ကဗျာ အောင်ဒင်

အောင်ဒင် – ကြောင်တစ်ကောင်ရဲ့ သောက

အောင်ဒင် – ကြောင်တစ်ကောင်ရဲ့ သောက
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၅

မနက်က စားခဲ့ရတဲ့ ငါးက အရိုးများလွန်းတယ်
ကြောင်ဆိုရင် အရိုးကြိုက်လိမ့်မယ်လို့
ငါ့ သခင်ကို ဘယ်သူက သင်ကြားထားလဲမသိ
ကြောင်တွေလည်း အသားကြိုက်တတ်ကြောင်း
အကြိမ်ကြိမ် အခါခါ ရှင်းပြခဲ့ပြီးပါပြီ
ဘယ်လောက်သင်သင်
ကြောင်စကားတစ်လုံးမှ မတတ်တဲ့ ငါ့သခင်ဟာ
ဘယ်တော့မှ ယဉ်ကျေးလာမှာ မဟုတ်
ကြောင်တွေကို ငါးကြော်ကျွေးရမယ်လို့
ဥပဒေပြဋ္ဌာန်းမထားတော့လည်း အခက်သား
ခွင့်ပြုချက်မရှိပဲ ကိုးကွယ်ရာ ဘာသာပြောင်းရင်
လက်မထပ်ပဲ အတူတူနေကြရင်
အရေးယူခံရမယ်ဆိုတဲ့ ဥပဒေတွေကျတော့ ရှိပြန်ရော
ဒါဆို
ချစ်တဲ့ ရည်းစားကြောင့် ဘာသာပြောင်းထားတဲ့ ငါ့သခင်
မိန်းမတစ်ယောက်ကို တိတ်တိတ်ခိုးတွေ့နေတဲ့ ငါ့သခင်
ထောင်ကျဖို့ ခြေလှမ်းပြင်နေသလိုပေါ့
သူအဖမ်းခံရတဲ့အခါ
ဒီတိုက်ခန်းထဲမှာ ငါ တစ်ကောင်တည်း ကျန်ရစ်ခဲ့မှာပေါ့
အရိုးများတဲ့ငါးတောင် ငါ့ကို ကျွေးမယ့်သူ ရှိမှာမဟုတ်တော့
ဒီလိုဆိုရင်
သခင်က ငါ့ကို မထားရစ်ခဲ့ခင်
သခင့်ကို ငါက အရင်စွန့်ခွာမှ ဖြစ်တော့မယ်
တံခါးဝမှာ ငြိမ်ငြိမ်သက်သက်စောင့်
တံခါးဖွင့်လိုက်တာနဲ့
အခန်းထဲဝင်လာမယ့် သခင့်ခြေထောက်တွေကြားကနေ
အခန်းအပြင်ကို တဟုန်ထိုးပြေးထွက်
နောက်ကိုလှည့်မကြည့်ပဲ အဝေးဆုံးရောက်အောင်
ဒီသခင်ကို ခင်တွယ်ပြီး နှုတ်ဆက်မနေတော့ပါဘူး
စောင့်နေရတာ ကြာပြီ
သခင့်ခြေသံလည်း မကြားရ
တံခါးကလည်း ပွင့်မလာ
ငါ့သခင် အိမ်ပြန်မရောက်သေး
ငါတွေးပူမိတာ နောက်ကျသွားပြီထင်ရဲ့….။

(စက်တင်ဘာလ ၉ ရက်၊ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts