သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ဘောလုံးပွဲနဲ့ တူတဲ့ ရွေးကောက်ပွဲ

 

မောင်ရစ် – ဘောလုံးပွဲနဲ့ တူတဲ့ ရွေးကောက်ပွဲ

(မိုးမခ အယ်ဒီတာ့လက်ရေး) စက်တင်ဘာ ၂၃၊ ၂၀၁၅

၂၀၁၅ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘာနဲ့ တူသတဲ့လဲ။ ရွေးကောက်ပွဲဆိုမှတော့ ရွေးကောက်ပွဲနဲ့ တူရမှာပေါ့ဗျာ။ အရွေးခံမယ့် ကိုယ်စားလှယ်တွေ လာကြမယ်၊ ပြည်သူတွေက မဲထည့်ကြမယ်။ မဲရလဒ် ကြေညာမယ်။ အနိုင်အရှုံး စာရင်းထွက်မယ်။ လွှတ်တော်တက်မယ်။ ဒုသမ္မတရွေးမယ်။ သမ္မတဆက်ရွေးမယ်။ သမ္မတက အစိုးရဖွဲ့မယ်။ ဒါပဲပေါ့ မဟုတ်ဘူးလား ခင်ဗျာ။

မြန်မာပြည်မှာတော့ အဲသလို မဟုတ်ပါဘူးခင်ဗျ။ ပါတီတွေက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ဆီမှာကို ပြည်သူတွေက ဘောလုံးပွဲလိုင်းနပ်ရွေးသလိုပဲ ဟိုလူ မပါဘူးလား၊ သည်လူ မပါဘူးလားနဲ့ ဆန္ဒတွေ စောကြောကြပါတယ်။ အာဏာရကြံ့ဖွံ့ပါတီကိုယ်တိုင်မှာလည်း ပါတီက ရွေးချယ်တာနဲ့၊ စစ်အုပ်စုက ရွေးချယ်တာနဲ့ ပြီးတော့ အစိုးရက ရွေးပေးတာနဲ့ အတော်ကို ကသိကအောင့်တွေ ဖြစ်ကြရပါသေးတယ်။ ရွေးပြီးသွားကြတော့လည်း မပြီးသေးဘူးခင်ဗျ၊ ဘောလုံးကပ္ပတိန်က ရွေးထားတဲ့လူစာရင်းတွေကို ဒိုင်တွေက ပြန်စစ်သေးသဗျ။ ဟိုလူ ၀င်မကန်ရဘူး၊ ဒီလူတော့ မထည့်နဲ့တွေ လုပ်ကြတဲ့အခါ ပွဲခင်းအပြင်က ပြည်သူတွေမှာလည်း အုတ်အုတ်ကျက်ကျက် ဖြစ်ရပြန်တာပေါ့ဗျာ။ ပွဲခင်းအပြင်က ပြည်သူတွေကလည်း မဲလက်မှတ်လေးတပြားနဲ့ ပွဲကြည့်စင်ပေါ် တန်းတက်ပြီး အားပေးရတော့မယ် ထင်နေတာ၊ အဲသလိုလည်း ဟုတ်သေးဘူးတဲ့။ သူတို့ မဲစာရင်းဟာ ပွဲခင်းထဲ အမှန်တကယ်ဝင်ခွင့်ရတဲ့ လက်မှတ်ဖြစ်မဖြစ်ကို အစစ်ခံကြရသေးတာမို့ မဲဆန္ဒရှင်တွေခင်ဗျာ ကိုယ့်လူ့အခွင့်အရေးနဲ့ ရထားတဲ့ မဲလက်မှတ်တောင် မဲစာရင်းမှာ အောင်စာရင်းပြန်စစ်သလို စစ်ကြရပြန်ပါတယ်။ မဲစာရင်းထဲမပါရင် မဲမပေးရဖူးဆိုတော့ ရထားတဲ့ ဘောလုံးပွဲလက်မှတ်နဲ့ ကိုယ့်ဖာသာကိုယ် အ ကုသိုလ်တွေ ဖြစ်ရတော့ပေါ့လေ။ ပွဲကြည့်စင်ကတော့ လူဆန့်ပါရဲ့၊ ပွဲခင်းထဲ ၀င်ဖို့အရေး အကန့်အသတ်တွေက များလှသမို့ ရပ်ကွက်ထဲကန်တဲ့ ဘောလုံးပွဲတောင် အိမ်ပြန်ပြီး တီဗီကနေ အားပေးရမယ့် အပေါက် ဖြစ်ကုန်ကြတာကိုး။ ပွဲအပြင်မှာကော ကစားပွဲတွင်းမှာပါ ဖျက်မယ်၊ ပျက်မယ်လုပ်နေကြတဲ့ “ဟို”အသင်းရဲ့ ပရိသတ်ကလည်း အပေါက်ဆိုးတာက ကမ်းကုန်နေတာကလည်း တမှောင့်ပါ။

ဘောလုံးပွဲ တကယ်ကန်ဖို့အရေးမှာလည်း ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုသလို မဲဆွယ်ပွဲတွေဆိုတာက ခြေစမ်းပွဲတွေလိုမျိုးပါပဲခင်ဗျာ။ ခြေစမ်းပွဲတွေမှာ ကိုယ့်အသင်းသားတွေ ကျိုးပဲ့ကုန်မှာစိုးတော့ တဖက်ကလည်း နည်းမျိုးစုံနဲ့ ညစ်လေမလားဆိုပြီး ဒီဖက်က အသင်းကပ္ပတိန်ကိုယ်တိုင် ပွဲတိုင်းကိုဆင်းပြီး ကန် … အဲလေ ယောင်လို့ … မဲဆွယ်ပွဲတွေမှာ ကြက်သားအုပ်မကြီးလို ပင်ပင်ပန်းပန်းနဲ့ ကျေးလက်တောရွာအနှံ့ ဆင်းပြီး စည်းရုံးဟောပြောပွဲတွေကို ဆောင်ရွက်ရတာကလည်း ပြည်သူတွေအတွက်ကော နိုင်ငံတကာအတွက်ပါ ရင်မပြီး သူ့ကိုယ်စား ရင်မောပြီး ကြည့်နေရတယ်လို့ ဆိုကြ ပြောနေကြပါတယ်။ မဲဆွယ်ပွဲတွေ လွန်မှ၊ အသင်းသားတွေကလည်း ခလုတ်မထိ ဆူးမညိကြပါမှ၊  မဲစာရင်းတွေ မှန်ကန်တိကျပါမှ မဲရုံထဲ တကယ်ဝင်ကြပြီး ပြည်သူက ဆန္ဒ အစစ်အမှန်ကို ထုတ်ဖော်ပြသခွင့် ရကြမှာကိုး။ ကပ္ပတိန်နဲ့ အသင်းသားတွေ အစုံအလင် ကွင်းထဲဝင်လာချိန်မှာ ပွဲကြည့်စင်မှာ ပရိသတ်အစစ်အမှန်တွေ အပြည့်အကြပ်နဲ့ အားပေးကြရမှာက နိုဝင်ဘာ ၈ ရက်နေ့ လို့ ဆိုရမှာပေါ့လေ။

ဒီကြားထဲ ‘ဒီ’ အသင်းဟာ ‘ဟို’ အသင်းနဲ့ ကန်ကြမယ့်နေရာမယ် ဂိုးပေး မပေး ဆုံးဖြတ်ရမယ့် ဒိုင်တွေကို ကြည့်ရတာအပြင် ဂိုးအကြောယူ အသာရထားပြီးသား ‘ပူးတွဲချန်ပီယံ’ လိုမျိုး တပွဲလုံးကို စပွန်ဆာပေးထားတဲ့ ‘အစိတ်သား’ အသင်းကိုလည်း မျက်ခြေမပြတ် ကြည့်နေရတာကိုး။ ပွဲထဲ ဆင်းကန်ပြီး ဂိုးနဲ့ အမှတ်ယူစရာမလိုတဲ့ တမတ်သားဂိုးကြောယူထားတဲ့ ပွဲစပွန်ဆာ ‘စစ်’ အသင်းနဲ့ အမှတ်အသာယူရမယ့် ကိစ္စကလည်း ရှိသေးသဗျာ။ ဘောလုံးပွဲလိုဆိုပေမယ့် ဂိုးအရေအတွက်နဲ့တင် ဆုံးဖြတ်တာမဟုတ်၊ ဒိုင်တွေနဲ့ ‘အခြားသော’ အမတ် (၀ါ) အမှတ် အရေအတွက်နဲ့ ကန်ကြရမယ့် ဘောလုံးပွဲဆိုတော့ ဒီရွေးကောက်ပွဲဟာ သူနိုင် ကိုယ်နိုင် အပြိုင်ကစားကြရတဲ့ ဘောလုံးပွဲလိုလို အမှတ်တွေအသာရအောင် လုပ်ကြရတဲ့ စပွန်ဆာကြိုက် ချစ်ကြည်ရေးဘောလုံးပွဲလိုလို ဖြစ်နေသလားလို့ မှတ်ချက် ချချင်နေမိပါတော့တယ်။

ဘောလုံးကွင်းထဲမှာတင် ဂိုးပြတ်နဲ့ နိုင်ဦးတော့ ချန်ပီယံဖလားကို ဒိုင်က ပေးဦးမှ။ ဒိုင်ကပေးပါသော်လည်း ကွင်းထဲဆင်းမကစားပဲ စင်ပေါ်မှာ အသင့်နေရာယူထားပြီးသား စပွန်ဆာ အစိတ်သားတွေက ကြည်ဖြူ နှစ်လိုကြဦးမှ။ ရာဇ၀င်ပုံပြင်တွေထဲက ‘ထီး’ လို ‘မင်း’ လိုမှ အစိုးရဖြစ်ခွင့်ရကြမှာကိုးလေ။ ကဲ … အစိုးရဖြစ်ပြီထားပါဦး … ‘ဒီ’ အသင်းက ကပ္ပတိန် ဟောပြောနေသလို ဖယ်ဒရယ်အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံးနဲ့ တန်းတူညီမျှမှု ဖြစ်ကြရေး ဆောင်ရွက်ကြဖို့ဆိုတာက ဘောလုံးပွဲ (ရွေးကောက်ပွဲ) နိုင်ရုံနဲ့ တင် မပြီးသေး၊ ရှေ့ဆက်ရမည့် ခရီးက ရှိနေသေးတယ် ဆိုတော့ကာ … ‘သူတို့’ တတွေနဲ့ ဆွေးနွေးကြရေးဆိုတာ အစိုးရ၊ ပါတီ၊ လွှတ်တော်၊ တပ်မတော်တို့တတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အကုန်ပါကြမှ ဖြစ်မယ် ဆိုသကိုး။ ပြည်သူတွေ၊ လွှတ်တော်ပြင်ပက နိုင်ငံရေးသမားတွေဆိုတာကကော ဘယ်နားကနေ ပါဝင်ခွင့် ဆက်ရကြမှာတုန်း ဆိုတကလည်း စောင့်ကြည့်ရမယ့် မေးခွန်းတခုပေါ့။

 

ငါတို့ နိုင်စေချင်တဲ့ ‘ဒီ’ အသင်း ဂိုးပြတ်နဲ့ နိုင်ပြီ ဆိုပြီး မဲဆန္ဒရှင်ပြည်သူတွေဟာ အောင်ပွဲကို ရင်ဝယ်ပိုက် စိတ်အေးချမ်းသာစွာ အိမ်ပြန်ကြတဲ့အခါ … အိမ်ပြန်မရောက်ကြသေးတဲ့ ကျောင်းသားလူငယ်တွေ၊ သားသမီးတွေ၊ မိဘတွေ၊ လယ်သမား၊ အလုပ်သမားတွေ၊ တိုင်းရင်းသားတွေ၊ အထွေထွေအကြပ်အတည်းဘေးသင့် ဒုက္ခသည်တွေလည်း မြန်မာပြည်ကြီးမှာ ရှိနေပါသေးတယ်ဆိုတာ မမေ့နိုင်ကြသေးသမို့ ကျနော်တို့မှာ အပြည့်မပျော်နိုင်သေးဘဲ တမတ်သားလောက် အစိတ်သားလောက်ပဲ ပျော်ကြရမယ် ထင်မိပါရဲ့။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts