သတင်းဆောင်းပါး

မောင်မောင်စိုး – ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း (၄)

မောင်မောင်စိုး – ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း (၄)
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၅

• ပြည်တွင်းစစ်နှင့် ခြေဥ
NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်ပြီး KIA သည် လိုင်ဇာတွင်လည်းကောင်း၊ KNPP သည် လွိုင်ကော်တွင်လည်းကောင်း၊ သက်ဆိုင်ရာ လူထုကိုယ်စားလှယ်များ ဘာသာရေး လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလည်များနှင့်တွေ့ဆုံပြီး လူထု သဘောထားယူခဲ့သည်။ ကျယ်ပြန့်မှု အတိုင်းအတာအရ အကန့်အသတ်များရှိနေသော်လည်း တာဝန်ရှိသူများအနေနှင့် ပြည်သူများနှင့်ပတ်သက်နေသော စစ်ပွဲနှင့်ပတ်သက်ပြီး ပြည်သူများ၏ သဘောထားယူခြင်းသည်လိုလားအပ်သော ကိစ္စဖြစ် သည်။

မြန်မာပြည်သူတွေအနေနှင့် ပြည်သူတရပ်လုံးနှင့် သက်ဆိုင်သည့် စစ်နှင့်ငြိမ်းချမ်းရေးပြဿနာတွင် ပြည်သူများ၏ သဘော ထား မည်၍ မည်မျှ ဖော်ပြဆုံးဖြတ်ပေး၍ရပါသနည်း။

လက်ရှိပြည်သူလွှတ်တော်သည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလည်များဆိုလျှင် လွှတ် တော်အနေနှင့် စစ်ပွဲနှင့်ပတ်သက်၍ စစ်တိုက်ခြင်း ငြိမ်းချမ်းခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်နိုင်ခွင့်ရှိပါသလော။ ပြီးခဲ့သော လွှတ်တော်သက်တမ်း လေးနှစ်သက်တမ်းအတွင်း စစ်တိုက်ခြင်း ရပ်ခြင်း စစ်ပွဲစားရိတ်သတ်မှတ်ခြင်းတို့တွင် ပြည်သူ့ကိုယ် စားပြုလွှတ်တော်တွင် အရေးပါသောဆုံးဖြတ်ချက်များ ချမှတ်ခြင်းမတွေ့ရပေ။

မြန်မာအရေးလေ့လာသုံးသပ်သူ Ashin Pan ၏အဆိုအရ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၀ (ခ) အရ မည်သည့်ဒေသတွင်မဆို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် (သို့မဟုတ်) ပေါ်ပေါက်ရန် အကြောင်းရှိလျှင် တပ်မတော်အနေနှင့် တားဆီးကာကွယ်စောင့်ရှောက်နိုင်သည်ဟု ဆိုပါသည်။ ဤနေရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုသည်ဆိုသည်မှာ အဓိပ္ပါယ်ကျယ်ဝန်းသော်လည်း စစ်တပ် အခန်းနှင့်ပတ်သက်ပြီး ထည့်သွင်းဖေါ်ပြထား၍ ပြည်တွင်းစစ်ကို အဓိကရည်စူးသည်ဟု Ashin Pan က သုံးသပ်ပါသည်။

ကာလုံ၏တာဝန်ထဲမှာ စစ်နှင့်ပတ်သက်၍ ပြည်ပကျူးကျော်စစ်သာထည့်သွင်းထားပြီး ပြည်တွင်းစစ်ကို ထည့်သွင်းဖေါ်ပြ ထားခြင်းမရှိဟု ဆိုပါသည်။ ပြည်တွင်းစစ်နှင့်ပတ်သက်ပြီး သမတကာလုံတို့နှင့် တိုင်ပင်ကောင်း တိုင်ပင်နိုင်ပေမဲ့ အခြေခံ ဥပဒေပါ အခွင့်အရေးအရ ပြည်တွင်းစစ် တိုက်ခွင့် ရပ်ခွင့် လုပ်ပိုင်ခွင့်အာဏာသည် စစ်တပ်၏ လက်ထဲတွင်ရှိသည်ဟု Ashin Pan က သုံးသပ်ပါသည။်

ပြည်သူ့စစ်မဟာဗျူဟာပုဒ်မဟု ထင်ရှားသည့်ပုဒ်မ ၃၄၀ တွင် ဖေါ်ပြထားသည်မှာ တပ်မတော်သည် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးကာကွယ်ရေးတွင် ပြည်သူတရပ်လုံး ပါဝင်ရေးအ တွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ကို ဖေါ်ဆောင်ရမည်ဟု ဖေါ်ပြထား သည်ဟု ဆိုပါသည်။

သို့ဖြစ်ရာ Ashin Pan က စစ်တပ်၏ဦးဆောင်မှုဟုဆိုထားသဖြင့် ကျန်သူများ၏ ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားသည့်ပြင် စစ်နှင့်ပတ်သက်သည့်အရေးကိစ္စအားလုံးအား ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့်အဓိပ္ပါယ်သက်ရောက်သည်ဟုဆိုပါ သည်။

ထို့ပြင် ကာလုံ ၁၁ ဦးတွင်လည်း ကာချုပ် ဒုကာချုပ် စစ်တပ်မှတင်သော ဒုသမတတစ်ဦးနှင့် ကာချုပ်မှခန့်အပ်သည့် စစ်သားဝန်ကြီး ၃ ဦးပေါင်း ၆ ဦးဖြင့် အသာစီးရယူထားသည်။ ၎င်းပြင်စစ်တပ်မှတင်သည့် ဒုသမတက သမတသာ ဖြစ်သွားပါက နိုင်ငံခြားရေးဝန်ကြီးသည်လည်း သူခန့်သူဖြစ်ရာ ကာလုံတွင် ကာချုပ်နှင့်စစ်ဖက်မှ သိသိသာသာ အသာစီးရ ထားမည်ဖြစ်ရာ စစ်ဖက်ခေါင်းဆောင်များ၏သဘောသည် အခရာဖြစ်နေပေလိမ့်မည်။

သို့ဖြစ်ရာ လက်ရှိအခြေခံဥပဒေအရ ပြည်သူရွေးကောက်သည့် သမတ တက်ရောက်နိုင်ဦးတော့ ပြည်တွင်းစစ်နှင့်ပတ်သက်၍ မြန်မာစစ်တပ်၏သဘောသည် အဆုံးအဖြတ်ဖြစ်မြဲ ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းစစ်နှင့်ပတ်သက်၍ ပြည် သူလူထုကိုယ်စားပြု လွှတ်တော်နှင့် ၎င်းလွှတ်တော်က တင်မြှောက်သည့်အစိုးရက ဆုံးဖြတ်ချက်ချနိင်ရေးအတွက် လက်ရှိ အခြေခံဥပဒေကို မပြင်ဆင်ဘဲ မဖြစ်နိုင်ဟု ဆိုရပေမည်။

• နိုင်ငံတကာပါဝင်ပတ်သက်မှု
လက်ရှိ NCA လက်မှတ်ထိုးနိုင်ရေးတွင် နိုင်ငံတကာက ပါဝင်ပတ်သက်မှုများကို တွေ့နေရ၏။ EU ဂျပန် တရုတ်တို့အား တိုင်းရင်းသားအဖွဲ့များနှင့်အတူ နီနီးကပ်ကပ် တွေ့နေရသည်။

အကဲခတ်များ၏ အဆိုအရ KNU/KPC/DKBA/RCSS တို့သည် ကျန်တိုင်းရင်းသားအဖွဲ့များနှင့်သဘောထားမတူဘဲ NCA လက်မှတ်ထိုးရေးတွင် ပိုမိုတက်ကြွနေသည်ဟု ယူဆကြသည်။ KNU ဆိုလျှင် UNFC ကပင် နှုတ်ထွက်ထားသည်ဖြစ်သည်။ဤလေးဖွဲ့နှင့် အတူတွဲတွေ့နေသည်မှာ EBO မှ ဦးဟန်ညောင်ဝေဖြစ်ပေရာ အနောက် ဥရောပ၏သြဇာသက်ရောက်မှုသည် ထိုလေးဖွဲ့အနက် အထူးသဖြင့် KNU နှင့် RCSS ၏ အဓိကခေါင်းဆောင်ပိုင်းပေါ်တွင်ရှိသည်ဟု သုံးသပ်ကြသည်။ ထိုသို့ သြဇာသက်ရောက်မှုရရှိရန် ထိုအဖွဲ့များသို့ သင့်လျော်သည့် ပံ့ပိုးမှုများရှိနိုင်သည်ဟု သုံးသပ်ရပေသည်။

ဂျပန်နိပွန်ဖေါင်ဒေးရှင်းမှ KNU ဒေသတွင်းဖွံ့ဖြိုးရေးလုပ်နေသည်ဟုဆိုသော်လည်း ဂျပန်အနေနှင့် အနောက်အုပ်စုနောက်မှ သာ ကပ်လိုက်နေပုံရသည်ဟု သုံးသပ်ရသည်။

တရုတ်အနေအထားမှာ စိတ်ဝင်စားဘွယ်ဖြစ်သည်။ သူ၏ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးနီးစပ်စပ်ရှိပြီးဖြစ်သည်။ လက်ရှိ မြန်မာစစ်ဖက်က NCA လက်မှတ်ထိုးရန်သဘောမတူဘဲ လက်နက်ချရန် တောင်းဆိုထား သည့် အဖွဲ့များသည်လည်းကောင်း၊ လက်ရှိ NCA တွင်လက်မှတ်ထိုးရန်မလိုဟု ငြင်းဆန်ထားသော UWSA နှင့် မိုင်းလား အဖွဲ့သည်လည်းကောင်း၊ UNFC ကိုဦးစီး၍ NCA တွင်အားလုံးပါဝင်ရေးကို ရှေ့ဆာင်နေသော KIA သည်လည်းကောင်း၊ တရုတ်နယ်စပ်မှ အဖွဲ့များဖြစ်သည်။

ဤသို့သောအခြေအနေတွင် လက်နက်မချ၍ဖြစ်စေ NCA လက်မှတ်မထိုး၍ဖြစ်စေ စစ်ပွဲဖြစ်လာနိုင်ချေသည် တရုတ်နယ်စပ် တလျှောက်တွင်ဖြစ်သည်။ ထို့ပြင် ကိုးကန့်သည်သူတို့၏မျိုးနွယ်တူ ဟန်လူမျိုးများဟု ဆိုထားသူများဖြစ်သည်။ ယခုအချိန်ထိ လည်း ကိုးကန့်နယ်စပ်တလျှောက် လေယာဉ်ပျံသန်းခွင့်ကို ပိတ်ထားဆဲဖြစ်သကဲ့သို့ အကန့်အသတ်မရှိ ကျည်အစစ်ဖြင့် စစ်လေ့ကျင့်ခြင်းကို ရုပ်သိမ်းခြင်းမရှိသေးပေ။

အာရှပစီးဖိတ်ဒေသတွင်း အနောက်နှင့် စစ်မက်ပြိုင်ဆိုင်အားကြီးလာသော တရုတ်အနေနှင့် မြန်မာပြည်အား သေနင်္ဂဗျူဟာအမြင်ထား၍ကြည့်လေ့ရှိသော တရုတ်အနေနှင့် သူနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မည်သို့သဘောထား ကိုင်တွယ်မည်နည်း။

တရုတ်အစိုးရအနေနှင့် မြန်မာ့ပြည်တွင်းရေးအား ဝင်မစွက်ဖက်သည့် မူကိုကျင့်သုံးသည်ဆိုသည့်တိုင် ကျယ်ပြန့်ကြီးမားသည့် တရုတ်ပြည်၏အစိုးရ ကွန်မြူနစ်ပါတီ စစ်တပ်ဒေသအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ မတူကွဲပြားစွာ လှုပ်ရှားတတ်မှု နှင့်အကျိုးစီးပွားဆိုင်ရာပြဿနာများက ရိုးစင်းလှသည်မဟုတ်ချေ။

လက်ရှိ မြန်မာစစ်တပ်အနေနှင့် အနောက်နှင့် တိုးချဲ့ဆက်ဆံလာပြီး ပြင်သစ် နော်ဝေ အင်္ဂလန်တို့သို့ မြန်မာစစ်ဖက်မှ ပညာတော်သင်များ စေလွှတ်နေသည့် အချိန်ဖြစ်သကဲ့သို့ မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနောက်နှင့်နီးစပ်မှုရှိနေသည့်အပြင် မြန်မာစစ်ဖက်နှင့်ပါ နီးစပ်နေသည့်အချိန်တွင် တရုတ်နယ်စပ်ရှိသူနှင့် နီးစပ်မှုရှိပြီး သားအဖွဲ့များအား ဖြစ်လိုဖြစ် မျက်နှာလွှဲခဲပစ်သဘောထားထားရန်မှာ ခက်ခဲမည်ဟု ယူဆရပါသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်ပြသနာတွင် မြန်မာနှင့်ထိစပ်နေသော တိုင်းပြည်များတွင် မျိုးနွယ်စုတူ တိုင်းရင်းသားလူမျိုးများရှိနေခြင်းနှင့် လက်ရှိ ဒေသတွင်း၌ အင်အားကြီးနိုင်ငံများ အင်အားပြိုင်ဆိုင်မှု ပြင်းထန်လာမှုသည်ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပါ ပတ်သက်ဆက်စပ်လာပေရာ မြန်မာပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ပြသနာဖြေရှင်းရာတွင် နိုင်ငံတကာ၏ ပတ်သက်ဆက်နွယ်မှုအား ထည့်သွင်းတွက်ချက် မစဉ်းစားဘဲဖြစ်နိုင်မည် မ ဟုတ်ပေ။

ဆက်လက်ဖေါ်ပြပါမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts