Han Thit Naing သတင်းပဒေသာ

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အယ်ဒီတာဖိုရမ်ကို MJN နှင့် ANFREL တို့ပူးပေါင်းပြုလုပ်

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အယ်ဒီတာဖိုရမ်ကို MJN နှင့် ANFREL တို့ပူးပေါင်းပြုလုပ်

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁၂ရက်၊ ၂၀၁၅ခုနှစ်

ရွေးကောက်ပွဲနှင့်ပတ်သက်သော EDITOR’S FORUM ကို မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)နှင့်  Asia Network for Free Elections (ANFREL)တို့ပူးပေါင်းပြီး ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် စက်တင်ဘာ ၁၁ရက်၊ ၁၂ရက် ပြုလုပ်မည်ဖြစ်သည်။ ၄င်းဆွေးနွေးပွဲအခမ်းအနားဖွင့်ပွဲကို ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌဦးတင်အေး၊ နော်ဝေးသံအမတ်၊ အိန္ဒိယသံအမတ်၊ အမေရိကန်သံရုံးမှ ပုဂ္ဂ္ဂိုလ်များ ၊ ပြည်ပသတင်းမီဒီယာသမားများနှင့် ပြည်တွင်းသတင်းသမား များတက်ရောက်ခဲ့ကြသည်။

ယခုပြုလုပ်ရသောဖိုရမ်သည် ရွေးကောက်ပွဲအတွက် သတင်းသမားများအနေဖြင့် အခက်ခဲများထဲမှ အခွင့်လမ်းတွေ၊ စိန်ခေါ်မှုများကို  ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မီဒီယာဟာ အရေးကြီးစောင့်ကြည့်သူများထဲမှာ ပါဝင်နေကြောင်း၊ သတင်းမီဒီယာများအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးလုပ်ဆောင်သွားသင့်ကြောင်း၊ သတင်းမီဒီယာများနှင့် ဆွေးနွေးခြင်းသည် လာမည့်ရွေးကောက်ပွဲတွင် ကြုံနိုင်မည့်အခက်ခဲများနှင့် ရွေးကောက်ပွဲကရနိုင်မည့် နိုင်ငံရေးအခွင့် အလမ်းတွေကဘာတွေဖြစ်လာနိုင်မည်ဆိုတာကို ဆွေးနွေးသွားမည့် ဖိုရမ်ဖြစ်ကြောင်းကို MJN မှ ဥက္ကဌဦးဇေယျာလှိုင်မှ ပြောကြားသည်။

“အထူးသဖြင့် နယ်မှာထိုင်နေသောသတင်းစာဆရာများနှင့် ရန်ကုန်မှာရုံးထိုင်သော သတင်းစာဆရာ တွေရဲ့ကြားထဲမှာ ဘယ်လိုအခက်အခဲတွေရှိနေမလဲ၊ စသောအခက်အခဲများကို ဒီဖိုရမ်မှ ဆွေးနွေးအဖြေရှာပြီး စဉ်းစားပြီးမှအတည်ပြုသွားမယ်၊ ယုံကြည်ပါတယ် လွတ်လပ်တဲ့သတင်း မီဒီယာမရှိဘဲနဲ့ ဒီမိုကရေစီသွားဖို့ဆိုတာ မလွယ်ကူပါဘူး၊ အဲဒီအတွက်အခုလိုဖိုရမ်အမျိုးအစားလေး မှာ ဆွေးနွေးအဖြေရှာခြင်းဟာ အထောက်အကူဖြစ် စေမယ်လို့ယုံကြည်ပါတယ်” ဟုပြောသည်။

နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ သုံးရပ်ကို တာဝန်ယူဆောင်ရွက်ရမယ့် လွှတ်တော်ကိုယ်တိုင်က အရည်အချင်းရှိမယ့် လူတော်လူကောင်းတွေဖြစ်ဖို့လိုသည့်အတွက် ရွေးကောက်ပွဲဟာ အရေး ကြီးကြောင်း၊ ပြည်သူလူထုကလည်း လူတော်လူကောင်းများကို နှလုံးသားနှင့်ရွေးချယ်တင်မြှောက်ပေးရ မည်ဖြစ်ကြောင်း၊  မီဒီယာများကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၏ ကတိကဝတ်ပြုချက်များ ဟောပြောရာတွင် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန်ထုတ်လွှင့်ဖော်ပြပေးရ မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် နောက်ဆုံးမဲစာရင်းကပ်၍မသိရှိလျှင် စာရင်းမပါလျှင် မဲပေးခွင့်ရနိုင်မည်မဟုတ်သဖြင့် ပြည်သူလူထု ရာနှုန်းပြည့်ပါနိုင်အောင် မီဒီယာများက တက်ကြွ စွာနိုးဆော်ပေးသင့်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်၊ မျှတပြီး တည်ငြိမ်အေးချမ်း စွာနဲ့ အောင်မြင်စွာကျင်းပနိုင်ရေးဟာ သတင်းရေးသားဖော်ပြမှုများ အပေါ်တွင် များစွာတည်ရှိနေကြောင်း များ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး မှပြောကြားသည်။

ဆက်လက်ပြီး “မီဒီယာများအနေဖြင့် ရွေးကောက်ပွဲနဲ့ပတ်သက်သော လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေတွေကို သိဖို့လိုပါမယ်၊ ရေးသားဖော်ပြတဲ့နေရာမှာ ဒါတွေသိပြီးမှ ရေးသားမယ်ဆိုရင်တော့ လူထုရော၊ တည်ငြိမ်အေးချမ်းမှုရော၊ ကော်မရှင်ရော၊ ရွေးကောက်ပွဲအတွက်ရော ထိခိုက်မှုမရှိနိုင်” ဟုပြောသည်။

ANFREL သည် ၁၉၉၇ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ အာရှတွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ကိစ္စရပ်များကို လုပ်ဆောင်၍ ထင်ရှားသော NGO ဖြစ်သည်။ MJN သည် မြန်မာနိုင်ငံရှိ ဂျာနယ်လစ်သုံးခုအနက် တစ်ခုဖြစ်သည်။ ၂၀၁၁ခုနှစ် စက်တင်ဘာတွင် လူငယ်ဂျာနယ်လစ် တစ်ဒါဇင်ကျော် ဖြင့်စတင်ထူထောင်သည့် လူမှုကွန်ရက်ဖြစ်သည်။ ၂၀၁၂ နောက်ပိုင်းတွင် ဂျာနယ်လစ်များကို အကာကွယ် ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် စသည့်ကိစ္စရပ်များပါဆောင်ရွက် လျှက်ရှိပြီး ယခုတွင် အဖွဲ့ဝင် ၃၄၀ဦးရှိပြီး အများစုမှာ ငယ်ရွယ်သူများဖြစ်သည်။

စက်တင်ဘာ ၁၂ရက်နေ့ မနက် ၉နာရီမှ ညနေ ၅နာရီအထိ ANFRELနှင့်  MJN တို့ ပူးပေါင်းလုပ်ဆောင်သည့် ရွေးကောက်ပွဲနှင့်ပတ်သက်သော အယ်ဒီတာဖိုရမ် ဆွေးနွေးပွဲကို ပြည်တွင်း သတင်းအယ်ဒီတာများ၊ သတင်းသမားများ၊ ပြည်ပမှ အတွေ့ကြုံရှိသော သတင်းစာဆရာများ ပါဝင်ဆွေးနွေး ကြမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts