ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ကူညီပါရစေကို ကူညီကြပါနှင့် မောင်မိုးသူ


မောင်မိုးသူ – ကူညီပါရစေကို ကူညီကြပါနှင့် မောင်မိုးသူ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
မော်ဒန်သတင်းဂျာနယ်၊ ၁၈ စက်တင်ဘာလ ၂၀၁၅ မော်ဒန်သတင်းဂျာနယ် ပါ မောင်မိုးသူ၏ ဆောင်းပါးဖြစ်ပါသည်။

ပြည်သူ့ရဲရဲ့ ဆောင်ပုဒ်က `ကူညီပါရစေ ´ ဖြစ်ပါတယ်။

တစ်နေ့က ရုပ်မြင်သံကြားမှာ ပုဂံရှေးဟောင်းမြို့တော်မှာ တာဝန်ကျတဲ့ ရဲအရာရှိတစ်ဦးက သူတို့ရဲသားများဟာ မနက်စော စော အရုဏ်အလှကို ထွက်ကြည့်ကြသူများကို စောင့်ရှောက်ဖို့၊ နောက် နေ့ခင်းနေ့လယ်တွေမှာ ဘုရားတွေနားတစ်ဝိုက်မှာ၊ ညနေကျတော့ ပုဂံအလှညနေရှုခင်း ကြည့်လေ့ကြည့်ထရှိတဲ့ ဘုရားတွေနားမှာ၊ ညပိုင်း စားသောက်ဆိုင်တဝိုက်နဲ့ အပြင် သွားလေ့ရှိသူများကို စောင့်ရှောက်ဖို့ ၊ ကူညီဖို့ အဆိုင်းဆိုင်းပိုင်းပြီး တာဝန်ယူထားကြရပါတယ်လို့ အင်တာဗျူးမှာဖြေထား ပါတယ်။ ဟုတ်ပါတယ်။ကိုယ့်တိုင်းပြည်ကိုလာတဲ့ နိုင်ငံခြားသားတွေကို ကူညီစောင့်ရှောက်ဖို့ ပြည်သူ့ရဲတွေမှာတာဝန်ရှိ တာပေါ့။ သည်လိုမှမဟုတ်ရင် နိုင်ငံရပ်ခြားဧည့်သည်တွေကို ချောင်ကြိုက်ကြိုက် အမှောင်ရိုက်ပြီး လုယက်လိုက်လို့ရှိရင် တိုင်းပြည်နာမည်လည်းပျက်၊ ဂုဏ်သိက္ခာလည်း ပျက်တာပေါ့။

သည်နေရာမှာ မောင်မိုးသူ မြန်မာနိုင်ငံမှာ လုံခြုံမှုရှိရဲ့လားဆိုတဲ့ ပြဿနာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

မိသားစုတွေအကြားမှာ ညရေးညတာ အပြင်ထွက်တာကို ဆင်ခြင်ကြဖို့ သတိပေးစကားတွေ ပြောနေကြပါတယ်။ တက္ကစီ သမား အရိုက်ခံရ၊ အလုခံရသလို တက္ကစီသမားက ပါစင်ဂျာကို လုတာလည်း ရှိသတဲ့။ ပါစင်ဂျာက မိန်းကလေးဆိုပြီး လျှော့ မတွက်နဲ့၊သတင်းတွေထဲမှာ မိန်းကလေးများရဲ့အန္တရာယ်လည်း လူပြောသူပြော များပါတယ်။ အမျိုးသမီးဓားပြဂိုဏ်းဆိုတာ တောင် ရှိဆိုပဲ။စာနယ်ဇင်းတွေထဲမှာ ဖတ်ရတာပါ။

အဲ အဲ မန္တလေးမှာဆိုရင် ဆိုင်ကယ်စီးနင်းသွားသူတွေရဲ့ လက်ကိုင်အိတ်၊ လက်ဆွဲအိတ်တို့၊လက်ကိုင်ဖုန်းတို့ လုယက်ခံရတဲ့ သတင်းတွေ အများကြီး အများကြီးဖတ်ရပါတယ်။လုံခြုံရေး အခြေအနေက တယ်ဆိုးပါလား။

၁၆ ရက်နေ့ သတင်းစာမှာ ရေးနဲ့ သံဖြူဇရပ် ခရီးလမ်းကြား ခရီးသည်တင်ကားတစီး သေနတ်နဲ့အပစ်ခံရတဲ့ သတင်းနဲ့ ကျည် ဆန်မှန်တဲ့ ကားမှန်ကပုံတွေကို တွေ့ရပါတယ်။

ရဲတွေရဲ့ တာဝန်ကတော့ မြို့ပြလုံခြုံရေးလေ။ တလောကပဲ ရန်ကုန်ညပိုင်းတွေမှာ စက်ဘီးပတ္တရောင်လှည့်တာဟာ အကျိုး များတဲ့အကြောင်း ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ရပါတယ်။ရုပ်မြင်သံကြားမှာ `ရဲ ´ အခန်းတခု သီးသန့်ဖွင့်ပြီး ရဲတွေ ရဲ့ လှုပ်ရှားမှုတွေ၊မှုခင်းတွေ ထောက်လှမ်းမှု သတင်းတွေ၊ ဇာတ်လမ်းတွေ ၂၄ နာရီလုံးလုံး ထုတ်လွှင့်ပြနေတာကို စိတ်ဝင် စားရင် ကြည့်လို့ရပါတယ်။

တလောကပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂကလာပြီး သင်တန်းပေး၊ပေးပြီးလို့မှ မကြာခင်မှာပဲ မြို့တော်ခန်းမရှေ့ ကျောင်းသားများ ဆန္ဒပြပွဲမှာ ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ်ဖြစ်။  လက်ပတ်များနဲ့ ရဲဆိုပြီး နာမည်ကြီး နာမည်ကျော်ခဲ့ တာပေါ့။

ရဲဆိုလို့ လက်ပံတန်းကျောင်းသားသပိတ်နဲ့ ဝန်းရံသူတွေကို ရဲတွေက ဝင်ရိုက်တဲ့ သတင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ရ တယ်ခင်ဗျ။ ရဲတွေက လူတွေ၊ ကျောင်းသားတွေကိုသာ ရိုက်တာ မဟုတ်ဘူး။ကိုကျော်သူရဲ့ နာရေး ဆေးလိုက်ကုပေး တဲ့ ကားတောင် အရိုက်ခံရတာ။ အဲသည်အကြောင်း ကိုကျော်သူ နာရေးခန်းမမှာ ကိုယ်တွေ့ကြုံရတဲ့ လူငယ်ပြောပြတာရယ်၊ အဲသည်မှာလိုက်ပါသွားတဲ့ ဒေါက်တာညိုညိုသင်း ကိုယ်တွေ့ပြောပြတဲ့စကားတွေ နားထောင်ခဲ့ရပါသေးတယ်။ ခုတော့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ အဖမ်းခံရတာလည်းကြာပေါ့။ကျောင်းသားတွေက ရဲတွေကို တရားပြန်စွဲတာ၊ တရား ရုံးက ပယ်ချတယ်ဆိုတဲ့ သတင်းလည်း ဖတ်ရပါ့။ နောက်ဆုံး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာမှ တခုခု လုပ်ရမလို ဖြစ်နေတယ်ခင်ဗျ။

အားလုံးခြုံလိုက်ရင် ရဲဆိုတာ ပြည်သူရဲ့ လုံခြုံရေးကို တာဝန်ယူရတာ မဟုတ်လား။

ရဲရဲ့ ဆောင်ပုဒ်က ဘာတဲ့ `ကူညီပါရစေ ´တဲ့လေ။

ရဲတွေ၊ ကျောင်းသားတွေ လယ်သမားတွေအပေါ် အနိုင်အထက်လုပ်တာတွေကတော့ တာဝန်အရပေါ့ခင်ဗျ။တခါတလေ တာဝန်ဆိုတာ မေ့သွားမှာစိုးလို့ `တာဝန်´ ဆိုတဲ့ လက်ပတ်တောင် ပတ်ထားရဆိုပဲ။

အခု မောင်မိုးသူပြောချင်တာ၊ ရေးချင်တာက လုံခြုံရေးတာဝန်ယူထားရတဲ့ ရဲတွေကိုယ်တိုင် မလုံခြုံဘူး ဖြစ်နေတာခင်ဗျ။

တလောက သန်လျင်က တည်းခိုခန်းတခန်းမှာရှိတဲ့ တရားခံပြေးတယောက်ကို ဝင်ဖမ်းတဲ့ ရဲအရာရှိတဦးနဲ့ ရဲတပ်သားတဦး တရားခံပြေးက ဓားနဲ့ သမသွားလို့ ကွယ်လွန်သွားပြီး အသုဘအခမ်းအနားတောင် ရုပ်မြင်သံကြားမှာ တွေ့လိုက်ရသေး။ အဲသည် တရားခံပြေး ကိုလည်း အရပ်ဘက်ပြည်သူတွေက ဖမ်းပေးလို့ မိတာတဲ့။

တလောက စားသောက်ဆိုင် တဆိုင်မှာ ရဲဝန်ထမ်းနှစ်ဦးသုံးဦးကို အမည်မသိ လူတစုက ဝိုင်းရိုက်တာ ခံလိုက်ရတဲ့ သတင်း ဖတ်လိုက်ရသေးခင်ဗျ။

ဟိုတလောကလည်း ရှမ်းပြည်နယ်က ရဲစခန်းတခုကို လက်နက်ကိုင်တဖွဲ့က ပစ်ခတ်သွားတဲ့သတင်း ဖတ်လိုက်ရသေး။

တလောကပဲ မြန်မာနိုင်ငံရဲ့ လုံခြုံရေး တာဝန်ယူရတဲ့ ရဲဝန်ထမ်း အင်အား မလုံလောက်ဘဲဖြစ်နေတယ်ဆိုတဲ့ သတင်းလည်း ဖတ်လိုက်ရသေး။မကြာမတင်ပြုလုပ်တော့မယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေးတာဝန်ယူရမယ့် ရဲဝန်ထမ်းတွေရော အလုံအလောက်ရှိရဲ့လား။

ကျောင်းသားတွေ၊ လယ်သမားတွေအပေါ်မှာ အနိုင်ယူခဲ့တဲ့ ရဲတွေဟာ တရားခံပြေးတို့၊ ထောင်က မကြာခင်ကမှ လွတ်လာ တဲ့ လူဆိုးလူမိုက်တွေကျတော့ မနိုင်တဲ့အပြင် ခံခံနေရလေတော့ ကူညီပါရစေ ဆိုတဲ့ ရဲဆောင်ပုဒ်ကို မောင်မိုးသူကတော့ ` ကူညီ ပါရစေကို ကူညီကြပါ´ လို့ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts