သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အောင်မြင်ကျော်ကြားသူများနဲ့ မဲဆွယ်မှု

 

 

ငြိမ်းချမ်းအေး – အောင်မြင်ကျော်ကြားသူများနဲ့ မဲဆွယ်မှု
( မိုးမခ / သည်လေဒီးစ်နယူးစ်)  စက်တင်ဘာ ၀၁၊ ၂၀၁၅

ထင်ရှားသူများနဲ့ နိုင်ငံရေး ဆက်စပ်မှု၊ လှုပ်ရှားမှု၊ အသုံးဝင်မှု၊ အသုံးချခံရမှုတွေကို ဒီမိုကရေစီအင်အားစုများရဲ့ ၂၀၁၄ ခုနှစ် အခြေခံဥပဒေ ၄၃၆ ပုဒ်မ ပြင်ဆင်ရေး လူပ်ရှားခဲ့ချိန်မှာ တခါ ဆွေးနွေးဖူးခဲ့ပါတယ်။  အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ  နီးချိန်မှာ မျက်မှောက်ရေးရာ အဖြစ်အပျက်များ ဆက်စပ် ထပ်မံ ဆွေးနွေး ဂျာနယ်မှာ ပုံနှိပ်ခဲ့ပါတယ်။  မိုးမခ စာဖတ်ပရိသတ်များ စိတ်ဝင်စားရင် ဖတ်ရှုဝေဖန်သုံးသပ်ကြည့်ကြပါ။

±±±±±±±±±±±±

အထိုက်အလျောက် လွတ်လပ်ခွင့်ရလာတဲ့ ဒီဘက်ခေတ်မှာ ရုပ်ရှင် မင်းသား မင်းသမီး၊ အဆိုတော် နာမည်ကျော်ကြားသူ Celebrities တွေ လူမှုရေး၊ နိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပိုမို တက်တက်ကြွကြွ ပါဝင်လာကြတာ သတိထားမိပါတယ်။  နာမည်ကြီးသူတွေကို အသုံးချ တိုင်းပြည်မှာ နှစ်ရှည်လများ စွဲကပ်နေတဲ့ အိုင်းအနာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ပြည်တွင်းစစ် အလုံးစုံရပ်စဲရေး လူထုလုပ်ရှားမှုတွေ လုပ်သင့်ကြောင်း လက်ရှိစစ်တပိုင်းအစိုးရတက်ခါစကလည်း အလျဉ်းသင့်သလို တိုက်တွန်းခဲ့ဖူးပါတယ်။

အဲဒီတုန်းက တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခေါင်းဆောင် ပုံရိပ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်ခါစလောက်ပါ။  ဒေါ်အောင်ဆန်းစုကြည်က အဲဒီကာလတဝိုက်မှာ အခုလွှတ်တော်နိုင်ငံရေး လျှောက်ဖို့အထိ ဖြစ်လာခဲ့တဲ့ စစ်ဗိုလ်ချုပ်များနဲ့ ထိတွေ့ကာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ရာ ယုံကြည်မှု တည်ဆောက်ရေး အဆင့်အတွက် စစ်ဗိုလ်အသစ် အဟောင်းကြီးများ၊ ခရိုနီ၊ ခရိုပြာများနဲ့ ပွဲတက်ခံတွေ လုပ်ခဲ့ရတယ်။  အခြား တဖက်ကလည်း လူမှုအသိုင်းအဝန်းမှာ လူတန်းစားအစုအဖွဲ့အသီးသီးက စုစုစည်းစည်းနဲ့ လူမှုနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တတ်တဲ့ အကျင့် ဖြစ်ပေါ်လာအောင် လူထုကွန်ရက်အဖွဲ့တွေ ဖွဲ့ခိုင်းခဲ့တယ်။   နာမည်ကြီးတွေကို အသုံးချ လူမှုရေး ရန်ပုံငွေပွဲတွေ စီစဉ်ခဲ့တယ်။  ပြည်သူလူထု စိတ်ထဲမှာ ရှိနေတဲ့ ကြောင့်ကြစိုးရိမ်မှုတွေကို နာမည်ကျော်တွေ အသုံးချ ပယ်ဖျက်ပေးခဲ့တယ်။

ဟိုးအရင် နာရေးကိစ္စ အသုဘဆိုရင် လူမှုအသိုင်းအဝန်းမှာ ဘယ်သူမှ မထိတွေ့ချင်ဖြစ်နေတာမျိုးကို ပြည်သူချစ်တဲ့ မင်းသား ကျော်သူ ကိုယ်တိုင် အလောင်းထမ်းပြတော့ လူထုရဲ့ လူမှုသတ်မှတ်ချက် ကန့်သတ်ချက် အမြင် ‘Notion’ တွေ၊ မျက်မြင်လက်တွေ့အယူအဆ ‘Perception’ တွေ ပြောင်းလဲလာခဲ့သလိုပါ။  ဒီလိုသဘောပဲ တချိန်ကဆို အစစ်ဆေး အမေးမြန်းမရှိ ထောင်ထဲ နှစ်ရှည် ရောက်သွားနိုင်တဲ့ ဖြစ်စဉ်များဖြစ်တဲ့ နိုင်ငံရေးအဖွဲ့အစည်း၊ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့  ပိုမိုထိတွေ့လက်တွဲခြင်း၊ လူမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်စေခြင်းတို့ကို နာမည်ကြီးပုံရိပ်တွေ အသုံးပြု ပြည်သူကို ချပြနိုင်တော့ အများလူသာမန်အမြင်မှာ သူတို့နဲ့ ရင်းနှီးနေတဲ့၊ သူတို့ ချစ်ခင်မြတ်နိုးရတဲ့ သူတွေတောင် ဒီလို နိုင်ငံရေး၊ လူမှုရေးဆက်စပ်အလုပ်တွေ လုပ်နေသေးတာပဲ၊ အရင်ခေတ်လို အန္တရာယ် မဖြစ်တော့ပါဘူး၊ ငါတို့လည်းပါမယ် ဆိုတဲ့ အသိစိတ်ဓာတ်တွေရလာ၊ အလုပ်တွေ ပိုတွင်ကျယ်လာခဲ့ရတယ်။

အခုဆိုရင် ဒီအသီးအပွင့်ကို တိုင်းပြည်ဟာ ကောင်းကောင်းခံစားနေရပြီ ဖြစ်ကြောင်းကို စုစည်းညီညွတ်တဲ့ ဖဲကြိုးနက်လှုပ်ရှားမှု Black Ribbon Movement လို၊  သဘာဝဘေးအန္တရာယ် အတိဒုက္ခရောက်ချိန် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အရင်ထက် စနစ်တကျ ကျယ်ကျုယ်ပြန့်ပြန့် လူမှုအဖွဲ့အစည်းတွေ အင်တိုက်အားတိုက် ပါဝင်လာနိုင်မှုလို၊ တက်ကြွလှုပ်ရှားသူများနဲ့ ဝိုင်းဝန်းသူများ ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်လမ်းလျှောက်မှုမျိုး၊ ရန်ပုံငွေဂီတပွဲတော်လိုမျိုး၊ ဒီမိုကရေစီပညာရေးသပိတ်ကြောင်းချီတက်မှုနဲ့ ပြည်သူအများဝိုင်းဝန်းခဲ့မှုလိုနဲ့ ပန်းရဲ့လမ်း ဂီတအဖွဲ့ရဲ့ လူမှုရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ လှုပ်ရှားမှုမျိုးတွေ စတဲ့ တိုင်းပြည်နဲ့ လူထုလူအများ လူမျိုးစုစုံအတွက် အကျိုးရှိတဲ့ အလုပ်ကောင်းတွေက သက်သေပြနေပါတယ်။

ဒါဟာ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေး သီအိုရီအရဆိုရင် လူမှုအဆောက်အဦမှာ ပြည်သူထဲက ပြည်သူတွေ ဦးဆောင်လှုပ်ရှား၊ အသံထွက် ဆောင်ရွက်တဲ့ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေ ကျယ်ပြန့် ထွန်းကား အခြေတကျဖြစ်လာခဲ့စေခြင်းပါပဲ။  ဒီဖြစ်စဉ်မှာ စစ်အစိုရခေတ် ဟိုးအရင်ကတည်းက ထောင်ကျခံ လူမှုရေးတွေ လုပ်နေတဲ့ နာရေးကူညီမှုအဖွဲ့လို၊ ပြည်သူ့ဘက်က တသက်လုံး ရပ်ခဲ့တဲ့ ကိုရဲလွင် (ပန်းရဲ့လမ်း) တို့လိုရဲ့ အလုပ်တွေဟာလည်း ပိုမို ကျယ်ပြန့် လာ၊ ပြည်သူ့ထောက်ခံမှု ပိုရလာခဲ့တယ်။  တပါတည်း တိုင်းရင်းသား ပဋိပက္ခ ပြဿနာအတွက် ငြိမ်းချမ်းရေး ဆော်သြမှုတွေ၊ စစ်ဘေးဒုက္ခသည် အပါအဝင် လူမှု-စီးပွား ဒုက္ခသည် အစုံစုံအတွက် လူမှုရေး အကူအညီတွေ၊ ပညာရေး လုပ်ငန်းတွေ အစရှိတဲ့ ပရဟိတ လုပ်ငန်းအမျိုးမျိုးမှာ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်လှုပ်ရှားမှုဟာ ကျယ်ပြန့်အခြေခိုင်မာလာခဲ့တယ်။

အရင်လို တယောက်စ နှစ်ယောက်စ သတ္တိရှင် နာမည်ကျော်တွေ ကိုယ့်ဆန္ဒ၊ ရွေးချယ်မှုအရ အနစ်နာခံ လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံရေး ဖြစ်စဉ် တက်ကြွလှုပ်ရှားမှုတွေမှာ ပါခဲ့ရာကနေ ခေတ်ပြောင်းချိန်လို့ ယူဆနိုင်တဲ့ ကာလတခု၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်သာချိန်မှာ သူဟာ သူ့နောက်ပြေးကပ်လာတဲ့ နာမည်ကြီးတွေကို တိုင်းပြည် လူမှု အရပ်ဘက်အဖွဲ့အစည်း ဖွံ့ဖြိုမှုရှိရေးအတွက် အောင်အောင်မြင်မြင် အသုံးချနိုင်ခဲ့ပါတယ်။  အဲဒီထဲမှာ ပေါ်ပင်တွေလည်းပါတယ်၊ သာပေါင်းညာစား ဖော်လံဖား သာကူး အခွင့်အရေးသမား ‘Sycophants’ တွေလည်း ပါတာပါပဲ။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ‘မူ’ တခုကိုတော့ အခိုင်အမာထားခဲ့ပါတယ်။  ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရုပ်ရှင်၊ ဂီတ နာမည်ကြီးတွေကို သူ့ပါတီရဲ့ မဲဆွယ်ပွဲတွေအတွက်တော့ မခေါ်ဘူးဆိုပြီး စည်းခြားနိုင်ခဲ့တယ်။  ကိုယ့်သဘော၊ ကိုယ့် ဆန္ဒနဲ့ ပါတီဝင်ခြင်း၊ ပါတီ မဲဆွဲပွဲတွေကို လိုက်ခြင်းကတော့ တားလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါ။  ၂၀၁၂ တုန်းက နာမည်ကြီး အနုပညာရှင်၊ အဆိုတော် တချို့ မဲဆွယ်ပွဲတွေလိုက်ခဲ့ကြပါတယ်။  အခုလည်း ရုပ်ရှင်၊ ဂီတနယ်က နာမည်ကျော်များ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကို NLD အတွက် ဝိုင်းဝန်းနှိုးဆော်နေကြပါပြီ။

NLD ဦးဆောင်တဲ့ ပညာရေး၊ ကျန်းမာရေး ရန်ပုံငွေပွဲတွေလို လူမှုရေး ပွဲတွေမှာလည်း အနုပညာသမားများ ဝိုင်းဝန်းခဲ့ကြတယ်။  ဒီ့အတွက် ပါတီနိုင်ငံရေးမှာ အထောက်အကူ ဖြစ်တယ် ဆိုတာလည်း မှန်ပါတယ်။  ဒါပေမဲ့ ဒါဟာ လက်ရှိ စစ်ဗိုလ်ချုပ်များ ကြီးစိုးရာ လွှတ်တော် နိုင်ငံရေး အနေအထား၊ သမာဓိ ဒိုင်လူကြီးနေရာအတွက် အင်မတန် သံသယရှိစရာကောင်းတဲ့ ရွေးကောက်ပွဲ ကော်မရှင် လုပ်ဟန်နဲ့ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ၊ ဥပဒေ အသုံးချ ဖိနှိပ်မှု၊ စစ်တပ်အားကိုး အာဏာပြမှုစတဲ့ တဖက်စောင်းနင်း အရယူထားတဲ့ နိုင်ငံရေး အသာရမှုတွေနဲ့ ယှဉ်ရင် ဒါမျိုး နာမည်ကြီးပုံရိပ် အသုံးချမှုဟာ လူထုကလည်းကြည်ဖြူ၊ ပြည်သူအများထောက်ခံတဲ့ ကျော်ကြားသူများကိုယ်နှိုက်ကလည်း လိုလိုချင်ချင် စိတ်စေတနာမို့ နားလည် လက်ခံပေးရမယ့် ကိစ္စပါပဲ။

ဆိုတော့ ဒီမိုကရေစီခေတ်စနစ် အကူးအပြောင်းမှာ ဒီမိုကရေစီနည်းလမ်းတကျ အကျိုးစီးပွား ကြောင့်မဟုတ်ဘဲ အသိ စိတ်ဓာတ်ကြောင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အနာဂတ်အတွက် နာမည်ကြီးများ လူမှုဖြစ်စဉ် လူထုအကျိုးပြု လုပ်ငန်းတွေ၊ နိုင်ငံရေးဆက်စပ် အလုပ်တွေမှာ ဆိုခဲ့သလို ပါဝင်လာကြတယ်။  နာမည်ကောင်း တည်ဆောက်လိုမှု၊ ကျော်ကြားလိုမှု၊ ပြည်သူ့မေတ္တာခံယူချင်မှုလည်း ပါမှာပေါ့လေ။   ပုထုဇဉ်လူသားချည်းဆိုတော့ နာမည်ကြီး၊ နာမည်ကောင်း လိုချင်တာလည်း ရှိမှာ သဘာဝပါ။  ဒါပေမဲ့ အဓိကကတော့ အာဏာနဲ့ အခိုင်းခံရလို့ လုပ်ခြင်းမဟုတ်၊ ခြိမ်းခြောက်ခံရလို့ လုပ်ခြင်း မဟုတ်၊ လုပ်ပိုင်ခွင့်တွေ အပိတ်အပင်ခံရမှာ ကြောက်လို့လုပ်ခြင်း မဟုတ်ဆိုတဲ့ ကောင်းမွန် မှန်ကန်တဲ့ ဓလေ့ကောင်း အလုပ်သဘောဟာ တိုင်းပြည်မှာ စတင် တည်ဆောက်လာနိုင်ခဲ့ပါတယ်။

ဟိုးအရင်ခေတ်တွေမှာတော့ ဖျော်ဖြေရေး သမား ဆိုတာ အာဏာရှင်ရဲ့ အသုံးချခံ သက်သက်ရယ်ဖြစ်ခဲ့ရတယ်။ သူတို့ကို  ပဒေသရာဇ်ခေတ်အသုံး နဲ့  ဆိုရင် “ဖက်ခွက်စား” လို့တောင် ခေါ်ခံထိပါတယ်။  စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ နာမည်ကျော် ဖျော်ဖြေရေးသမား တချို့ (အနုပညာသမားလို့ မသုံးပါ) ဟာ စစ်ဘုရင် ပစ်ပေးတဲ့ (လက်ဖက်ပွဲနဲ့ အလား သဏ္ဌာန်တူ) ဖုန်း၊ တိုက်ခန်း၊ မြေ၊ ပါမစ် မက်လုံး အမျိုးမျိုးကို ခံယူ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်အတွက် စစ်အာဏာရှင် အာဏာတည်မြဲရေးအတွက် ဝါဒဖြန့်ချိရေး၊ ပြည်သူ့ မှိုင်းတိုက်ရေးမှာ အသုံးချခံခဲ့ရတယ်။

အခု နာမည်ကောင်းတွေ အပြည့်နဲ့ ပြည်သူ့ချစ်တဲ့ ပြည်သူ့အနုပညာရှင် လူမှုရေးသမား ရုပ်ရှင်မင်းသားကြီးရဲ့ စစ်ဝါဒဖြန့်ချိရေး ကားတွေ ဟိုအရင်ကဆို လူထုမှာ မကြည့်ချင် အဆုံး ကြည့်ခဲ့ရတယ်။  လှလေးစိန်တွေ၊ တိမ်ကော့နော်ဂျာတွေနဲ့ ၁၉၉၀ ခုနှစ်များရဲ့ ကလေးသူငယ်များ စစ်သွေး၊ စစ်မာန်တွေ ကြွခဲ့ရတယ်၊ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ကို အားပေးခဲ့ရတယ်။

ပညာတတ် တက္ကသိုလ်ကျောင်းသား လူငယ်လေးတွေရဲ့ အသည်းစွဲ သဘာဝ မင်းသား တယောက် (ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးမှာလည်း တက်ကြွခဲ့သူ၊ အခုလည်းပြန်လည် တက်ကြွနေသူ) ဆိုရင် အနုပညာအပြည့်နဲ့ ကားတွေ ဆက်တိုက် ရိုက်နိုင်ခဲ့ပေမယ့် စစ်အစိုးရရဲ့ ပစားပေး၊ မြှောက်စားမှု မခံရ၊ ရုပ်ရှင်ထူးချွန်ဆု မရဖြစ်ခဲ့တာ နောက်ဆုံး (ခံယူချက်) လက်နက်ချပြီး စစ်ဝါဒဖြန့်ချိရေး ကားရိုက်ပြတော့မှသာ မင်းသားဆုရခဲ့ရတယ်။  ခေတ်အဆက်ဆက် လူကြီးလူငယ် မရွေး ကြိုက်နှစ်သက် အားပေးတဲ့ ပြည်သူ့ အချစ်တော် (စစ်အစိုးရ အဆက်ဆက်ရဲ့ မျက်မုန်းကျိုးခံခဲ့ရသူ)၊ ၈၈ မှာလည်း တက်ကြွခဲ့သူ နိုင်ငံရေး စိတ်ဓာတ်၊ နိုင်ငံရေး အရောင်အပြည့်နဲ့ တိုင်းရင်းသား အဆိုတော်ကြီးပါ မကျန် (အကြောင်းကိစ္စတခုကြောင့်) လူထုနဲ့ ဆန့်ကျင်ဘက် အလုပ်တွေ မရှောင်မလွဲသာ လုပ်ခဲ့ရတယ်။  အဲ့ဒီခေတ်တွေမှာတုန်းကတော့ လုပ်ပိုင် ခွင့် အပိတ်ခံ ဘေးထွက်ထိုင်နေမလား၊ ပေးတာယူ၊ ကျွေးတာစားရင်း ခိုင်းတာလုပ် နေမလား ဆိုတဲ့ ခေတ်ပေါ့။

ဂီတ၊ ရုပ်ရှင် အသိုင်းအဝန်းတင် မဟုတ်ပါ။  ၁၉၉၀ ခုနှစ်များမှာ လူငယ်များ လေးစား အသိအမှတ်ပြု ဦးတင်ရာ ခေတ်သစ် စာပေ လူငယ် စာရေးဆရာ နှစ်ပါး ရှိခဲ့ပါတယ်။  နှစ်ပါးလုံး နိုင်ငံရေးနဲ့ ထောင်ကျခဲ့တယ်။  တပါးက သေတဲ့ အထိ (နိုင်ငံရေး အရ) အနေအထိုင် မှန်ခဲ့ပေမယ့် ဆရာဝန်ဘွဲ့ရလည်းဖြစ်သူ နောက်တပါးကတော့ ထောင်က အလွတ်မှာ အကြောင်းအမျိုးမျိုးနဲ့ ဖောက်ပြန်သွားတယ်။  နာမည်ဝှက်တွေနဲ့ စစ်အစိုးရဝါဒဖြန့်ချိရေးတွေမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့တယ်။  နောက်ဆုံး လူနာမည်အရင်း(ကလောင်နာမည်မဟုတ်) နဲ့ပါ နအဖ စစ်ဝါဒ မှိုင်းတိုက်ရေး၊ ဒီမိုကရေစီအနောက်နိုင်ငံများ မုန်းတီးရေး ဇာတ်ကားတွေမှာ ဇာတ်ညွှန်းတွေ ရေးပေးခဲ့တယ်။

စစ်ဗိုလ်များက လူငယ်တွေကို ပေးချင်တဲ့သတင်း က “ဒီမှာ တွေ့လား မင်းတို့ ရှိခိုး ဦးခိုက်ခဲ့တဲ့ စာပေဘုရား ငါတို့ ခိုင်းတာ လုပ်နေရပြီ၊ မမိုက်ချင်ပါနဲ့ သားကြီးတို့ရာ” ပေါ့ဗျာ။

လူငယ်များရဲ့ ရော့ခ်ဘုရား ဧကရာဇ်ကြီးလည်း ပဒေသရာဇ် စစ်ဘုရင်ဝါဒ၊ လူမျိုးကြီးဝါဒ အတွက် “မဟာမြန်မာ” ရယ်လို့ ကုန်းအော်ပေးခဲ့ရတယ်။  ‘သွေးချင်းညီအစ်ကိုများ’ ဆိုပြီး အနှစ်မပါတဲ့ အစိုးရမုသားဝါဒဖြန့်ရာ ရုပ်သံတွေမှာ ‘လက်ရောက်မှု’ ဝင်လုပ်ရတယ်။  (သူကတော့ ဒါတွေအားလုံးလုပ်ခဲ့တာ သူယုံကြည်လို့ပါလို့ ဆိုပြီး အမြဲ ခိုင်ခိုင်မာမာ ဆိုတတ်ပါတယ်။  ဒါကတော့ သူ့ခံယူချက်၊ ယုံကြည်ချက်မို့ဆိုပြီး ခွင့်လွှတ်နားလည်ပေးရမှာပါ။)

ယေဘုယျသဘောမှာတော့ အရင်ခေတ်စစ်အာဏာရှင်စနစ်မှာ လူထု ဖျော်ဖြေရေးသမား နာမည်ကြီးတွေဟာ လူထုကို မှိုင်းတိုက်၊ ဝါဒ ဖြန့်ချိတဲ့ ကဏ္ဍတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခဲ့ရတယ်။  အခု ဒီမိုကရေစီ သွားမယ် ဆိုကြတဲ့ ခေတ်စနစ်မှာတော့ အစမှာ ဆိုခဲ့သလို စိတ်ဓာတ်ခံယူချက်၊ တကိုယ်ရေ သဘောအရ လူထုလှုပ်ရှားမှုဖြစ်စဉ်တွေ၊ နိုင်ငံရေးအလုပ်တွေမှာ ပါဝင်လာကြတယ်။

ဒီသဘောကို လူအများ လက်ရှိ နိုဝင်ဘာရွေးကောက်ပွဲနီးချိန်မှာ ရှင်းရှင်းလင်းလင်း ရှိစေချင်ပါတယ်။  အခု ရုပ်ရှင်၊ ဂီတ နာမည်ကြီး ဖျော်ဖြေရေးသမားများ အနုပညာရှင်များ NLD မဲပေးရေးလှုပ်ရှားမှု ဆောင်ရွက်ခြင်းဟာ သူတို့ တဦးချင်းရဲ့ ပုဂ္ဂလိကဆန္ဒ၊ ယုံကြည်ချက်အတိုင်း ပါဝင် လုပ်ဆောင်တာမျိုးပဲ ဖြစ်ရမှာဖြစ်သလို၊ ဒီလို လူမျိုးကိုပဲ ဒီမိုကရေအင်အားစုဘက်က မျှော်လင့်သင့်ပါတယ်။  အခြားဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံကြီးများမှာလည်း နာမည်ကျော်များဟာ တကိုယ်ရေ ဆန္ဒနဲ့ လွတ်လွပ်လပ်လပ် သူတို့ နှစ်သက်ရာ ပါတီနဲ့ ဝါဒတွေကို လူသိရှင်ကြား ထောက်ခံအားပေး လူအား၊ ငွေအား၊ မဲဆွယ် လှုပ်ရှားပေးတာမျိုးတွေ ရှိတာပါပဲ။  ဒါပေမဲ့ ယုံကြည်ချက် သက်သက်ပဲ ဖြစ်ရပါမယ်။  အကျိုးလိုလို့ ညောင်ရေလောင်းသူများကိုလည်း သတိထားသင့်ပါတယ်။  အနုပညာလွတ်လပ်ခွင့်အရ ဘယ်ပါတီအာဏာနိုင်ငံရေးကို စိတ်မဝင်စား၊ မပါ၊ သူ့အနုပညာအလုပ်ကိုပဲ သီးသန့်လုပ်လိုသူများကိုလည်း လက်ခံပေးရပါမယ်။

ဒီအခြေခံသဘောကို အခု နာမည်ကြီးများရဲ့ ‘ပြောင်းလဲချိန်တန်ပြီမို့ NLD ကို မဲပေးစို့’ လှုပ်ရှားမှုများကို ထောက်ခံသူများ၊ မနှစ်သက်သူများ ဘက်နှစ်ဖက်စလုံး အပြည့်အဝ နားလည်ရပါမယ်။  ဒီမိုကရေစီစနစ်မှာ နာမည်ကြီးသူကော နာမည်မရှိသူကော လူတိုင်းအားလုံးဟာ ကိုယ်ယုံကြည်ရာ ပါတီ၊ စနစ် အယူဝါဒ တခုကို ထောက်ခံအားပေးခွင့်ရှိပါတယ်၊ သူတပါး အခွင့်အရေး၊ လွတ်လပ်မှုကို မထိပါးဖို့ပဲလိုပါတယ်။  ကိုယ်နှစ်သက်ယုံကြည်လက်ခံရာ ပါတီ ဝါဒ အဖွဲ့ တိုးတက်ကြီးပွားအောင်မြင်အောင် လွတ်လပ်စွာ ဝိုင်းဝန်း လှုပ်ရှား ဆော်သြ ခွင့်လည်းရှိပါတယ်။  စစ်အာဏာရှင်စနစ်လို အာဏာကြောင့်၊ ပါဝါကြောင့်၊ မက်လုံးကြောင့်၊ လိုဘကြောင့်၊ ကြောင့်ကြစိုးရိမ်မှုရန်ကြောင့် မဖြစ်ဖို့လိုပါတယ်။  အဂတိ လေးပါးကင်းတဲ့ ယုံကြည်ချက် ဝိုင်းဝန်းမှု၊ ဆန့်ကျင်မှု၊ ထောက်ခံမှု၊ ကန့်ကွက်မှု မဲဆွယ်မှု အားလုံးကို ကြိုဆိုရမည် ဖြစ်ကြောင်းပါ။

‘ထောက်ခံချင်လွန်းလို့ မနက်လေးနာရီကတည်းက ထမင်းထုပ်နဲ့ စောင့်ရတယ်’ လူထုခမျာ မချိသွားဖြဲဆိုရတဲ့ လူရွှင်တော်ပြက်လုံးကို ရင်ဘတ်ကြီးနဲ့ခံစား နာနာကြည်းကြည်းရယ်မောခဲ့ရတဲ့ စနစ်ဆိုးခေတ်ဆိုးကြီး မဝေးတဲ့ အနာဂတ်မှာ အလုံးစုံ ချုပ်ငြိမ်းနိုင်ပါစေ..။

ငြိမ်းချမ်းအေး
သြဂုတ် ၂၇၊ ၂၀၁၅ (အသစ်ရေး စာပြီးရက်စွဲ)

(၂၀၁၄ ခုနှစ်ရေး မိုးမခ ဆောင်းပါးဟောင်းကို အခြေခံသည်။  သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ်စဉ် ၇၆၊ ၂၀၁၅ ခုနှစ် သြဂုတ် ၂၈ ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။  မိုးမခတွင်လည်း အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

(The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။)

အောင်မြင်ကျော်ကြားသူများနှင့် မဲဆွယ်မှု || ငြိမ်းချမ်းအေး ||အထိုက်အလျောက် လွတ်လပ်ခွင့်ရလာတဲ့ ဒီဘက်ခေတ်မှာ…

Posted by The Ladies News on Monday, August 31, 2015


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – အောင်မြင်ကျော်ကြားသူများနဲ့ မဲဆွယ်မှု
  1. I admire our actors and actresses who dedicate themselves for the good cause. if you look at the Philippines, most of the actors and actresses think only for themselves and run for the elections( many of them run for the local governments ) because they can use their popularity. But in our country they use their popularity for the good cause. I support you.

Comments are closed.