သူတို့အာဘော် မြင့်ကျော်

မြင့်ကျော် – လွဲနေတဲ့ သူတို့အတွက် ပြန်စာ

Myanmar Journalist Network and Myanmar Press Council (Interim) member U Myint Kyaw. Photo: Aung Khant / The Myanmar Times
မြင့်ကျော် – လွဲနေတဲ့ သူတို့အတွက် ပြန်စာ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅
မီဒီယာလောကမှာ သူတို့ ဗိုလ်ကျစိုးမိုး ချယ်လှယ်ချင်တာမရလို့ အဖွဲ့အစည်းတကာ၊ လူတကာကိုလိုက် အပြစ်ပြောနေတာမျိုးကို ပြန်တုံ့ပြန်ဖို့ မလိုဘူးလို့ အရင်က စဉ်းစားခဲ့တယ်။
ဒါပေမယ့်လည်း မူဝါဒကို ဝေဘန်တာ၊ လုပ်ပုံလုပ်နည်းကို ဝေဘန်တာမျိုး မဟုတ်တော့ဘဲ လူတဦးချင်းစီရဲ့ ကိုယ့်ကျင့်တရားကိုပါ ထိပါးစေတာမျိုးတွေပြောလာတော့ မီဒီယာသမားတွေနဲ့ စာဖတ်ပရိသတ်ကို ရှင်းပြ ဖို့လိုလာတယ်လို့ ယူဆပါတယ်။
စာနယ်ဇင်းကောင်စီဝင် တယောက်လည်းဖြစ်သူ ဒေါက်တာသိန်းမြင့်က သူတို့ရဲ့ မီဒီယာစာမျက်နှာပေါ်ကနေ စာနယ်ဇင်းကောင်စီဝင်တွေ တယောက်ပြီးတယောက်ကို ပုဂ္ဂိုလ်ရေးအရရော ၎င်းတို့ရဲ့ ကိုယ်စားပြုတဲ့အဖွဲ့အစည်းရဲ့လှုပ်ရှားမှုလိုမျိုးကိုပါ လိုက်လံအပြစ်ပြောနေတာဘာကြောင့်ပါလဲ။
အဖြေကတော့ စာနယ်ဇင်းကောင်စီဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးချလို့မရလို့၊ ၎င်းတို့ဩဇာမနာခံလို့ပါဘဲ။
သူတို့ အကျိုးစီးပွားနဲ့ကိုက်ညီတဲ့အခါ အသုံးချမယ် အကောင်းပြောမယ်၊ မကိုက်ညီတဲ့အခါ အဖွဲ့ကိုရော၊ အဖွဲ့မှာ လုပ်ကိုင်နေသူတွေကိုပါ အပြစ်ရှာပြီးဝေဘန် အပုပ်ချမယ်ဆိုတာမျိုးပါ။
စာနယ်ဇင်းကောင်စီဟာ တဦးတယောက်၊ အဖွဲ့တဖွဲ့ရဲ့ အကျိုးစီးပွားအတွက်မဟုတ်ပါဘူး၊ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN ) ကို ကိုယ်စားပြုပြီး စာနယ်ဇင်းကောင်စီမှာ ပါဝင်ဆောင်ရွက်နေတာကလဲ မီဒီယာနယ်ပယ်ရဲ့ အကျိုးအတွက်ပါ။ ဘယ်သတင်းဌာန၊ ဘယ်သတင်းသမား တဦးတယောက်အတွက်မဟုတ်ပါဘူး၊
တချို့သော ကိစ္စတွေမှာ MJN ကရှုမြင်တာနဲ့ စာနယ်ဇင်းကောင်စီရဲ့ရှုမြင်ပုံ တထပ်ထည်းကျမှာ မဟုတ်ပါဘူး။

ဒီလိုကိစ္စတွေမှာ MJN အနေနဲ့ ကိုယ့်အမြင် ကိုယ့်လုပ်နည်းလုပ်ဟန်နဲ့ လုပ်မှာဖြစ်ပြီး စာနယ်ဇင်းကောင်စီကို MJN အတိုင်း မလုပ်ရကောင်းလားလို့ အပြစ်တင်လို့မရပါဘူး၊ ကောင်စီက သတင်းသမားတွေ စုစည်းထားတဲ့ MJA, MJN, MJU အပြင် အခြားသောနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေပါ ပါဝင်ဖွဲ့စည်းထားပြီး ပိုမိုကျယ်ပြန့်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေလို့ပါဘဲ။  သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမား ကာကွယ်ရေး သက်သက်မဟုတ်တော့ပဲ အများပြည်သူ့အခွင့်အရေးကို အာမခံဖို့လည်း ပါဝင်လို့ပါဘဲ။

အလဲဗင်းမီဒီယာက ပထမဆုံးကောင်စီကို တိုက်ခိုက်တဲ့ ကိစ္စက သမ္မတထံမှ အလှူငွေ သိန်းငါးရာ လက်ခံတဲ့ကိစ္စပါ၊ အဲဒီကိစ္စမှာ ကျွန်တော့်ရဲ့အမြင်ကတော့ ကောင်စီအနေနဲ့ ရံပုံငွေအတွက် မီဒီယာတိုက်ကြီးတွေထံက အလှူခံပြီး ရပ်တည်ရတာထက်စာရင် အမျိုးသားအဆင့်အဖွဲ့အစည်း တခုကို နိုင်ငံတော်က အကုန်အကျခံဖို့ တာဝန်ရှိတာကြောင့် ယူတာ မမှားဘူးလို့ ယူဆလို့ အဲဒီဘက်က ရပ်တည်ခဲ့တာပါ။ မီဒီယာတိုက်တွေက ၀တ္တရားအရ အချိုးကျထည့်ဝင်ရတာမျိုး မဟုတ်ပဲ အလှူငွေဆိုတဲ့ ပုံစံနဲ့ ပေးတာတွေကို လက်ခံရင် တနည်းမဟုတ်တနည်း သြဇာပေး၊ အသုံးချလာမှာကြိုမြင်လို့ပါဘဲ၊ နောက်တချက်က  ဒီငွေကို ဘယ်ကောင်စီဝင်မှ အကျိုးခံစားမှာ မဟုတ်ဘူးဆိုတာ လိပ်ပြာသန့်ပြီးသားမို့လို့ပါဘဲ။
ကောင်စီဝင်တွေဟာ လစာလည်း ယူကြသူတွေ မဟုတ်သလို၊ စေတနာ့ဝန်ထမ်း လုပ်ဆောင်နေတာဖြစ်လို့ ဒီသိန်းငါးရာကို လက်ခံခဲ့တာ ဖြစ်ပါတယ်။  ဒီပိုက်ဆံတွေကို ဘယ်ကောင်စီဝင် တဦးတယောက်မှ ကိုယ်ကျိုး မသုံးတာကိုလည်း ကောင်စီဝင်လည်း ဖြစ် ဘဏ္ဍာရေးကော်မတီဝင်လည်း ဖြစ်တဲ့ ဒေါက်တာသိန်းမြင့် သိပြီးသားပါ။  မသိလို့ ပြောနေတာမဟုတ်ဘဲ အပုပ်ချချင်တာကြောင့် အများပြည်သူ အထင်လွဲအောင် ပြောနေတာ ထင်ရှားပါတယ်။
အခုဆောင်းပါးတွေနဲ့ တယောက်ပြီးတယောက် တိုက်ခိုက်နေတဲ့ ရည်ရွည်ချက်ကဘာလဲဆိုရင် လက်ရှိ ကောင်စီဝင်တွေထဲက ပြန်ပြီးပါဝင်အရွေးခံနိုင်ဖွယ်ရှိသူတွေကို ပစ်မှတ်ထားနေတာပါ။ ပြန်အရွေးခံနိုင်ဖွယ်ရှိသူတွေကို အပုပ်ချရေးသားလို့ စိတ်ပျက်ပြီးကောင်စီမှာ ပြန်မပါအောင်၊ ကောင်စီကို အယုံအကြည်မရှိအောင် အားနည်းအောင်ရည်ရွယ်တာထင်ရှားပါတယ်။
ကျွန်တော်ဘယ်တုန်းက သတင်းမီဒီယာနယ်ပယ်ထဲ ၀င်လဲ၊ ဘယ်ဂျာနယ်မှာလုပ်ခဲ့လဲ၊ ဘယ်သတင်းဌာနမှာ လုပ်ခဲ့သလဲဆိုတာ သေချာစုံစမ်းပြီးမှရေးပါ၊  စာနယ်ဇင်းကောင်စီ ယာယီဖွဲ့တဲ့ ၂၀၁၂ ခုစက်တင်ဘာ ၁၇ ရက်နေ့မှ ဒေါက်တာသိန်းမြင့်က ကျွန်တော့်ကို မြင်ဖူးပြီး သတင်းလောကထဲကို လူငယ်တွေဝင်လာတာကောင်းတယ်လို့ လာပြောတာ ကျွန်တော်မှတ်မိနေပါသေးတယ်။ ကျွန်တော်က လူငယ်လဲ မဟုတ်ပါဘူး၊ ကျွန်တော့်အကြောင်း ဘယ်လောက်သိသလဲဆိုတာ အဲဒီအချက်က ဖေါ်ပြနေပါတယ်။
နိုင်ငံခြားအခေါက်ခေါက် အခါခါ သွားပြီး သတင်းမီဒီယာနယ်ပယ် တိုးတက်အောင် ဘာမှ မလုပ်နိုင်ဘူးလို့ ပြောရအောင် ကောင်စီ သက်တမ်း ၃ နှစ်အတွင်းမှာ ၃ရက်နဲ့ ၅ ရက် နိုင်ငံခြား ကွန်ဖရင့် ၂ ကြိမ်သွားတက်ရုံနဲ့ သတင်းမီဒီယာလောကကို တိုးတက်အောင် လုပ်လို့ရတဲ့နည်းရှိရင် ပြောပြပါဦး။

နိုင်ငံခြားသွားတဲ့ ကုန်ကျစရိတ်ကလည်း DW နဲ့ IMS အဖွဲ့တွေက စီစဉ်ကျခံတာပါ။  အခုခေတ်မှာ နိုင်ငံခြားသွားတယ်ဆိုတာ အခွင့်ထူးခံစားတာမဟုတ်တော့ပါဘူး၊ ကိုယ့်စိတ်နဲ့နှိုင်းရင်တော့ မပြောတတ်ပါဘူး၊ နိုင်ငံခြားသွားတယ်ဆိုတာ တကယ်တော့ ကိုယ့် အလုပ်ချိန်ထဲက ဖဲ့ပေးရ၊ အလုပ်တောင်ပျက်တယ်ဆိုတာ အဖွဲ့အစည်းမှာ တာဝန်ယူထားသူတွေသိကြပါတယ်။

ဒီလောကအကြောင်း မသိသူတွေကိုသာ ပြောလို့ယုံချင်ယုံပါလိမ့်မယ်။ ဒီလောကအကြောင်း သိသူတွေကတော့ ပြောတဲ့သူက ဘာရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာ ဒီနယ်ပယ်ကသူ အများစုက နားလည် သဘောပေါက်ပြီးသားပါ။
နောက်ဆုံးပြောချင်တာကတော့ မီဒီယာလောကမှာ ဗိုလ်ကျစိုးမိုးချင်တာကြောင့် အချက်အလက်မှန်တွေကို မျက်ကွယ်ပြုပြီး ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်တာ ရပ်ပါတော့ ဆိုတာပါဘဲ။

 

(News-Eleven ၀က်ဆိုက်မှာ ဖော်ပြထားတဲ့ ဒေါက်တာသိန်းမြင့်၏ သူတို့လွဲနေပါတယ် (၂) ကို ပြန်ကြားစာ ဖြစ်ပါတယ်၊ မူလလင့်ခ်က http://news-eleven.com/opinions/%E1%80%9E%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%82%94-%E1%80%9C%E1%80%BC%E1%80%B2%E1%80%B1%E1%80%94%E1%80%95%E1%80%AB%E1%80%90%E1%80%9A%E1%80%B9-%E1%81%82 )
(မြင့်ကျော် သည် မိုးမခလစဉ်ထုတ်မဂ္ဂဇင်း (ရန်ကုန်)၏ အယ်ဒီတာတဦးလည်း ဖြစ်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts