ကဗျာ

မောင်လွမ်းဏီ – KFC ဆိုပါသတဲ့လေ…

 

မောင်လွမ်းဏီ – KFC ဆိုပါသတဲ့လေ…

(မိုးမခ)  သြဂုတ် ၂၇၊ ၂၀၁၅ 

 

ဓာတ်ပုံတွေရေးတဲ့ကဗျာများ – ၁၅

KFC လေ

ကြွေမျက်ရည်ဝဲနေလား မီးလေးရယ်။

အကြွေစက္ကူလေးတွေက

လူရာမ၀င်ရော့လေသလား

ဆိုင်တွင်းဝင်ဖို့အရေး

တစ်ဆို့ခေါင်းမော့နေသလား။

အားငယ်စိတ်ရဲ့

တိတ်တခိုး ပင့်သက်က

ကြက်ကြော်တတုံးနဲ့တော့

လူဖြစ်မရှုံးနိုင်ပါဘူး မီးလေးရယ်။

မှန်တံခါး အထပ်ထပ်

လူ့လောကကို သတ်တဲ့ ဇာတ်ဝင်ခန်းတွေပါ။

ဝမ်းတထွာရဲ့

ဝမ်းစာက

ရှာရတာ ကြက်ယက်သလိုခေတ်။

KFC ဆိုပါသတဲ့လေ… …

ကြွေမျက်ရည်ဝဲနေလား

ဘ၀တွေက ဆာလောင်လွန်းလှတယ်။      ။

မောင်လွမ်းဏီ

၀၄ ဇူလိုင် ၂၀၁၅

 

ခေါင်းစီးဓာတ်ပုံ – ဓာတ်ပုံ မူလရိုက်ကူး အွန်လိုင်း မျှဝေသူ ကိုကြည်နိုင် ကို ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts