မှတ်စုမှတ်တမ်း အုန်းနိုင် အုန်းနိုင်

အုန်းနိုင် – “တော်တဲ့သူက နိုဘယ်ဆုရတယ်”

အုန်းနိုင် – “တော်တဲ့သူက နိုဘယ်ဆုရတယ်”
၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အားထုတ်ပယ်ခြင်း – (၁၉)
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅

ကျနော်တို့မြို့ နယ်ရုံးက အိမ်ခန်းတခန်းငှားပြီး ဖွင့်ထားတာပါ..။ အိမ်ရှင်ကတ၀က်နေပါတယ်..။ ဒါပေမဲ့ လိုအပ်ရင် တအိမ်လုံးလဲ သုံးနိုင်တယ်..။ တခြံလုံးလည်း သုံးနိုင်တယ်..။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလတုန်းက တောင် ခြံထဲမှာ ဇာတ်ရုံလို တဲကြီးထိုးပြီး မြို့ နယ်အောင်နိုင်ရေးညီလာခံကို စည်စည်ကားကား လုပ်ခဲ့သေး တာပဲ..။ အခု အိမ်ရှင်ဖြစ်တဲ့ ဦးအောင်ရှိန်တို့ကို မ၀တရုံးကနေ ဆင့်ခေါ်ပါတယ်..။ ပြီးတော့ ခံဝန်ချက်တခု လက်မှတ်ထိုးခိုင်းပါတယ်တဲ့..။ မိမိတို့ ငှားရမ်းထားသော ပါတီအနေဖြင့် နိုင်ငံတော်အားဆန့်ကျင်သောကြောင့် ၎င်း..၊ မြေပေါ်မြေအောက် ဆက်သွယ်ခြင်းဥပဒေ၊ စည်းကမ်း၊ညွှန်ကြားချက်များနှင့် ငြိစွန်းခြင်း ကြောင့်၎င်း…၊ ထိုပါတီအား အရေးယူခံရလျှင် အိမ်နှင့်အိမ်ပိုင်ရှင်ကိုလည်း အရေးယူခံရမည်ဖြစ်ကြောင်း သိရှိပါသည်..ဆိုတဲ့ ခံဝန်ချက်ပါ..။ ဒါဟာ န၀တရဲ့  တဖြေးဖြေးပိုပြီး အောက်တန်းကျလာတဲ့ ခြိမ်းခြောက်မှု တခုပါ..။ ဒါပေမဲ့ အိမ်ပိုင်ရှင် ဖြစ်တဲ့ ဦးအောင်ရှိန်နဲ့ သူ့ဇနီးဒေါ်အေးကြည်တို့ ကတော့ သူတို့မကြောက်ပါဘူး..။ လက်မှတ်ထိုးခဲ့ရမယ်ဆိုလဲ ထိုးခဲ့တာပေါ့.. လို့ ခပ်အေးအေးပဲ ပြောပါတယ်..။ တကယ်လဲ ကြောက်တဲ့ပုံမပေါ်ပါ..။ ဒါပေမဲ့ ဒီအိမ်ဟာ ကျနော့်ကို ပုဂ္ဂိုလ်ရေးအရ ခင်မင်လေးစားလို့ ငှားထားတာဖြစ်လေတော့ သူတို့အတွက်လဲ စဉ်းစားပေး ရမှာပေါ့..။

အာဏာပိုင်တွေက ၀က်အူတင်းပြီး ခြိမ်းခြောက်တာကလည်း အကြောင်းရှိမှာပါ..။ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ တနေ့တခြားသိက္ခာတွေ တက်နေချိန်မှာ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာကျအောင် အဖွဲ့ ချုပ်ဗဟိုကို ဖိအားပေး..။ အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်များကလည်း ဒီလို အဓိပ္ပါယ်မဲ့ ဖိအားမျိုးကို လျှော့လျှော့ပေးနေတော့ အာဏာပိုင်နဲ့ အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်နဲ့ အပေးအယူကောင်းကောင်းနဲ့ ရုံးစိုက်ရာအိမ်တွေကိုပါ ဖိအားပေးလာတာ ဖြစ်ဟန်တူပါတယ်..။ ကျနော်ရန်ကုန်မှာကြား ခဲ့ရတဲ့ ရုံးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံမချိတ်ရ ဆိုတာလည်း လာဦးမှာပဲ…။ ဒါကိုလည်း အဖွဲ့ချုပ်ဗဟို အမှုဆောင်က မှန်ပါ့ဘုရားလုပ်ပြီး .. လိုက်နာဖို့ အောက်ခြေကို စာထုတ်လမ်းညွှန်ဦးမှာပါ..။ ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာ လူထုဆီမှာ စာချိုးတစ်ခု ပေါ်ခဲ့တာပါ..။ “တော်တဲ့သူက နိုဘယ်ဆု ကို ရပြီး..” “ေ…ာက်သုံးမကျတဲ့ ကောင်တွေကတော့ ကျောက်တုံးပဲ မ..ကြရမှာပါကွာ..”တဲ့..။ ဘယ်ကောင်တွေ ကျောက်တုံးရကြမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့..။

နောက်တရက်နှစ်ရက်လောက်ကြာတော့ ပေါင်းတည်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်က စာတစောင် ၀င်လာပါတယ်..။ ဒီစာထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ဝင်အဖြစ် က ထုတ်ပယ်ပြီးဖြစ်လို့ မြို့ နယ်အဖွဲ့ချုပ်စည်းရုံးရေးကော်မတီရုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက် မှု မရှိစေရန် နှင့်…. ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ၊ သတင်းဓါတ်ပုံ..၊ ဒေါ်အောင်ဆန်းစုကြည်
မိန့်ခွန်း ကောက်နှုတ်ချက်များကို ချိတ်ဆွဲထားခြင်း မပြုရန်နှင့် လက်ရှိတွင် ထိုသို့ရှိနေပါက ဖယ်ရှားပစ်ပါမည်ဟု မြို့ နယ်စည်းရုံးရေးကော်မတီဝင် အားလုံးက ၊မြို့ နယ်ကော်မရှင်ရုံးတွင် လာရောက် ၀န်ခံလက်မှတ်ရေးထိုး ရမည်လို့ ညွှန်ကြားထားပါတယ်..။ ဒီလို လက်မှတ်ရေးထိုးတာကိုလည်း နောက်တနေ့နေ့လည် တစ်နာရီ မှာ လာရောက်လက်မှတ်ထိုးရမယ်လို့ ပါပါတယ်..။

(အပိုင်း ၂၀ ကို ဆက်လက် ဖတ်ရှုပါ)

Photo credit – MAX KUATTY – AUNG SAN SUU KYI, BURMA, NOBEL 1991


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts