ရသဆောင်းပါးစုံ

ဖိုးသံချောင်း – ဒုတိယကမ္ဘာစစ်အောင်ပွဲ

 

ဖိုးသံချောင်း – ဒုတိယကမ္ဘာစစ်အောင်ပွဲ

(သူ့ဖေစ့်ဘွတ်က ကူးပါတယ်) ။ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

တရုတ်ပြည်မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု၊ ဖက်ဆစ်ဂျပန်နယ်ချဲ့အပေါ်အောင်ပွဲခံမှုကို ဝှဲချီးကျင်းပနေကြတယ်။ ရုပ် မြင်သံကြားကနေတပြည်လုံး၊ တကမ္ဘာလုံးကိုတိုက်ရိုက်လွှင့်နေတယ်။ ကိုယ့်ဘေးမှာရှိတဲ့တရုတ်ကျောင်းသားက ဆရာတို့ ဗမာပြည်မှာကော ဒါမျိုးမကျင်းပဘူးလားလို့မေးလာတယ်။ မကျင်းပဘူးလို့ပဲတုံးတိတိဖြေလိုက်ရတယ်။ သူ့ဆီကဘာလို့လဲ လို့ ဆက်မေးလာရင် ရှည်ရှည်ဝေးဝေးဖြေနေရမှာစိုးလို့။

       သူကအားနာလို့ထင်ပါရဲ့၊ မမေးပါဘူး။ ဒါပေမဲ့ကိုယ်ကအတွေးတွေထဲမှာ ဆက်မေး၊ ဆက်ဖြေနေမိတယ်။

       ဗမာပြည်ကမီဒီယာတွေဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားတွေ ဖော်ပြတာအနည်းဆုံးအကြောင်းအရာ။

       အသိအမှတ်ပြု၊ အချီးကျူးခံရတာအနည်းဆုံးအာဇာနည်သူရဲကောင်းတွေ။

       ဗိုလ်နေဝင်းကစလို့ စစ်အုပ်စုထိပ်သီးအဆက်ဆက်ကြောင့် ဂုဏ်ယူရမှာကိုဂုဏ်မယူရ၊ နာကျည်းရမယ့်လူကိုကျေးဇူး တင်ရဖြစ်ခဲ့တယ်။

       တကယ်က ငါတို့ဗမာပြည်သားတွေလည်း ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့ကြတယ်။

       ဒင်းတို့ကိုအထိနာအောင်၊ စုတ်ပြတ်သတ်သွားအောင်၊ နောက်ဆုံးကိုယ့်တိုင်းပြည်ထဲကထွက်ပြေးအောင် တိုက်နိုင်ခဲ့ ကြတယ်။

       ဒုတိယကမ္ဘာစစ်သမိုင်းမှာ ဂျပန်ကတပြည်လုံးကိုသိမ်းထားပြီးမှ တယောက်မကျန်ထွက်ပြေးအောင်ပြန်တိုက်ထုတ် နိုင်ခဲ့တာမှာ ဗမာပြည်ဟာပထမဆုံးဆိုတာမမေ့ကြပါနဲ့။

       ဂျပန်တော်လှန်ရေးမှာ နဂိုကနိုင်ငံရေးအမြင်၊ အယူအဆမတူကြတဲ့လက်တွဲသွေးစည်းခဲ့ကြတယ်။ (ရှစ်လေးလုံးနဲ့ တူလိုက်တာ)။ ဒါကြောင့်အောင်ပွဲခံခဲ့တယ်။ အဲဒီအစွမ်းကိုသိလို့ နောက်၃နှစ်တောင်မကြာဘူး အင်္ဂလိပ်ကလွတ်လပ်ရေး ပေးခဲ့တယ်။

       ဂုဏ်ယူကြပါ။ အာဇာနည်တွေအတွက်သာမက၊ တိုက်ပွဲဝင်ခဲ့သူတွေ၊ အစဉ်အလာကိုဆက်လက်စွဲကိုင်ကြတာတွေ အတွက်ပါဂုဏ်ယူကြပါ။

       ဒါတွေကိုဖုံးကွယ်နေ၊ နှုတ်ပိတ်ရေငုံလုပ်နေသူတွေကိုရှုတ်ချကြပါ။

ဖိုးသံချောင်း

 

(မိုးမခ မှတ်ချက် – ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားပြည်ထောင်စုက လူဦးရေ ၂၆သန်းခန့် တရုပ်ပြည်က လူဦးရေ ၁၄ သန်းကျော် သေကျေပျက်စီးခဲ့ရသည်၊ ဂျပန်မှ လူဦးရေ ၃ သန်းကျော် သေကြေခဲ့သည်၊ ဂျာမဏီမှ ၇သန်း သေကြေသည်။ လူမျိုးတုံး သတ်ဖြတ်မှုဖြင့် ဂျူးလူမျိုး ၆ သန်း ပျက်စီးခဲ့ရသည်။ မြန်မာပြည်တွင် ၂ သိန်းခွဲ သေဆုံးခဲ့သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts