စာစုတို ဖိုးထက်

ဖိုးထက် – စီဗယ်လိုက်ဇေးရှင်း မရှိရင် ကျိန်ဆဲမယ်

ဖိုးထက် – စီဗယ်လိုက်ဇေးရှင်း မရှိရင် ကျိန်ဆဲမယ်
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၅

Civilization ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ လူ့ယဉ်ကျေးမှုဆိုတာ ခင်ဗျားကြားဘူးမှာပါ။ မကြား ဘူးလဲအခု မှတ်တော့။ လူ ရဲ့ ယဉ်ကျေးမှု ဆိုပါတော့။ လူဆိုတာ ဘာလဲဆိုတာ ထပ်ရှင်းပြဖို့ လိုသေးလားဗျ။ လူဟာ အဟိတ်တိရိစ္ဆာန်ထက် ဘာတွေ သာတယ်ဆိုတာ စာအုပ်၊ စာတမ်းကြီးတွေ၊ ပညာရှင်တွေရဲ့ နှုတ်ထွက်စကားတွေ ကိုးကား ထုတ်နှုတ်ပြောဖို့ လိုနေသေးလား။ ဘာတွေ ဘယ်လို၊ ဘယ်နေရာမှာ သာတယ်ဆိုတာ ပြောဖို့လိုနေသေးတယ် ဆိုရင်တော့ ဒီစာတမ်းကို ဆက်ဖတ်မနေပါနဲ့တော့။ လူဟာ တိရိစ္ဆာထက် ဘာတွေ၊ ဘယ်လို သာတယ် ဆိုတာကို လူဖြစ်တဲ့ ခင်ဗျားက မတွေးတတ်ဘူး ဆိုရင်တော့ အားနာနာနဲ့ ပြောပါရစေ။ ခင်ဗျားဟာ ဆရာကြီး လူထုစိန်ဝင်း ခဏခဏ ပြောတဲ့ manimal ဆိုတဲ့ man ဆိုတဲ့ လူနဲ့ animal ဆိုတဲ့ တိရိစ္ဆာန်ကို ပေါင်းစပ်ထားတဲ့ လူ့တိရိစ္ဆာန်ကြီး ဖြစ်နေပြီလို့သာ မှတ်ပေတော့။

လူဟာ ဒီဒွန်ဒ္ဒြရာကြီးပေါ်မှာ အတူတူ မှီခိုနေတဲ့ သူ့ထက် အားကြီးတဲ့ဆင်ကို ချွန်းအုပ်ပြီး သစ်ဆွဲခိုင်းတယ်။ သူ့ထက် အပြေးမြန်တဲ့ ကျားသစ်ကို စနိုက်ပါနဲ့ ပစ်သတ်တယ်။ ကောင်းကင်မှာ ဗိုလ်ဆိုတဲ့ သိန်းငှက်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေး တယ်။ ရေထဲမှာ ကြောက်စရာကောင်းပါတယ်ဆိုတဲ့ ငါးမန်းကိုသတ်ပြီး ငါးမန်းတောင် ဟင်းချိုအဖြစ် ဟင်းချိုလုပ်သောက် တယ်။ ဒါတွေဘာကြောင့် လုပ်နိုင်တယ်လို့ ခင်ဗျားထင်သလဲ။ လူဟာ တွေးခေါ်မျှော်မြင်မှုမှာ သူတို့ထက် သာလို့လို့ ခင်ဗျား ထင်သလား။ ဟုတ်တယ်ဗျ။ သူတို့ထက်သာတဲ့ စဉ်းစား ဆင်ချင်ဉာဏ်ရှိလို့ဗျ။ ဘာလို့ သူတို့ထက် သာလွန်နဲ့ ဉာဏ်ရှိတယ်လို့ ထင်သလဲ ထပ်ပြီး စဉ်းစားကြည့်ပါ့လား။

တစ်ချို့ လူမျိုးနွယ်စုတွေ ရှိတယ်လေ။ သူတို့ မျိုးနွယ်စု အချင်းချင်းဘဲ လက်ထပ် ပွားစီးတဲ့ လူမျိုးတွေ ခင်ဗျားမြင်ဘူးပါ လိမ့် မယ်။ လူမပြောနဲ့။ တိရိစ္ဆာန်မပြောနဲ့။ အသက်ရှိတယ် မရှိဘူး ငြင်းနေရတဲ့ အပင်၊ ပန်းပွင့်တွေကို သူတို့မျိုးနွယ်တူ အချင်းချင်း ဘဲ မျိုးပွားကြည့်ရင် မျိုးဆက်တွေဟာ တဖြည်းဖြည်း နိမ့်ပါးလာတယ်ဆိုတာ ခင်ဗျား ကြားဘူးမယ်ထင်တယ်။ ဒီလိုဘဲဗျ။ ဒီအင်အေအတူတူခြင်း မျိုးပွားရင် မသန်မာ၊ မသန်စွမ်း၊ မကြီးပွားတဲ့ မျိုးဆက်သစ်တွေဘဲ ဖြစ်လာတယ်လေ။လူတွေမှာလဲ  အဲဒီ သူတို့အမျိုးမှ အမျိုးဆိုပြီး အချင်းချင်းပွားစီးတဲ့ လူတွေရဲ့ ရုပ်ရည်၊ အရပ်အမောင်းကို ခင်ဗျား ကြည့် ကြည့်။ ဘာလို နေမှန်း မသိတဲ့ ရုပ်ရည်တွေကို ခင်ဗျားတွေ့ရပါလိမ့်မယ်။

တိရိစ္ဆာန်မှာ ကိုယ့်သမီးကိုယ် သံဝါသ ပြုချင်လဲ ပြုတာဘဲ။ ကိုယ့်သားကိုယ် လင်တော်ချင်လဲ တော်လိုက်တာဘဲ။ လူမှာ ဒီ လို ကိစ္စတွေကို ဘယ်ဘာသာ တရားမှာမှ၊ ဘယ်လူမျိုးမှာမှ လက်မခံတာ ခင်ဗျား သိပါတယ်။ ကျွန်တော် ပြောချင်တာ ခင်ဗျား သိမှာပါ။ လူမှာ စဉ်းစား ဆင်ချင်ဉာဏ်တစ်ခုတည်း သူတို့ထက် သာတယ်လို့ မထင်နဲ့ဗျ။ ယဉ်ကျေးမှုမှာ သူတို့ထက် သာလို့ လူက ဒီကမ္ဘာမှာ ဆရာ ဖြစ်နေတာဗျ။

ယဉ်ကျေးမှု ဆိုတဲ့ စကားလုံးဟာ ဘယ်လောက် ကျယ်ပြန့် နက်နဲတယ်ဆိုတာ ဒီစာကို ခင်ဗျားဖတ်နေနိုင်ကတည်းက ခင် ဗျား သိမှာပါ။ ယဉ်ကျေးမှုဆိုတဲ့စကားလုံးကို ခွဲခြမ်းစိပ်ဖြာဖို့ ကျွန်တော့် စာတမ်းမှာ အချိန်လဲ မရှိဘူး။ နေရာလဲ မရှိဘူး။ ဥပ မာ တစ်ခုဘဲ ကျွန်တော် ပြောမယ်။ ဆိုပါတော့…

ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဟာ သမ္မာကျမ်းစာထဲက စာတွေကို ရွတ်ဖတ်ပြီး သန့်ရှင်းသော ၀ိညာဉ်တော် ၏ ကျေးဇူးတော်ကြောင့်လို့ဆိုတဲ့ သူတို့ရဲ့ ထာဝရ ဘုရားသခင်ဆီကို ဆုတောင်းနေချိန်မှာ ဘေးကနေ “ဟုတ်ကဲ့ပါ ခင်ဗျာ….ညောင်စေ့လောက် လှူလဲ ညောင်ပင်ကြီးလောက်ရပါတယ်။ ဘယ်ဘက်က တစ်ဆုပ်ကျဲလို့ ညာဘက်က တစ်လှည်း ၀င်နိုင်ကြပါစေ။ ဝေသန္တရာ မင်းကြီးဟာ” ဘယ်လို ဘယ်ညာဆိုပြီး အသံချဲ့စက်ကြီးနဲ့ အလှူခံနေလို့ ဖြစ်လား။ ဖြစ်သင့်သ လား။ ခင်ဗျားပြော။

ပါဏာတိပါတာ ဝေဒါမနိ သိက္ခာပဒံ ဆိုပြီး ငါးပါးသီလ ခံနေစဉ်မှာ ဘေးကနေ “အလာ အကာဘာ” ဆိုတဲ့ အသံကျယ်ကြီးနဲ့ ရှစ်ခိုးနေလို့ ဖြစ်လား။ ခင်ဗျား ပြော။ ငါက ဗုဒ္ဓဘာသာ။ ဗုဒ္ဓဘာသာထက် ကောင်းတဲ့ ဘာသာတရားမရှိဘူးလို့ ခင်ဗျား ပြော ချင် ပြောနိုင်တယ်။ ဒါပေမယ့် ဒီကမ္ဘာမှာ အခြားသော ဘာသာတရားတွေရဲ့၊ အခြားသော လူတွေရဲ့ ကိုးကွယ်ယုံကြည် ဆည်းကပ်မှုကို ခင်ဗျား မျက်ကွယ်ပြုလို့ မရဘူး။ လက်မခံချင်လို့ မရဘူး။ ဘာကြောင့်လဲ မမေးနဲ့။ မေးရင်လဲ ကျွန်တော် ဖြေမယ်။ ခင်ဗျား သိသမျှ ဘုရားတွေ၊ နတ်တွေ အကုန်မေ့ပြစ်လိုက်။ အဲဒါတွေ အကုန် ထားလိုက်။ လူ့ယဉ်ကျေးမှု အရကိုဘဲ ခင်ဗျားက သူတို့ မုတ်ဆိတ်မွှေး အရှည်ကြီး ထားတာလဲ နားလည်ပေးရမယ်။ အားအားရှိ ကျေးဇူးတော်ကြောင့်လို့ မြည်တမ်း နေတယ်လို့ ခင်ဗျား ထင်ချင်တဲ့ လူတွေကိုလဲ နားလည်ရမယ်။

ကိုယ့်ဘာသာတရားကလွဲလို့ ကျန်တဲ့ ဘာသာတရား ဖွဲနဲ့ ဆန်ကွဲဆိုတဲ့ အမြင်ကို ကျွန်တော်တို့ တွေ ပြင်ရမယ်ဗျ။ ကျွန် တော်တို့ရဲ့ ဂေါတမ ဘုရားရှင်တောင် သူသက်ရှိ ထင်ရှားရှိစဉ်က လူတွေ အကုန်လုံးကို သူ့နောက်လိုက်တွေအဖြစ် သိမ်း သွင်းနိုင်ခဲ့လို့လား။ လူဟာ သူ့စိတ်နဲ့ သူဆိုတာ ဘုရားရှင်က သိခဲ့တယ်ဗျ။ ခင်ဗျားတို့၊ ကျွန်တော်တို့လို့ ဘုရားလဲ မဟုတ်၊ ရဟန္တာလဲ မဟုတ်တဲ့ သာမန်လူတွေက အို…ဗုဒ္ဓဘာသာ မဟုတ်ရင် အကုန်မကောင်း။ အကုန် နောက်ဆုတ်ဆိုတဲ့ အတွေး အခေါ်တွေနဲ့ ယဉ်ကျေးမှု မရှိတဲ့ ကိစ္စတွေ လုပ်နေကြတာ သင့်တော်လား၊ မသင့်တော်လား ဆိုတာ ကိုယ့်သမီးကိုယ် ဟိုဒင်း ဟိုဟာ မလုပ်မယ့် လူဖြစ်တဲ့ ကျွန်တော်တို့က စဉ်းစားနေဖို့ လိုသေးလို့လားဗျ။

ခင်ဗျား သိမှာပါ။ ကရင်ပြည်နယ်ဘက်မှာ အိပ်မက်ကြောင့်ဆိုပြီး ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းနဲ့ ပေတစ်ရာတောင် မဝေး တဲ့နေရာမှာ ဘုရားတည်၊ ပဌန်းရွတ်တာလေ။ ဘာလဲဗျ အိပ်မက်။ အိမ်မက်ဆိုရင် ကျွန်တော်တို့က ကောဿလမင်း ကြီးရဲ့ အိမ်မက်တွေကို သိပ်ပြီး ကိုးကားကြတယ်။ လေဖမ်းဒါန်းစီးနဲ့ ကောဿလမင်းကြီးဟာ ဘယ်သူလဲလို့ မေးရင် သီပေါမင်းနဲ့ အဖေတူ မအေကွဲလိုလို လုပ်ကြတယ်ဗျ။  အဲဒီ ကောဿလ မင်းကြီးကို ခင်ဗျား ခဏထား။ အိပ်မက်ဆိုတာ ခင်ဗျား စိတ်ထဲ ရှိရာ ပြောချင်တိုင်း ပြောလို့ရတယ်လေ။ ကြယ်ကြီး တစ်ခုကို ခင်ဗျား ခေါင်းအုံး အိပ်လို့ရမယ်။  ရောင်စုံ သက်တန့်ဘကီးပေါ်က ခင်ဗျား ဆင်းလာနိုင်တယ်။ ပန်းရထားကြီးနဲ့ ခင်ဗျား အပေါ်တက်လို့ရတယ်။ အောက်ဆင်းလို့ရတယ်။ သေပြီးသားလူနဲ့ ခင်ဗျား စကားပြောနိုင်တယ်။ လူတွေရဲ့ ထူးဆန်း အံ့သြဖွယ်ကိစ္စတွေထဲမှာ အိပ်မက်မက်ခြင်းပါတယ်လို့ မထင်နဲ့ဗျ။ ခွေး တွေ၊ ကြောင်တွေမှာ အိပ်မက်မက်ခြင်းဆိုတာ ရှိတယ်ဗျ။ ဒါက ကျွန်တော်ပြောတာမဟုတ်ဘူး။ ပညာရှင်တွေ၊ သုတေသန ပညာရှင်တွေ ပြောတာ လက်မခံချင်နေအုံး။ ခင်ဗျားအိမ်က အိပ်နေတဲ့ ကြောင်တွေ၊ ခွေးတွေကို စောင့်ကြည့်ပါ။ သူတို့ အိပ်မက်တွေကို နားလည်လာမယ်။

အခုတော့ ဘာလဲဗျ။ အိပ်မက်ကြောင့်ဆိုပြီး သူများ ဘုရားကျောင်းဝန်းထဲမှာ ဘုရားတည်တဲ့ ကိစ္စ လူ့ယဉ်ကျေးမှု အရ လုပ်သင့်သလား။ မလုပ်သင့်ဘူးလား။ ခေါင်းခြောက်အောင် စဉ်းစားဖို့ လိုလားဗျ။ အာဖဂန်နစ္စတန်မှာ ကျောက်တောင် ကြီးပေါ်က ဗုဒ္ဓဆင်းတုတော်ကြီးကို အမြှောက်နဲ့ ထုတဲ့ အစွန်းရောက် တာလီဘန် မွတ်ဆလင်တွေကို ကမ္ဘာကြီး တစ်ခုလုံးက ဘယ်လို ပြောခဲ့သလဲ။ ဘယ်လို ပြုမူခဲ့သလဲ။ အခု လောလောလတ်လတ် ရှားပါး ယဉ်ကျေးမှု အနုပညာ လက်ရာကြီးတွေကို ဗုံးထောင်ခွဲ၊ ဖျက်စီးနေတဲ့ ISIS တွေကို လူတွေ ဘယ်လို မြင်ကြသလဲ။ ဘယ်လို ပြောကြသလဲ။ ခင်ဗျား သိမှာပါ။

နောက်ပြီး ရှိပါသေးတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆိုပြီး ဟိုတယ်ပေါက်ဝက စောင့်ဖမ်းချင်တဲ့ ကိုယ် တော်တွေလေ။ ကောင်းတယ် မကောင်းဘူး ကျွန်တော် မဝေဖန်လိုဘူးဗျ။ ဒါပေမယ့် ခင်ဗျားသိမယ် ထင်ပါတယ်။ ဗုဒ္ဓဘာသာ ကို နိမ့်ပါး ဖျက်ဆီးမယ့် သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေဘဲ ဖြစ်မယ်ဆိုတဲ့ ဘုရားရှင်ရဲ့ ကြိုတင် နိမိတ်ဖတ်ဟောပြောချက်ဟာ ပေါက်တတ်ကရ ပြောချင်တာ ပြောခဲ့တယ်လို့ ထင်လို့လားဗျ။ ကိုယ့် ဘာသာ ကောင်းသထက် ကောင်းအောင်၊ တော်သထက် တော်အောင် သနေ၊ ထက်နေအောင် နေတဲ့ လူတစ်ယောက်ကို စနစ်ဆိုးတွေ၊ အစိုးရဆိုးတွေသော်မှ ဖျက်ဆီး ဟန့်တားလို့ မရသလို ကိုယ့်ဘာသာ ကိုယ် တိုးတက်ကြီးပွားအောင် မနေဘဲ သူများ ဘာသာ တရားကို ထိပါး ပုတ်ခတ်ချင်တဲ့ လူတွေဟာ ISIS တွေနဲ့ ဘာထူးလဲဗျ။

နောက်ပြီး သံဃာတော်တွေ နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ အဆိုကို ကျွန်တော်က လက်မခံဘူးဗျ။ သံသရာ စက်ဝိုင်းထဲကနေ ရုန်းထွက်ပြီး မနေနိုင်သေးသမျှ (၀ါ) ရဟန္တာ မဟုတ်သေးသမျှ အဲဒီ ဘုန်းကြီးတွေဟာ လောကီသားတွေဘဲဗျ။ လောကီ သားတွေပီပီ လောကီ ကောင်းကျိုးကို လုပ်ရမှာဘဲ။ ဘာလဲ လောကီ ကောင်းကျိုး ဆိုတာ။  တရားမျှတမှု၊ အများကောင်းကျိုးကို ရှေးရှူတဲ့ ကိစ္စမှန်သမျှ၊ မတရား မမျှတမှုကို တော်လှန်ပုန်ကန်တဲ့ ကိစ္စမှန်သမျှ လောကီသတ္တ၀ါတွေ လုပ်ရမှာဘဲ။ လုပ်လဲ လုပ်သင့်တာဘဲ။ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရတို့လဲ လုပ်ခဲ့တာဘဲ။ သူတို့ နိုင်ငံရေး လုပ်ခဲ့တယ်ဆိုတာ မြန်မာ လူမျိုးကို ဂုပ်သွေးစုပ်နေတဲ အင်္ဂလိပ်အစိုးရကို ခံချလာတာဘဲ။ အခုတော့ ဘာလဲဗျ။ ကိုယ့်လူမျိုး အချင်းချင်း ဂုပ်သွေးစုပ်နေတဲ့ လူတွေကိုကြတော့မဲပေးပါတဲ့။ ဘယ်လူမျိုး၊ ဘယ်လူကိုမှ နိမ့်ပါးအောင် မလုပ်မယ့် ပါတီကို မဲမပေးပါနဲ့ ဘာညာ ဆိုတဲ့ ဘုန်းကြီးတွေက ဘာလဲဗျ။

ကျွန်တော် ထပ်ပြောချင်တယ်ဗျ။ သင်္ကန်းရုံထားယုံနဲ့ လူထက် အများကြီးသာတယ်လို့ ထင်နေရင်တော့ မှားမှာဘဲဗျ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘ၀တစ်သက်စာ မှတ်တမ်း ကို ပြန်ဖတ်ပါလို့ တိုက်တွန်းရမှာဘဲ။ ကျွန်တော်လို ငချွတ်တားက ဘာဟုတ်လဲဗျ။ သင်္ကန်းဝတ်ထားတယ်ဆိုပြီး လူဝတ်ကြောင်တွေကို ငါ့ထက် နိမ့်တယ်လို့ ထင်နေတဲ့ ဘုန်းကြီးတွေကို ဆရာကြီးက ဘယ်လို ပြောခဲ့သလဲ ပြန်ဖတ်တော့ဗျာ။ ကျွန်တော်ကတော့ ဆရာကြီးလို အများကြီး မပြော တတ်ဘူးဗျ။ ဘုန်းကြီးတွေ၊ လူတွေ သိပ်မခွဲနဲ့။ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေ မခွဲနဲ့။ လူ့ယဉ်ကျေးမှု မရှိရင်၊ မသိတတ်ရင် ဘုန်းကြီး ဖြစ်စေ၊ လူဖြစ်စေ၊ ဘယ်ဘာသာဝင်ဘဲ ဖြစ်စေ ဒီ ၂၁ ရာစု ကမ္ဘာကြီးက လက်ကို လက်မခံတော့တာ သိပါဗျ။

လူမှာ ယဉ်ကျေးမှုမရှိရင် အိမ်သာတက်ရင်တောင် နောက်လူကျိန်ဆဲတာ ခံရတတ်တယ်ဗျ။ တိရိစ္ဆာန်မှာ သူ့မစင်ပုံကို မဖုံးမပြုဘဲ ထားခဲ့လဲ ဘယ်အကောင်မှ မဆဲဘူး။ လူက ရေအိမ်သာမှာ ရေဆွဲမချဘဲ ထားခဲ့ ကြည့်ပါ့လား။ ပက်ပက်စက်စက် ကျိန်ဆဲခံရမယ်ဗျ။ ဒါဟာ လူ့ယဉ်ကျေးမှုဗျ။ ယဉ်ကျေးမှု မရှိရင် လူလို မသိတတ်ရင် ခင်ဗျားဘာသာ အလာအရှင်မြတ်ဘဲ ကိုးကွယ် ကိုးကွယ်၊ ထာဝရ ဘုရှားရှင်ဘဲ ကိုးကွယ် ကိုးကွယ်၊ ဗုဒ္ဓရှင်တော်မြတ်ဘဲ ကိုးကွယ် ကိုးကွယ် ကျိန်ဆဲခံရပြီသာ မှတ်ပေတော့ဗျို့။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts