ရသဆောင်းပါးစုံ

သွန်းခ – တောင်ပြာတန်းက သိပါတယ်

သွန်းခ – တောင်ပြာတန်းက သိပါတယ်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၅

ရေးနေကျရင် ရေးနေရမှ၊ နေမကောင်းလည်း ရေးနေရမှ၊ ရေးလိုက်ရမှ၊ အခုခေတ် ပိုဆိုးပါသေး။ စာမဖတ်ဘူးကွာ၊ ဖတ်မိ နေ ရေးနေမိဦးမယ်လို့နေကာမှ ဖေ့စ်ဘွတ်ခ်မှာ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) စာလေးဖတ်မိတော့ ရေးဖြစ်ကရော။ သြော်….ဆေးလောကနဲ့ ပတ်သက်လာပေပြီကိုး။ ရေးချင်သွားတာ ဘာဆန်းတာမှတ်လို့။ အရှင်ဝီရိယရဲ့ဆိုလိုရင်းနဲ့တော့ ကွာပါလိမ့်မယ်။ ပတ်သက်ရာ ပတ်သက်ကြောင်း လောကတွေထဲမှာ ပြောစမှတ်၊ ဆိုစမှတ်ဖြစ်ခဲ့တာတွေ အနည်းနဲ့အများရှိ ခဲ့တာကိုးခင်ဗျ။ လွန်လေပြီးသောနှစ်ကာလ ၂၇ နှစ်ကျော်လောက်ကပါ။ သွန်းခတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သင်တန်း တစ်ခုတက်ခဲ့ရရင်း အဆောင်နေဖြစ်ခဲ့ကြဖူးသဗျ။ ပြောရရင်တော့ ၈၈ အရေးအခင်းကြီး ဖြစ်လုဖြစ်ခင်ကာလကပေပေါ့။ အဆောင်နေ ကျောင်းသူ၊ ကျောင်းသားတွေ နယ်ပြန်၊ မပြန်သေးတဲ့သူတွေက စည်းနဲ့ကမ်းနဲ့နေ၊ အဆောင်မှာရှိတာလေး တွေချက်ကျွေးထားမယ်လို့ လူကြီးတွေကဆိုခဲ့သကိုး။

အဆောင်မှာနေကြပါတယ်ဆိုမှဗျာ၊ ဘယ်လိုလုပ်စည်းကမ်းက ထိန်းလို့ရပါလိမ့်မတုန်း။ လူတွေသာ အပြင်မထွက်ကြနဲ့၊ နိုင်ငံတော်အစိုးရမင်းများကို ထိခိုက်စော်ကားစေတဲ့ အပြုအမူတွေမလုပ်ကြနဲ့၊ လူစုစု စုစုမနေကြနဲ့၊ ဘယ်လောက်တားတားပါ။ ကျောင်းသားဆိုတော့မတွေ့လိုက်နဲ့၊ ပြောပြီးသားပဲ၊ ပေါင်းပြီးသားပဲ။ အစိုးရရဲ့လုပ်ပုံကလည်း ဘာမပြော၊ ညာမပြော ပိုက်ဆံတွေ တရားမဝင်ကြေညာခဲ့တာကိုး။ မကျေမနပ်နဲ့ ဘာလုပ်ကြမယ်၊ ညာလုပ်ကြမယ်၊ ဟိုဟိုဒီဒီနဲ့ ဆက်သွယ်ကြမယ်။ အဓိကကတော့ အစိုးရကိုမကျေနပ်ကြတာပဲခင်ဗျ။ စုစု စုစု ပြောနေကြတဲ့အနားမှာ ရှမ်းအမျိုးသားကျောင်းသားတစ် ယောက်လည်းပါခဲ့တယ်။ ခပ်ပျော်ပျော်နေတတ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ သူ့ခမျာလည်း သူ့အိမ် (ရှမ်းပြည်) က ငွေပို့လွှာလေးရောက်လို့ ပိုက်ဆံသွားထုတ်ပြီးတာ ဘာမှမကြာသေးဘူး။ တရားမဝင် ငွေစက္ကူတွေဘဝရောက်သွားရှာတဲ့ အထဲပါနေတာကိုး။ အားလုံးမကျေမနပ်နဲ့ တစ်ယောက်တစ်ပေါက်ဖြစ်နေကြချိန်မှာ သူကဆေးပေါ့လိပ်တဖွာဖွာနဲ့ ငြိမ်နေခဲ့ပြီး တစ်ခွန်းတည်းဝင်ပြောလို့ ထသွားခဲ့ပါလေရဲ့။ “ဒါတွေကို တောင်ပြာတန်းကသိပါတယ်” ပါတဲ့။ အားလုံးမှာ ငိုအားထက် ရီအားသန်။ သူပြောလိုက်တဲ့အဓိပ္ပါယ်က တရားခြင်း၊ မတရားခြင်း၊ လုပ်သင့်၏၊ မလုပ်သင့်၏ဆိုတာကို သိနေတဲ့ တောင် ပြာတန်းကြီး ရှိနေပါတယ်ပေါ့ခင်ဗျာ။ စိုင်းဆိုင်မောဝ်ကလည်း သူ့ချစ်သက်သေကို သက်မဲ့တောင်ပြာတန်းကြီးနဲ့ ခဏခဏ သက်သေထူခဲ့တာကိုး။ အဲဒီကတည်းက အဆောင်မှာ တောင်ပြာတန်းကသိပါတယ်ဆိုတဲ့ ပြောစမှတ်လေးတွင်သွားခဲ့ပါ တော့တယ်။ အခုလည်း အမှန်တရားကို ဘယ်သူ့တိုင်တည်ပြောရမှန်းမသိဖြစ်တတ်တဲ့အခါ သွန်းခတစ်ယောက်တည်း ကြိတ်ပြီး ဒါတွေကိုတောင်ပြာတန်းကသိပါတယ်လို့ တွေးရင်းပြုံးမိနေပါသေး။ (ကိုးကွယ်ရာဘုရားကို တိုင်တည်တာကလည်း တစ်ဖက်ပေါ့လေ)

သင်တန်းတွေပြီးလို့ အဆောင်မှာဆက်နေခဲ့ကြတဲ့ကာလတစ်လျှောက် သွန်းခတို့ ကျန်းမာရေးဌာနကို ဗိုလ်ချုပ်တစ်ယောက် ဝန်ကြီးဘဝနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီဝန်ကြီးနေထိုင်မကောင်းဖြစ်တော့ ဝန်ကြီးရဲ့ကျန်းမာရေးစစ်ဆေးကြတဲ့နေရာမှာ ဓါတ်ခွဲစမ်းသပ်မှုတစ်ခု မဖြစ်မနေပါခဲ့တာပါ။ ဝန်ကြီး ဘာများအစားအသောက်မှားရှာခဲ့သလဲ၊ စစ်ကြစမ်းဟဲ့၊ ဝမ်းကို (မစင်ကို ပြောတာခင်ဗျ) ဆိုတော့ ဓါတ်ခွဲခန်းမရောက်ခင် ကနဦးစစ်ဆေးဖို့တာဝန်ကို အမျိုးသားသူနာပြု ၂ ယောက်တာဝန်ကျခဲ့ပါ လေရဲ့။ ကော်ဖီမှုန့်စစ်တဲ့ဆန်ခါတွေနဲ့ရော၊ သောက်ရေစစ်တွေနဲ့ရော ပိတ်စိမ်းစတွေနဲ့ပါ ဝန်ကြီးဆီကထွက်သမျှ မစင်တွေ ကို ဆန်ခါတိုက်မွှေနှောက်ကြည့်ခိုင်းခဲ့ပါလေရော။ အမျိုးသားသူနာပြု ၂ ယောက်ခမျာလည်း အတတ်နိုင်ဆုံး မွှေနှောက်ခဲ့ကြ ပါလေရဲ့။ နောက်ပိုင်းဝန်ကြီးက အဲဒီ အမျိုးသားသူနာပြု ၂ ယောက်ကို သူ့ကျန်းမာရေးအတွက် အနီးကပ်စောင့်ရှောက်ဖို့ ခေါ်ထားလိုက်တာများ တော်တော်လေးကြာသွားခဲ့အောင်ပါပဲ။ အကျိုးရှိသွားကြပါပေတယ်။ နိုင်ငံခြားခရီးစဉ်တွေ၊ ကြံဖန်ပြီး စီစဉ်လွှတ်ပေးခဲ့တဲ့ ပြည်ပသင်တန်းတွေနဲ့ ရာထူးတွေပါ အဆင့်တွေကျော်ပေးလိုက်ပါလေရောလား။ အဆောင်က သူငယ်ချင်းတွေကတော့ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ တိုးတိုးတိတ်တိတ် ပြောဖြစ်ခဲ့ကြတာက ဒါတွေကို တောင်ပြာတန်းကသိပါ တယ်ပေါ့လေ။

စစ်အုပ်ချုပ်ရေးကာလ ဆေးရုံကြီးဝင်းထဲမှာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ နေရာရကုန်ကြ၊ လုပ်ပိုင်ခွင့်တွေရကုန်ကြ၊ မပြောင်းလဲသင့်တာတွေ ပြောင်းလဲကုန်ခဲ့ကြတာတွေမြင်ရ၊ ကြားရတော့လည်း ဘာထူးတာမှတ်လို့ကွယ်။ တောင်ပြာတန်း ကသိပါတယ်ပေါ့။

စကားမစပ် သွန်းခ အလုပ်ဝင်ခါစမှာ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး ရှာဖွေစစ်ဆေးဖော်ထုတ်ရေးစီမံချက်တစ်ခုနဲ့ တိုးခဲ့ပါလေသ ဗျ။ စီမံချက်ဆိုတော့ ဘတ်ဂျက်ကပါပြီပေါ့။ စီမံချက်ကို ကိုင်တွယ်တော်မူခဲ့ကြတဲ့ဆရာသမားတွေ ရက်စက်ခဲ့ပုံပြောပါတယ်။ လူနာတွေဆီက သွေးနမူနာထုတ်ယူဖို့ကို သူနာပြုတွေအတွက် လက်အိတ်တွေထုတ်မပေး၊ ဝယ်မပေးခဲ့ပါဘူး။ သူနာပြုတွေ မှာလည်း ကိုယ်ပိုင်ဝယ်မသုံးနိုင်ခဲ့လို့ စောဒကတက်မိတော့ ဝယ်ပေးခဲ့တယ်ခင်ဗျ၊ သိမ်ကြီးဈေးက လေးထောင့် ပလတ်စ တစ်အိတ်တွေပါ။ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ။ ပလတ်စတစ်အိတ်ဆိုတာ အခု အသုတ်သုတ်၊ ဟင်းချက်တဲ့နေရာတွေမှာသုံးနေကြတဲ့ တစ်ခါသုံးပလတ်စတစ်လက်အိတ်ကိုပြောနေတာ မဟုတ်ပါဘူး။ စားစရာ ၊ပစ္စည်းပစ္စယတွေထုတ်တဲ့ ပေါင်နဲ့ ဝယ်ရတဲ့သာမန်အိတ်တွေပါ။

အိတ်ခ်ျအိုင်ဗွီ သံသယရှိနေခဲ့တဲ့လူနာတွေရဲ့သွေးတွေကိုဖောက်ယူဖို့ ပလတ်စတစ်အိတ်တွေ သူနာပြုတွေလက်မှာစွပ်၊ လက်ကောက်ဝတ်တွေမှာ သားရေကွင်းနဲ့ချည်၊ ဖောက်ပြီးသားသွေးနမူနာတွေ ပုလင်းတွေထဲထည့်ပေး၊ ပြီးတော့ အဲဒီဆေး ထိုးပြွန်တွေ၊ အပ်တွေကိုရေနဲ့၊ ဆပ်ပြာနဲ့ အဆင့်ဆင့်ဆေးပေးခဲ့ကြရပါသဗျား။ (အဲဒီတုန်းက တစ်ခါသုံးဆေးထိုးအပ်၊ တစ် ခါသုံးဆေးထိုးပြွန်တွေပေါ်နေပေမယ့် ရှားပါးပစ္စည်းတွေအဖြစ်နဲ့ ဈေးကြီးကြီးပေးဝယ်ရင်ရပါတယ်) ဘာဖြစ်လို့ စီမံချက်အ ကြီးကြီးတွေ အကောင်အထည်ဖော်မယ်လုပ်ပြီး အောက်ခြေဝန်ထမ်းသူနာပြုတွေအပေါ် ရက်စက်ခဲ့ပါသလဲ။ ဘတ်ဂျက် တွေရော။ အဲဒါတွေ တောင်ပြာတန်းကသိပါတယ်လေ။

ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်၊ထောက်ပြတတ်ခဲ့တဲ့ သွန်းခကို မြန်မာပြည်ရဲ့အနောက်ဘက်ဆုံးမြို့ဖြစ်တဲ့ မောင်းတောဘက် တစ်ဖက်နိုင်ငံရောက်ဒုက္ခသည်များ (ကုလားပြေးခေါ်လိုက်၊ ဒုက္ခသည်ခေါ်လိုက်) ပြန်လည်လက်ခံရေးစခန်းကို မနှေး အမြန်ခရီးအစီအစဉ်နဲ့ အပြေးအလွှားစီစဉ်ပို့လွှတ်ခဲ့ပါသဗျား။ အလှည့်ကျဆိုခဲ့ပေမယ့် သွန်းခ ပထမဆုံးအပို့ခံခဲ့ရပါရဲ့။ ဘယ်နေရာရောက်ရောက် ပျော်အောင်၊ အဆင်ပြေအောင်နေတတ်တဲ့ သွန်းခတစ်ယောက်တည်း ရေရွတ်မိခဲ့တာကတော့ တောင်ပြာတန်းကသိပါတယ်လေပဲပေါ့။

ရေးရင်ရှည်ပါမယ်၊ ပြောရင်ကြာပါမယ်။ နိုင်ငံတော်အစိုးရမှာ ဝန်ထမ်းကောင်းတွေမရှိတော့တာ၊ စီမံအုပ်ချုပ်သူတွေရဲ့ညံ့ ဖျင်းမှုတွေကြောင့်ပါပဲ။ ကျန်းမာရေးဌာနတွေမှာ စုတ်ချာသွားခဲ့တာလည်းအစိုးရတစ်ရပ်ရဲ့စီမံခန့်ခွဲမှု အလွဲလွဲ၊ အချော်ချော် တွေကြောင့်ပါပဲ။ အဲဒါတွေ တောင်ပြာတန်းကအသိဆုံးပါ။ ဒုတိယသမ္မတကြီးဆေးရုံတွေကို အလောတကြီး၊ တစ်နေ့တည်း ဆေးရုံ ၃ ရုံ လှည့်စစ်တာမြင်ခဲ့၊ ကြားခဲ့ကြမှာပါ။ တစ်နိုင်ငံလုံးနီးပါးက ဆေးရုံတွေကိုခြေဆန့်ခဲ့ပါလေရဲ့။ ရှေ့ကသာညွှန်ကြား သွား၊ ညွှန်ကြားချက်တွေအကောင်အထည်ဖော်ဖို့ စီမံချက်တွေချမှတ်ပါမယ်ဆိုခဲ့တဲ့ အောက်ခြေအဆင့်တာဝန်ရှိပုဂ္ဂိုလ်တွေလက်တွေ့အကောင်အထည်ဖော် လိုက်ပုံများ ဆေးရုံတွေတိုးချဲ့၊ ကျန်းမာရေးလုပ်သားအင်အားကမရှိ၊ လူနာတွေကများ သည်ထက်များ၊ မနိုင်မနင်းနဲ့ဖြစ်နေကြပုံတွေ……အင်း၊ ဒါတွေကို တောင်ပြာတန်းက သိပါတယ်လေ။

အကောင်အထည်ဖော်တာတွေ မပြီးပြတ်သေးတာကို စိတ်မချဘူးထင်ပါလေရဲ့။ ဒုတိယသမ္မတကြီးရွေးကောက်ပွဲဝင်ဖို့ပြင် ဆင်နေပြီ။ မဲဆွယ်တော့မယ်။ ဖတ်မယ့်သူများရှိလို့ကတော့ အခန်းဆက်လိုက်ချင်ပါသေးရဲ့။ ခြင်္သေ့လည်ပြန်၊ ပြန်ညှိရ မယ့်ကာရန်ကို တောင်ပြာတန်းကသိပါတယ်လေ။ တောင်ပြာတန်းက သိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts