ခေတ်ပြိုင်အတွေ့အကြုံ

အောင်ခက်မင်း – စာနာမှုနဲ့ရိုက်တဲ့ဓာတ်ပုံ ( သို့မဟုတ် ) စေတုတ္တရာ


အောင်ခက်မင်း –  စာနာမှုနဲ့ရိုက်တဲ့ဓာတ်ပုံ ( သို့မဟုတ် ) စေတုတ္တရာ 

(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၅

တကယ်တော့ သူသည် ဓာတ်ပုံပညာရှင်တစ်ဦးတော့မဟုတ်ပေ ။ သို့သော်ပြည်ပအသံလွှင့်ဌာနတစ်ခုတွင်သတင်းထောက်လုပ်ဖူးသည် ။ ပြည်တွင်းရောက်တော့လည်း သတင်းစာတစ်စောင်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည် ။ သူကား သွားလေရာရာတွင် ကင်မရာတကိုင်ကိုင်နှင့် ကဗျာဆရာကိုငြိမ်းဝေ (ကဗျာ့အိုးဝေ)ဖြစ်သည် ။

သူသည်ကဗျာဆရာပီပီအလှအပကိုချစ်သည် ။သဘာဝတရားကို မြတ်နိုးသည် ။လူ့ဘဝကိုတပ်မက်သည် ။သူ၏အချစ် သူ၏မြတ်နိုးမှု သူ၏တပ်မက်ခြင်းများကို စကားလုံးများဖြင့်သာမက ကင်မရာမီးရောင် ပြိုးပြက်ဖြင့်ပါ ဖမ်းဆုပ်ပြီး အလင်းပုံရိပ်များအဖြစ် ဖန်တီးလေ့ရှိသည် ။ သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ကဗျာဆန်သောဓာတ်ပုံများကို မြင်တွေ့နိုင်ပါသည် ။ သူသည် ခရီးသွားခြင်းကိုလည်းနှစ်ခြိုက်၍ ရသဟန်အဖွဲ့အနွဲ့ပါသော ခရီးသွားဆောင်းပါးများကိုလည်း ရေးလေ့ရှိသည် ။ သူသွားရောက်ခဲ့သော ခရီးစဉ်များတွင် စေတုတ္တရာမြို့လည်းပါဝင်သည် ။

စေတုတ္တရာသည် သူစွဲလန်းလွန်းရသော မြို့လေးတစ်မြို့ဖြစ်သည် ။ ထိုစေတုတ္တရာမြို့လေးအပေါ် ရေဘေးအန္တရာယ်ဆိုးက ခုန်အုပ် လိုက်သောအခါ သူသည် ပူပင်သောကများဖြင့်ပျာယာခတ်သွားသည် ။ ရန်ကုန်မြို့တော်ရှိ တိုက်ခန်းတစ်ခန်းအတွင်းမှ သူ၏ကဗျာဆရာဘဝကို ရေဘေးသတင်းကြီးက လှုပ်ခတ်လိုက်သည် ။ ချစ်မိတ်ဆွေကဗျာဆရာ အယ်ဒီတာတစ်ဦးကိုအဖော်ပြုကာ စေတုတ္တရာရေဘေးကယ်ဆယ်ရေး လုပ်ငန်းအတွင်းသို့ သူပြေးဝင်သွားခဲ့သည် ။   ေ

စတုတ္တရာမြို့လေးမှပြန်လာတော့သူ့မှာဝေဒနာတွေပါလာသည် ။ သတင်းစကားတွေပါလာသည် ။ အလင်းပုံရိပ်တွေပါလာသည်။ ဒါတွေကို စုစည်း ခင်းကျင်းပြသမှဖြစ်တော့မည်။ သူ ကဗျာတွေရေးသည် ။ဆောင်းပါးတွေရေးသည် ။ထို့အပြင် ဓာတ်ပုံပြပွဲတစ်ပွဲပြုလုပ်ဖို့ပါ ဖြစ်လာတော့သည် ။

ကပ်ဆိုးထဲမှအနုပညာ ။ မြို့တော်ရန်ကုန် ဒဂုန်မြို့နယ် အမှတ်( ၂၃ ) နဝဒေးလမ်းရှိ “Think Art Gallery” တွင်ပြုလုပ်မည့်ဓာတ်ပုံပြပွဲကို “ရေအောက်က ကုန်းထလာခဲ့ရတဲ့မြို့ကလေး (သို့မဟုတ်) စေတုတ္တရာ “ဟုအမည်ပေးထား သည် ။

၂၀၁၅ ခုနှစ် စက်တင်္ဘာလ ( ၂၇ ) ရက်မှ ( ၃၀ )ရက်အထိ(၄)ရက် တိုင်တိုင်ပြသသွားမည်ဖြစ်သည် ။ ဓာတ်ပုံပြပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်ကို “ရေဘေးဒဏ်သင့် စေတုတ္တရာမြို့ကလေးရဲ့သရုပ်အမှန်ကိုအများသိအောင်ဖော်ပြချင်လို့ အဲဒီကမှ တဆင့် စေတုတ္တရာမြို့ကလေးရဲ့ပြန်လည်ထူထောင်ရေးနဲ့ နောင်မှာဒီလိုအဖြစ်မျိုး ထပ်ပြီးမဖြစ်ရလေအောင် ဝိုင်းဝန်းအဖြေရှာ စဉ်းစားလာစေရေး နှိုးဆော်တဲ့သဘော ဒီဓာတ်ပုံပြပွဲကိုကျင်းပဖို့ဆုံးဖြတ်ခဲ့ကြတာပါ”ဟု ဓာတ်ပုံဆရာ ကဗျာဆရာကပြောပြသည် ။

ဓာတ်ပုံပြပွဲဖြစ်မြောက်ရေးအတွက် စုဖွဲ့ဝိုင်းဝန်းကြသူများမှာ ကဗျာစာပေဖန်တီးသူများနှင့်စာနာမှုအားကောင်းကြသည့် အဖြူရောင်(ရွှေ) မြတ်ရှိုင်းသွင် အရှင်စန္တာဝရ မြတ်သူစိုး လူပအောင် ထက်ထက် နှင့် ထနောင်းခင်မေ တို့ဖြစ်ကြသည် ။

ပြပွဲတွင် ဓာတ်ပုံ ( ၂၅၀ ) ပြသပြီး ဓာတ်ပုံ ( ၅၀ ) ကိုရောင်းချကာ ရေဘေးကယ်ဆယ်ရေးအတွက်လှူဒါန်း သွားမည်ဖြစ်သည် ။ ကမ္ဘာကြီးကိုအထိနာစေသောကပ်ဆိုးကြီးများအကြိမ်ကြိမ်ကျရောက် ခဲ့သော်လည်း ကမ္ဘာကြီးကိုရှင်ပြန်ထမြောက်စေသောနှလုံးသားကောင်းများလည်း ရှိနေပေသည် ။ ဤအချက်အလက်အဆတွက် “ရေအောက်က ကုန်းထလာခဲ့ရတဲ့မြို့ ကလေး ( သို့မဟုတ် )စေတုတ္တရာ”ရေဘေးဒဏ်သင့်ဓာတ်ပုံပြပွဲသည်သက်သေကောင်း တစ်ခု ဖြစ်စေပေလိမ့်မည် ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts