလိုက် တော့ အနီးကကုတင်လိုနေရာကို ခေါ်သွားပါတယ်။ ငယ်ငယ်က လူကြီးတွေလျှော်သလို ထိုင်ခုံပေါ်မှာ ခေါင်းကိုဆပ်ပြာမြှုပ် တွေထနေအောင် လျှော်ပေးတာမျိုးမဟုတ်တော့ပါ။ မျက်စိကိုမှိတ်ကာ ဇိမ်ကလေးနဲ့ခေါင်းအလျှော်ခံလိုက်ပါတယ်။ ခုံပေါ်မှာ လို မှန်ထဲမှာ ခေါင်းမှာဆပ်ပြာတွေဖြူဖွေးနေတာကိုတော့ မတွေ့ ရဘူးပေါ့။ ထိုင်ခုံကိုပြန်ထိုင်ကာ အခြောက်ခံအပူပေးစက်နဲ့ ဆံပင်ခြောက်အောင်လုပ်ရပါသေးတယ်။ ပြီးမှ ဆီလိမ်ပေးကာ ခေါင်းကိုအကြိမ်ကြိမ်ဖီးပေးပါတယ်။ အားလုံးကိစ္စတွေပြီး တော့မှ အအေးစိမ်ထားတဲ့စက္ကူစလေးနဲ့ အသာအယာသုတ်ပေးပြီး အိတ်ထဲက ပိုက်ဆံကိုထုတ်ပေးရပါတော့တယ်။ ခုနှစ် ထောင်ကျပါတယ်တဲ့။

ခံချင်ဦးဟဲ့ဇိမ်၊ လျှော်ချင်ဦးဟဲ့ခေါင်း၊ ကြိုက်ချင်ဦးဟဲ့အအေးခန်း။ တမတ်တန် ဘာဘာကို ကာပြန်တဲ့ကောင် ငါးမူးတန်သစ်ဆန်းကိုကြောခိုင်းပြီး ခရမ်းရောင်လှမ်းချင်တဲ့မောင်၊ မကျည်းပင်အောက်ကဆံသဆိုင်ကို ညစ်ပတ်တယ်ထင်ကာ သန့် ရှင်း ချင်တဲ့ ကျွန်တော်လိုအကောင်အတွက် လေများများလဲကန်လို့ရ၊ တိုတိုလိုလည်း ပြောစရာမလို၊ အိတ်ထဲက ပိုက်ဆံကိုလည်း နဲနဲသာထုတ်ရမယ့် ဆံသဆိုင်အသစ်ကိုသာ ရွေးရန်တွေးနေမိပါတော့တယ်။

ထင်အောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts