ဗိုလ်ထက်မင်း ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၁)

ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၁)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

၁။ NCA လက်မှတ်ထိုးဖို့အစိုးရက ဆန္ဒ ပြင်းပြကာအရှိန်ယူနေပြီဖြစ်တယ်။ ဦးအောင်မင်းဦးဆောင်တဲ့ UPWC အဖွဲ့တွေ ကျိုင်းတုံကို သွားကာ UWSA/NDAA နဲ့တွေ့ဆုံသလို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K နာဂအဖွဲ့နဲ့လည်း တွေ့ဆုံကာ အပစ်ရပ်လက်မှတ်ထိုးမှာပါဖို့ တိုက်တွန်းခဲ့ပါတယ်။ အလားတူ စက်တင်ဘာလ (၁၄)ရက်နေ့အင်ယားလိပ်မှာ ဦးအောင်မင်းဦးဆောင်တဲံ့ MPC အဖွဲ့ဟာနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖိတ်ခေါ်ကာ နိုင်ငံရေးမူဘောင်ညှိနှိုင်းဆွေးနွေးပွဲ ရက်ပေါင်း(၆၀) အတွင်းသာ သတ်မှတ်ထားရာ ရွေးကောက်ပွဲ အချိန်ကာလနဲ့တိုက်ဆိုင်နေတာမို့လက်မှတ်ထိုးပြီးပါက အချိန်မှီစေရန် ကြိုတင်အရှိန်စ ယူနေတာဖြစ်မယ်လို့သုံးသပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီလ(၂၀)ရက်နေ့NCA လက်မှတ်ထိုးမည့် ရက်ညှိနှိုင်းသတ်မှတ်ရေးအစည်းအဝေး MPC ကခေါ်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့အနက် (၈)ဖွဲ့တက်လာပြီး နှစ်ဖွဲ့ကထိုးမည်ဟု သဘောထားပေး လာပါတယ်။ ဒါအပြင်လူထုလူတန်းစားအဖွဲ့အစည်းများကို NCA စာချုပ်ရှင်းလင်းခဲ့ပါတယ်။ စက်တင်ဘာလ (၁၈)ရက်နေ့တုံးက တအောင်းပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ MPC တို့မှတာဝန်ရှိ သူများဟာ အပစ်အခတ်ရပ်စဲရေးအစည်းအဝေး ဆွေးနွေးညှိနှိုင်းရန် စက်တင်ဘာလမကုန်ခင် ကျင်းပဖို့ ချင်းမိုင်မှာ အကြိုညှိခဲ့တယ်လို့ သိရပါတယ်။

၂။ သမ္မတနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အချို့က တနိုင်ငံလုံးအပစ်ရပ်ဆိုတဲ့ အဓိပ္ပါယ်အတိုင်း အစိုးရချန်ထားတဲ့(၃)ဖွဲ့မပါက မပြည့်စုံလို့ အားလုံးပါမှထိုးမည်ဟု ဆက်တင်းခံနေကြ တယ်။ တချို့က နိုင်ငံရေးဆွေးနွေးပွဲနောက်ကျမည်စိုးရိမ်ကာ လက်ရှိအစိုးရလက်ထက်မှာပင် လုပ်ချင်လို့ လက်မှတ်ထိုးချင်ကြတယ်။ တချို့က တွေဝေနေကြတယ်။ သူတို့ထိပ်သီး ချင်းမိုင်မှာ ဒီလ (၂၆) ရက်နေ့မှာ လက်မှတ်ထိုး၊ မထိုး ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ အစိုးရက AA/ TNLA အဖွဲ့တွေကို လမ်းပေါက်ဖွင့်ထားပြီး MMDAA ကိုတော့ သမ္မတက တိုက်ရိုက်ကိုင်မယ်လို့ အဖြေထွက်ထားပါတယ်။

၃။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် UN,EUROPE,US,JAPAN,CHINA,USSR,ASEAIN တို့က စိတ်ပါလက်ပါရှိကြတဲ့အတွက် ကမ္ဘာ့နိုင်ငံတနိင်ငံရဲ့ ဖြစ်စဉ်အရေးအခင်းအပေါ် စိတ်ပါဝင်းစားမှူတွေထဲမှာ ဒီဖြစ်စဉ်ဟာ အများဆုံးဖြစ်ပြီး ဂရင်းနစ်စံချိန် သတ်မှတ်မည်ဆိုပါရင် စံချိန်တင်မည့်အနေအထားရှိကြပါတယ်။ သူတို့ဘာလို့ဒီလောက်စိတ်ဝင်းစားရသလဲဆိုရင် မြန်မာနိင်ငံဟာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာမှာ အာရပ်နွေဦးလို သွေးထွက်သံယိုမရှိဘဲ နယ်စပ်တိုက်ပွဲများမှအပ အစိုးရ၊လွှတ်တော် တည်တည် ငြိမ်ငြိမ်ပြောင်းလာသလို အတိုက်အခံနိုင်ငံရေးပါတီနဲ့တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို စားပွဲဝိုင်းသို့ ခေါ်လာနိုင်ပြီး Super power US သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်ကိုတွေ့ဆုံရတဲ့ အထိ နိုင်ငံတကာက အံ့သြကုန်ကြပါတယ်။ ဒါပေမဲ့ အထက်ပါ နိုင်ငံတွေရဲ့စိတ်ပါဝင်စားမှူ၊ရည်ရွယ်ချက်တွေ ကတော့ မတူညီကြဘဲ ရျူပ်ထွေးနက်နဲလှပါတယ်။

၎။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စိတ်ဝင်းစားမှူ ပြင်းပြဆုံးဖြစ်ကာ Power Game ကစားပါတယ်။ သူတို့ကိုယ်တိုင်က နယ်စပ်တည်ငြိမ်ရေးလိုလားတယ် တသွင်သွင်ပြောနေပေမဲ့ တရုတ်တပ်မကြီးကို ချန်ဒူး စစ်ဒေသမှာ မြန်မာနယ်စပ်အနီး ကျည်အစစ်နဲ့စစ်ရေးလေ့ကျင့်မှူ ပေါ်တင်လုပ်နေတာဟာ မီးစတဖက၊် ရေမှူတ် တဖက် ခင်းနေတဲ့အပြင် ကိုးကန့်အဖွဲကိုနောက်ကွယ်မှ ပံ့ပိုးပြီး စစ်ရေးဖိအားပေးခိုင်းပါတယ်။ တရုတ်က အစိုးရလုပ်နေတဲ့ MPC မှာ နောက်ကွယ်ကနေ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ကြိုးကိုင်တာ (ကိုမင်းဇော်ဦး၊ ကိုအောင်နိုင်ဦးတို့ အမေရိကန်မှ လာတာကို မယုံကြည်ဟန်တူ) လွမ်းမိုးနေတယ်လို့မြင်တယ်။ ဒါကြောင့် နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့တွေကိုဖိအားပေးပြီး NCA လက်မှတ်မထိုးဖို့ထိုးရင်တောင် ကျန်တဲ့ (၃) ဖွဲ့ပါမှ ထိုးရမယ်လို့ တရုတ်က ဖိအားပေးထားတယ်လို့သိရ ပါတယ်။ UWSA ကြေညာချက် အရ ယူနန်ပြည်နယ်၊ တရုတ်ကို ဂတိပေးထားတာ ဖျက်သလိုဖြစ်မှာမို့ လက်မှတ်မထိုးချင်ဘူးလို့ဆိုလာပါ တယ်။ အသိသက်သေအဖြစ်ထိုးမဲ့ နိုင်ငံတွေမှာ တရုတ်က အနောက်နိုင်ငံတွေပါဖို့မလိုလားဘူးလို့ လေသံ ပစ်ထားရာ ပြီးခဲ့တဲံ့ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတက တိုင်းရင်းသားတွေတောင်းဆိုလို့ အနောက်နိုင်ငံတွေ သာမက တရုတ်နဲ့မတည့်တဲ့ ဂျပန်ကိုပါ ထည့်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးဇာတ်ခုံ လှူပ်ခါခိုင်းမဲ့သဘော ရှိနေပါတယ်။ တရုတ်က ရွေးကောက်ပွဲကော်မရှင်ထိ လိုက်တွေ့ပြီး ဘယ်လိုလုပ်မှာလဲဆိုတဲ့လုပ်ငန်းစဉ်ကို မေးကတည်းက မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမှာကို လိုလားဟန်မတူတာတွေ့ရပါ တယ်။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားပြီး ကိုးကန့်အား တဖက်သတ်အပစ်ရပ်ခိုင်းတဲ့ လုပ်ဟန်ဟာ Power Game ကစားတာဖြစ်ပါတယ်။

၅။ အမေရိကန်နိုင်ငံကလည်း ဒီမိုကရေစီ၊လူ့အခွင့်အရေး အကြောင်းပြပြီး ဝင်လာပေမဲ့ တကယ်တမ်း အတွင်းသဘောက တရုတ်နိုင်ငံအနောက်ဘက်ပိတ်ဆို့ရေးနဲ့ သြဇာအာဏာထိန်းချုပ်ရေးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလီခေါင်းစဉ်ကို တင်ကာ ရခိုင်ပြည်နယ်မငြိမ်မသက်ဖြစ်နေမှ တရုတ်စီးပွါးရေးရွှေဂတ်စ် ထိခိုက်ကာ တရုတ်ပိုးလမ်းစီမံကိန်းကြီးကို နှောက်ယှက်စေပါမယ်။ ရခိုင်ရေဘေးကိစ္စမှာ USသံအမတ်ကြီး ကိုယ်တိုင် လယ်ကွက်ထဲဆင်းပြီး ရခိုင်တွေကို စည်းရုံးနေတာ တွေ့လိုက်ရတယ်။ အမေရိကန်နိုင်ငံဗဟို အစိုးရက စေလွှတ်တဲ့ အရာရှိကြီးများ၊မူဝါဒ ထိန်းသိမ်းသူများ လွှတ်တော်အမတ်များ ချောင်းပေါက်အောင် နေပြည်တော်သို့စေလွှတ်တာမို့ တရုတ်အဖို့ ဒီဂရီ တက်စရာဖြစ်ပါတယ်။ မကြာသေးကလေးခင်ကာလမှ အရှေ့အာရှ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Daniel Russel က ဘင်္ဂလီများကို ဘာသာရေးအရ ခွဲခြားဆက်ဆံမှူအနေနဲ့ မဲဆန္ဒပေးခွင့် ရုတ်သိမ်းခံရခြင်းနဲ့ မွတ်ဆလင်အမတ်များကို ကိုယ်စားလှယ်အဖြစ် မှ ပယ်ချနေတဲ့အပေါ် ဝေဖန်သွားသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကျတော့ တိုက်တွန်းသွားခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဟာ မျိုးစောင့်ဥပဒေပြဌာန်းမှူ နဲ့ရခိုင်ပြည်နယ်ရိုလင်ဂျာတွေအား အစိုးရရဲ့ဆက်ဆံပြုမူဆောင်ရွက်ချက်အပေါ် ထောက်ပြပြီး ဆုတ်ယုတ် မှူတွေတွေ့နေရတယ်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ဓနသဟာယရေးရာဝန်ကြီး Mr huge swire က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည်အခမ်းအနားမှာ ပြောကြားသွားပါသေးတယ်။

၆။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် နီပွန်ဖေါင်းဒေးရှင်းဖွဲ့ကာ ၅နှစ်အတွင်း ဂျပန်ယန်း သန်း၁၀ဘီလီယံ (US ၈၃.၅မီလီယံ)ကူညီမည်ဆိုကာ အရင်ကနဦး ကရင် နဲ့မွန်ပြည်နယ်တွေမှာ ထောက်ပံ့ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ယင်းဥက္ကဌ Mr Yohei sasawa ဦးဆောင်တဲ့ (၁၀) ဦးပါတဲ့အဖွဲ့ စေလွှတ်မည်လို့သိရလို့ တရုတ်အဖို့စိတ်မသက်မသာဖြစ်လောက်ပါတယ်။ အာဆီယံကလည်း လက်မှတ် ထိုးတာမဟုတ်သေးဘဲ မူကြမ်းသဘောတူအတည်ပြုနေတာကို နားလည်မှူလွှဲကာ ကြိုဆိုတဲ့ကြေညာချက် ဇွတ်ထုတ်ခဲ့ပါတယ်။ UN အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားဟာ တရုတ်ပြိုင်ဘက် အိန္ဒိယနိုင်ငံသား ဖြစ်နေလို့ စိုးရိမ်စရာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဓိကပံ့ပိုးတဲံ့ အနောက်နိုင်ငံတနိုင်ငံကတော့ နော်ဝေးနိုင်ငံဖြစ်ပြီး ပိတ်ဆို့ကာလရှိနေကတည်းက နာဂစ်မုန်တိုင်းဒဏ်ကျစဉ်ကပင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အစိုးရကို အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပါတယ်။ နော်ဝေးနိုင်ငံဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်အောင် ကမ္ဘာမှာ လုပ်ပြချင်တဲ့နိုင်ငံဖြစ်ကာ အောင်မြင်သွားရင် သမ္မတဦးသိန်းစိန်ကို နိုဗယ်ဆုပေးမဲ့အလားအလာရှိနေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ရပ်တည်ရေး အတွက် တိုက်ရိုက်မဟုတ်တောင် နယ်စပ်ဒေသဖွံဖြိုးရေးခေါင်းစဉ်ဖြင့် ယူရိုငွေသန်းနဲ့ချီ ထောက်ပံ့ပေးဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် မထင်မှတ်ဘဲ ရုရှားနဲ့ပါကစ္စတန်နိုင်ငံ၊ အစ္စရေး နိုင်ငံတွေဟာ ကိုးကန့်ဒေသစစ်ပွဲတွေကြောင့် တပ်မတော်စွမ်းရည်ထက်မြက်လာစေဖို့အင်အားပြန်လည် ဖြည့်တင်းရေးအတွက် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ထိတွေ့ဆက်ဆံလာပြီး သူလည်း Power Game ကစားတာမို့ အဲဒီနိုင်ငံတွေကလည်း ကိုယ်အကျိုးစီးပွါးအရ ပါဝင်လာပြန်တယ်။

၇။ ဒီနေရာမှာ အစ္စရေးနိုင်ငံပါဝင်လာတာဟာလည်း စိတ်ဝင်းစားစရာကောင်းလှပါတယ်။ အစ္စရေးပါဝင် လာပုံနဲ့ တရုတ်နိုင်ငံရဲ့ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ အထိမ်းအမှတ်မှာ မြန်မာတပ်မတော်ကို မဟာမိတ် နိုင်ငံများနည်းတူ စစ်ရေးပြမှာ ပါဝင်ဖို့ဖိတ်ခေါ်ခဲ့တာကို ဘာကြောင့်ငြင်းခဲ့တာလည်း အပါအဝင် NCA မှာပါ တဲ့ Code of Conduct နှစ်ဖက်တပ်ဖွဲ့များလိုက်နာရမည့်ကျင့်ဝတ် နဲ့စပ်လျဉ်းပြီးအကြံပြုချက်များ စတာ တွေကို နောက်အပိုင်း(၂)မှာဆက်လက်တင်ပြပါ့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “ဗိုလ်ထက်မင်း – ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ – အပိုင်း(၁)
  1. အဖြစ်​မှန်​ပုံစံဖြင့်​ သုံးသပ်​​ပေးသည့်​အတွက်​ အထူး​ကျေူဇူးတင်​ပါတယ်

Comments are closed.