ရသဆောင်းပါးစုံ

အရှင်ဝိသုဒ္ဓ (ဓမ္မကာယ-သုတေသီ) – ကိုယ့်ရွာအတွက် ကိုယ့်ရင်ကထွက်တဲ့ကဗျာ

အရှင်ဝိသုဒ္ဓ (ဓမ္မကာယ-သုတေသီ) – ကိုယ့်ရွာအတွက် ကိုယ့်ရင်ကထွက်တဲ့ကဗျာ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅

ကိုယ့်ရွာနာမည်က ထန်းဇင်။ ထဇင်ဟု အသံထွက်သည်။ ယခင်ကတော့ ထန်းပင်တွေ စည်ကားပေါများတဲ့ အဓိပ္ပါယ်နဲ့   ထန်းစည်။ ထိုအမည်ကို ရှေးယခင်က ရေးထိုးခဲ့သော ကုသိုလ်ရှင် ကမ္ဗည်းစာတို့တွင် ယခုတိုင် တွေ့မြင်ရဆဲ။ ထန်းစည်ကနေ ထန်းဇင် အဘယ့်ကြောင့် ပြောင်းလဲသွားသလဲဆိုရင် အဖြေကတော့ ရေရာစွာ မရှိ။ မှန်းဆကြည့်၍ ရသည်က ဟိုရွာ ဒီရွာ အမည်သညာလိုက်၍ စပ်ဆိုခဲ့ကြသော စာတို ကဗျာတိုတွေကြောင့်များလား။ ကိုယ်တွေ ငယ်ငယ်တုန်းက ထိုကဲ့သို့သော စာတို ကဗျာတိုလေးတွေ ကြားဘူးခဲ့သည်။ ထန်းဇင်၊ ထန်းကွ၊ နရွဲတော၊ ညောင်ပင်စောက်၊ စိန်ပန်းကန် စသည့် ရွာအ မည်တွေက ကိုယ်တို့ ၀န်းကျင်က ရွာအမည်တွေ။  ရွာအမည်လိုက်ပြီး အပျိုယဉ်ယဉ် ရွှေထန်းဇင်၊ အပျိုချောပေါ နရွဲတော၊ အပျို (-) ကောက် ညောင်ပင်စောက်၊ အပျိုပန်းပန် စိန်ပန်းကန် စသည် စသည်ဖြင့် ကိုယ်ရွာ သူ့ရွာ အညွှန်းစာတွေက အမည်ကို ပြောင်းလဲစေခဲ့သလားတော့ မသိ။ ရှိပါစေတော့၊ ဒီဆောင်းပါးက တန်မီနိုလိုဂျီ (စကားလုံးအသုံးအနှုံး) အကြောင်း ပြောဘို့မဟုတ်။ ကိုယ့်ရွာအတွက် ကိုယ့်ရင်ကထွက်တဲ့ ကဗျာအကြောင်း ပြောချင်လို့။

ကိုယ့်ရွာက မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။ ကိုယ့်နယ်နှင့်ပက်သက်၍ ဆရာတော်တစ်ပါးက စာပေထဲမှာလာတဲ့ အရှင်မဟာမောဂ္ဂလာန်ကို ၀ိုင်းရိုက်ကြတဲ့ ခိုးသားငါးရာဆိုတာ နွားထိုးကြီးသားက ၂၅၀၊ ရွှေဘိုသားက ၂၅၀ ပါတယ်တဲ့ဗျ ဟု ရယ်စရာပြောဘူးသည်။ လူမိုက်ပေါသည်ဟု ဆိုလိုသည့်သဘော။ ဆရာတော်က ရယ်စရာပြောတော့ ကိုယ်လည်းရယ်ပြီး  အဲဒါက ဟိုခေတ်ကပါ ဘုရား၊ တပည့်တော်တို့ခေတ်မှာတော့ သမိုင်းအသစ် ရေး မှာပါဘုရားဟု ပြန်လျှောက်ခဲ့ဘူးသည်။

သမိုင်းသစ်ရေးဘို့ ပထမဆုံး ချေလှမ်းအဖြစ် ၂၀၁၃ ခုကစလို့ ရွာရှိမူလတန်းကျောင်းမှာ လစဉ်ထုတ် ရွှေသွေး တက်ပု ယဉ်ကျေးလိမ္မာ စတဲ့ ကလေးဂျာနယ်လေးတွေ လစဉ်လှူပေးနေသည်။ ကုန်ကျစရိတ်က တစ်လ တစ်သောင်းလျော့လျော့။ သို့သော် ရလာဒ်ကတော့ အဖိုးဖြတ်လို့ မရ။ မနှစ်ကနွေရာသီ ကျောင်းပိတ်ချိန် ရွာပြန်သွားတော့ မိဘများအိမ်မှာ ရွာထဲက ကလေးတွေ လာလာပြီးတော့ စာဖတ်ကြတာ တွေ့ခဲ့ရသည်။ ကျောင်းပိတ်တဲ့အခါ ကိုယ်လှူထားတဲ့ စာစောင်တွေကို စာသင်ကျောင်းမှာ သိမ်းမထားဘဲ အိမ်ကို ပို့ပေးထားခဲ့လို့ဖြစ်သည်။ စာစောင် အသစ်လာမည့်နေ့ဆိုလျှင် ကလေးတွေ ပိုလာသည်ဟုဆိုသည်။ သူတို့ကို တစ်ဦးတစ်ယောက်က တိုက်တွန်းလို့ လာဖတ်ကြသည် မဟုတ်။ သူတို့ ဆန္ဒနှင့်၏သူတို့ လာဖတ်ကြခြင်းဖြစ်သည်။ စာပေကို ပို၍ ပို၍ တောင့်တလာစေဘို့၊ ငတ်မွတ်လာစေဘို့ ကဗျာ၊ စာစီစာကုံး၊ လက်တာအက်ဆေး ပြိုင်ပွဲ စကားရည်လုပွဲ စသည် နောက်ဆက်တွဲ အစီစဉ်တွေ လုပ်ပေးအုံးမည်။ ပြိုင်ပွဲဝင်လိုသူတို့ နမူနာကြည့်ရန် အကြောင်းအရာသိရန် ဖတ်စရာ စာအုပ်လိုလာလိမ့်မည်။ ထိုအခါ စာကြည့်တိုက်ဆိုတာ တောင့်တလာပေလိမ့်မည်။ ထိုသို့ တောင့်တ လာသည့်အခါ၊ သူတို့ အရွယ်ရောက်သည့်အခါနှင့် ကိုယ်တွေ စာကြည့်တိုက် ဖွင့်နိုင်သည့်အခါ အချိန်ကိုက် ဖြစ်ပေလိမ့်မည်။ ထိုအချိန်မှ ဖွင့်သော စာကြည့်တိုက်သည် အသက်ဝင်သော စာကြည့်တိုက် တစ်ခုဖြစ်လာ ပါလိမ့်မည်။ စာကြည့်တိုက်မှူးဆိုသည်မှာလည်း ဆယ်တန်းအောင် တက္ကသိုလ်စောင့် တစ်နှစ်တာ အားလပ်ရက်ရနေသော ကျောင်းသူ ကျောင်းသားတွေ အလှည့်ကျ စေတနာ့ဝန်ထမ်းဖြစ်ကြပါလိမ့်မည်။ ဒီနှစ်စေတနာဝန်ထမ်းထက် နောင်နှစ်စေတနာဝန်ထမ်းက ပို၍စွမ်းဆောင်ချက်ကောင်းအောင်၊ ရှေ့လူထက် နောက်လူသာအောင်၊ အပြိုင်အဆိုင် လုပ်ချင်ကိုင်ချင်အောင်၊ စိတ်ဓာတ် တွေ တက်ကြွအောင် နည်ပေး လမ်းပြ အားပေးအားမြောက်ပြုရပေအုံးမည်။

ထိုရည်ရွယ်ချက်များဖြင့် မနှစ်က ကလေးငယ်များ ပညာရေးအတွက် အလှူငွေ ငါးသိန်း လှူပါမည်၊ ဆရာ ဆရာမတို့ အဆင်ပြေသလိုစီစဉ်ပါ။ ဦးဇင်းရည်ရွယ်ချက်ကတော့ ကလေးများကို စာပေကြိုးစား ချင်စိတ် ဖြစ်ပေါ်စေရန် တွန်းအားပေးတဲ့ ပြိုင်ပွဲတစ်ခုခု ဖြစ်စေချင်တယ်ဟုပြောပြီး အကူညီတောင်းခဲ့သည်။ ခက်နေသည်က မူလတန်းကျောင်းဆိုတော့ လေးတန်း ကလေးက အကြီးဆုံး ဖြစ်နေသည်။ အလယ်တန်း အထက်တန်းတက်နေသော ကလေးများက ရွာကျောင်းမှာ မဟုတ်တော့ ပြိုင်ပွဲကျင်းပရန် အဆင်မပြေ။ မူလတန်းအရွယ် ကလေးများအတွက်ဆိုလျှင်လည်း သင့်လျော်သော ပြိုင်ပွဲ မစဉ်းစားမိ။ ထို့အတွက် ဆရာများက လစဉ် ပညာရေးမှတ်တမ်းရှိတယ်ဘုရား၊ ကလေးတွေကို ကြိုပြောပြထားမယ်။ လစဉ် ပညာရေး မှတ်တမ်းတွေကို ဆယ်လစာပေါင်းပြီး အတန်းတိုင်း ပ ဒု တ ကလေးတွေကို ဆုချမည်ဟုဆိုသည်။ ကိုယ်ကလည်း အနီးကပ် မကြီးကြပ်နိုင်တော့ သူတို့အစီစဉ်ကိုဘဲ လက်ခံလိုက်သည်။ ဆုရတဲ့ကလေးကိုချည်း အကုန်းလုံး ပုံမပေးလိုက်ဘဲ ကျန်တဲ့ ကျောင်းသားတွေပါမျှပေးမည်။  ဘာပေးရင် ကောင်းမလဲဆိုတော့ ဗလာစာအုပ်လိုသည်ဟူ၏။

မူလတန်းမှ တက္ကသိုလ် ကျောင်းသားအထိ ရွာရှိကျောင်းသား စုစုပေါင်း ၂၅၀ ခန့် ရှိသည်။ ထိုကျောင်းသားအားလုံးကို ဗလာစာအုပ် ငါးအုပ်စီ လှူမည်။ ထိုလှူမည့် ဗလာစာအုပ်သည် ၀ယ်တာနဲ့ ကိုယ့်ဟာကိုယ် အော်ဒါမှာတာ ကုန်ကျစရိတ် သိပ်မကွာ၊ အော်ဒါမှာလျှင် အဖုံးမှာ ကိုယ်ရေးချင်တာ ရေးလို့ရသည်။ ဘာရေးမလဲ စဉ်းစားရသည်။ ကျောင်းသား ကျင့်ဝတ် ဆရာကျင့်ဝတ် ၊ မင်္ဂလာ ကဗျာ စသည် ထည့်ကြသည်ဟုဆိုသည်။ ထိုကဗျာ လင်္ကာများကား လွန်စွာကောင်းသလို လွယ်ကူစွာ တွေ့နိုင်သည်။ ကိုယ်ဖြစ်စေချင်တာကို ကိုယ့်ဟာကို ရေးထည့်မည် စိတ်ကူး၍ ကလေးများအတွက် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကဗျာတစ်ပုဒ်အဖြစ် ကြိုးစားစပ်ကြည့်သည်။ အပေါင်းအသင်းများ၏ ၀ိုင်းဝန်းအကြံပေးမှုနဲ့ အတူ စိတ်တိုင်းကျ ကဗျာတစ်ပုဒ် မွေးထုတ်နိုင်ခဲ့သည်။ ထိုကဗျာသည်ပင် ကိုယ့်ရွာအတွက် ကိုယ်ရင်က ထွက်တဲ့ကဗျာ ဖြစ်လာသည်။

စံပြထန်းဇင်
ကျောင်းသူ ကျောင်းသား၊ မောင်မယ်များတို့
ဒို့မွေးဖွားရာ၊ ထန်းဇင်ရွာကို၊ သေချာစေ့ငု၊ ဉာဏ်ဖြင့်ရှုလော့။ (ဒို့မွေးဖွားရာ၊ ဒို့ရပ်ရွာကို)

ဒို့မွေးဖွားရာ၊ ထန်းဇင်ရွာသည်၊ ပညာနုံ့နဲ၊ စီးပွားမွဲ၍၊ (ဒို့မွေးဖွားရာ၊ ဒို့ရပ်ရွာသည်)
ယိုင်လဲကိုယ်ကျင့်၊ မသင့်လောင်းကစား၊ လွန်ပေါများ၏။

မောင် မယ် တို့ခေတ် ၊ သမိုင်းသစ်ကို၊
ဖွင့်လှစ်ဘို့ရန်၊ အချိန်တန်၍၊ အဓိဋ္ဌာန်မှု ကိုယ်စီပြုလော့။

ပညာ အားကစား၊ ဘာသာတရား၌၊ ကြိုးစားလျှက်သာ၊
ရပ်ရွာဂုဏ်ရောင်၊ ထွန်းပြောင်စေရန်၊ အဓိဋ္ဌာန်လော့။

လူမှု ပညာ၊ ကျန်းမာ စီးပွား။ ကျိုးမများသည့်၊ စီးပွားယိုပေါက်၊
ဆေးသောက် ကွမ်းစား ကျင့်ပိုများကို ရှောင်ရှားဘို့ရန် အဓိဋ္ဌာန်လော့။

တစ်လုံး နှစ်လုံး၊ ချဲသုံးလုံးနဲ့၊ ဖဲရိုက် ဂျင်ထိုး၊ ဇယ်တောက် ဒိုးဇက်၊
စီးပွားပျက်ငြား၊ လောင်းကစားကို၊ ရှောင်ရှားဘို့ရန်၊ အဓိဋ္ဌာန်လော့။

အလှူဒါန၊ ပြုကြရာပင်၊ မပါမပြီး၊ ခေတ်ရေစီးဟု၊ ပျက်စီးချက်နာ၊
ဘီယာ အရက်၊ ဤခေတ်ပျက်ကို၊ ပြန်တည့်မတ်ရန်၊ အဓိဋ္ဌာန်လော့။

သမိုင်းတစ်ခေတ်၊ ဆန်းသစ်စေရန်၊ အဓိဋ္ဌာန်ဖြင့်၊ မောင် မယ်တို့သာ၊ ကြိုးစားပါသော်၊
မောင်တို့ခေတ်တွင်၊ ဒို့ ထန်းဇင်သည် (မောင်တို့ခေတ်မှာ၊ ဒို့ရပ်ရွာသည်)
မူးယစ်ကင်းစင်၊ စံပြထန်းဇင် ( မူးယစ်ကင်းရာ၊ စံပြကျေးရွာ)
လောင်းကစား ကင်းစင်၊ စံပြထန်းဇင် (လောင်းကစားကင်းရာ၊ စံပြကျေးရွာ)
အားကစားတန်းဝင်၊ စံပြထန်းဇင် (အားကစားထူးချွန်ရာ၊ စံပြကျေးရွာ)
ဗဟုသုတစုံလင်၊ စံပြထန်းဇင် (ဗဟုသုတစုံရာ၊ စံပြကျေးရွာ)
စီးပွား လာဘ်ရွှင်၊ စံပြထန်းဇင် (စီးပွားလာဘ်ရွှင်ရာ၊ စံပြကျေးရွာ)
ပညာရှင်များ သခင်၊ စံပြထန်းဇင် (ပညာရှင်များမွေးဖွားရာ၊ စံပြကျေးရွာ)
စံပြထန်းဇင် ဖြစ်စေဘို့ မောင်တို့ မယ်တို့ အဓိဋ္ဌာန်စို့။ (စံပြကျေးရွာ ဖြစ်စေဘို့)
ရပ်ရွာ ဂုဏ်ရောင်၊ ထွန်းပြောင်ဘို့၊ မောင်တို့ မယ်တို့ အဓိဋ္ဌာန်စို့။

ထိုကဗျာကို ဗလာစာအုပ် နောက်ကျောမှာထည့်ရိုက်ပြီး လွတ်လပ်ရေးနေ့မှာ ဆရာကန်တော့ပွဲ၊ ဆုပေးပွဲ၊ အလယ်တန်း အထက်တန်း ကျောင်းသားလေးများကို နှစ်စုခွဲ ကဗျာပါ အကြောင်းအရာကို ဖြစ်နိုင် မဖြစ်နိုင် အလှည့်ကျနေစေ၍ စကားရည်လုပွဲလုပ်ပြီး ကလေးများကို ပွဲထုတ်ပေးခဲ့သည်။ လွန်စွာ အသက်ဝင်သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ ထိုပွဲမှာပင် ကိုယ့်ရွာက နှစ်ရာကျော်သော ကျောင်းသူ ကျောင်းသားလေးများက ကဗျာပါတိုက်တွန်းချက်အတိုင်း လိုက်နာရန် အဓိဋ္ဌာန်ပါမည်ဟု ကတိပေး ကြသည်။ ကဗျာက ယောက်ျားလေးနဲ့သာ သက်ဆိုင်သလိုဖြစ်နေပြီး မိန်းကလေးနဲ့ သိပ်မဆိုင် သလို ဖြစ်နေတယ်။ ဒီတော့ သမီးတို့အနေနဲ့ ကဗျာပါ အချက်တွေနဲ့ မကိုက်ညီသူတွေကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ် ပါဘူး။ သမီးရီးစား အဖြစ်တောင် လက်မခံပါ ဆိုပြီး အဓိဋ္ဌာန်ထားပါလားဆိုတော့ သမီးငယ်လေးများကလည်း ၀မ်းသာအားရ ကတိတွေပေးကြသည်၊ အဓိဋ္ဌာန်မှုတွေ ပြုကြသည်။ ဒီတော့ အပျိုယဉ်ယဉ် ရွှေထန်းဇင်သူတွေကို ရွှေစွန်ညို လုပ်သူ ချူလိုသူများ ဒီကဗျာအတိုင်း လက်တွေ့ ကျင့်နိုင်မှသာ လာခဲ့ကြပေတော့။

ထိုပွဲပြီးနောက် တေးရေး တေးဆို ဂီတ၀ါသနာအိုး ဂီတမိတ်ဆွေဇော်လင်းဆိုသော ဒကာလေး တစ်ယောက်နဲ့တွေ့သည်။ စံပြထန်းဇင် နှင့် စံပြကျေးရွာ နှစ်မူလုပ်ထားသောကဗျာကိုပြပြီး သီချင်းဆိုပေးလို့ရရင် ဆိုပေးပါ ထိုက်သလောက် ဉာဏ်ပူဇော်ပါမည်ဟု တိုက်တွန်းသောအခါ နှစ်မူလုံးကို အခမဲ့တီးလုံးရှာ သီဆိုပေးထားလို့ ခုတော့ ကိုယ့်ရွာအတွက် ကိုယ်ရင်ကထွက်တဲ့ ကဗျာက ကိုယ့်ရွာမှာ ဖုန်းမည်သံ (ရင်းတုံး) ဖြစ်နေပါပြီ။ နောက်ပြီး ရွာမှာ ဓမ္မစကူးလ် ဖွင့်လှစ်ထား နိုင်ပြီဖြစ်လို့ ဒီကဗျာကို အဖွင့်ကဗျာအဖြစ် ရင်သွေးငယ်လေးတွေက သံပြိုင်ရွတ်ဆိုကာ သီတင်းပတ်တိုင်း အဓိဋ္ဌာန်နေကြပါပြီ။ သူတို့ခေတ် ရောက်ရင်တော့ ရယ်စရာ ပြောခဲ့သော ဆရာတော်ထံသို့ အတည်ပေါက်ဖြင့် သွားလျှောက်ဦးမည်၊ စာပေထဲမှာလာတဲ့ ဓမ္မပါလရွာကို ရောက်ဘူးချင်ရင် တပည့်တော်ရွာ လာခဲ့ပါဘုရားလို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts