တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ညစ်ကွက်ညစ်လုံးတွေကြားက ရာနှုန်းပြည့် အနိုင်ရရေး စိတ်ကူး

တူမောင်ညို – ညစ်ကွက်ညစ်လုံးတွေကြားက ရာနှုန်းပြည့် အနိုင်ရရေး စိတ်ကူး
(မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၅

ညစ်ကွက်တွေစုံရုံတင်မက ညစ်ဒေါင့်လည်းစေ့ပါတယ်။ စနစ်တကျအမိန့်ပေးခိုင်းစေနေသလိုပါပဲ။

“အခြေခံဥပဒေ/တည်ဆဲဥပဒေ”ဆိုတာတွေနဲ့ညစ်သလို၊ ဥပဒေပနည်းတွေသုံးပြီးလည်းညစ်ပါတယ်။ သောက်သောက်လည်း မှားတဲ့အခြေခံမဲစာရင်းတွေ ထုတ်ပြန်တာကစပြီးရွေးကောက်ပွဲရလဒ်ကြေညာပြီးတဲ့အထိ ဗိုလ်တင်အေးလက်စွမ်းပြရမယ့် အချိန်ကာလ ဖြစ်ပါတယ်။ မကြာခင် “အတည်ပြု မဲပေးပိုင်ခွင့်စာရင်း” ထုတ်ပြန်လိမ့်မယ် ၊ အမှားအယွင်းတွေပါရှိနေရင်လည်း ပြင်ဆင်ပါလို့ ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်တင်အေးက ပြောသွားပါတယ်။ ညစ်လုံးတွေလာအုံးမယ်ဆိုတဲ့သဘောပေါ့။

ဘယ်ကလာမှန်းမသိတဲ့ ဒုတ်ဓါးကိုင်လူရမ်းကားအုပ်စုကြီးတဲ့။ အဲဒီလူရမ်းကားအုပ်စုကြီးကို “တာဝန်လက်ပတ်နီ” ပတ်ပေး ပြီး မြို့တော်ခန်းမရှေ့မှာ ဗြောင်အသုံးတော်ခံစေခဲ့ဖူးပြီ၊  အခုလို မဲဆွယ်ကာလမှာတော့ “ပိုစတာ” ကိုင်ခိုင်းပြီး ပွဲထုတ်နေပြန် ပါတယ်။  ရွေးကောက်ပွဲကာလတည်ငြိမ်မှုကို တမင်ပျက်ပြားအောင် ဘယ်သူတွေလုပ်နေတာလဲ။ ဘယ်အတိုင်းအတာ ထိ လုပ်မှာလဲ။ နေပြည်တော် အနီးအနားမှာဒီလိုလက်ရဲဇက်ရဲလုပ်ခွင့်ပေးထားရင် အခြားသောကျေးလက်တွေနဲ့နယ်စွန်နယ် ဖျားတွေမှာ ဘယ်လောက်များ ဆူပူသောင်း ကျန်းကြမလဲ။ ဒီလို ပိုစတာကိုင်အော်ဟစ်ကြတဲ့ လူအုပ်ဟာ နောက်ဆုံးမှာတော့ ဒီပဲယင်းအကြမ်ဖက်သတ်ဖြတ်မှုကို ဇက်ရဲလက်ရဲ လုပ် တာပဲ မဟုတ်ပါလား။ ဗိုလ်ခင်ညွန့်ကတော့ ဒီပဲရင်းအကြမ်းဖက်မှုမှာသူ မပါဝင်ကြောင်း ဗိုလ်သန်းရွှေက ကွယ်လွန်သူ (ဝန်ကြီးချုပ်ဟောင်း) ဗိုလ်စိုးဝင်းနဲ့ ဗိုလ်ရဲမြင့်တို့ကို တာဝန်ပေးခိုင်းစေတာ ဖြစ်ကြောင်း ဖြောင့်ချက်ပေးထားပါတယ်။ ဒါကြောင့် နေပြည်တော်က ပိုစတာကိုင် လူအုပ်ဟာ ဒုတ်ဓါးကိုင်ပြီး အကြမ်းမဖက်ဖူး လို့ ဘယ်သူအာမခံနိုင်မှာလဲ။

ဗိုလ်တင်အေးရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေနဲ့အညီ တမင်ညစ်တဲ့ ညစ်ကွက်ဖြစ်တဲ့ “ကိုယ်စားလှယ်လောင်းစိစစ်ရေး” ဆိုတာကတော့  (၃၁ သြဂုတ်မှာ) ရက်စေ့သွားပြီ။

ကိုယ်စားလှယ်လောင်း ဘယ်လောက်တင် ဇကာတင် ကျန်ရစ်ခဲ့သလဲ။ ဘယ်ပါတီတွေ ကိုယ်စားလှယ်လောင်း ဘယ်နှစ် ယောက် ညှိသွား၊ ထိသွားသလဲ။ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄၀) နီးပါးရှိတယ်ဆိုတော့ အရေအတွက်မနည်းလှဘူး။ (NLD)ပါတီ ဘက်က ကိုယ်စားလှယ်လောင်း အနည်းဆုံး ၆ ဦး (ဒေါက်တာဝင်းမြင့်၊ ဦးဖြိုးဝေအောင်၊ ဦးယဉ်မျိုး၊ ဦးထွန်းမင်းစိုး၊ စိုင်းကျော်ဇော၊ — )  ထိခိုက် နစ်နာသွားတယ်လို့ မီဒီယာသတင်းတွေအရ သိရပါတယ်။ ဒါဟာ “ရာနှုန်းပြည်အနိုင်ရရေး” ကို ထိခိုက်စေတာတွေဖြစ်ပါတယ်။

ကော်မရှင်ရဲ့ လက်စွဲတော်ပုဒ်မတွေက ရွေးကောက်ပွဲဥပဒေ၊ ပုဒ်မ ၁၀ (င) နဲ့ ပုဒ်မ ၈ (က) တို့ဖြစ်တယ်။ ပုဒ်မ ၁၀ (င) က သက်ဆိုင်ရာကိုယ်စားလှယ်လောင်းမွေးဖွားစဉ်မှာ မိဘက နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်ပါတယ်။ တ ကယ်တော့ ဒါဟာ တမင်ညစ်တာပါပဲ။ လက်ရှိမှာ နိုင်ငံသားဖြစ်နေပြီဆိုတဲ့အချက်၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အချက်တွေကို တမင်မျက်ကွယ်ပြုပြီး ညစ်ပတ်တာပဲဖြစ်ပါတယ်။

ပုဒ်မ ၈ (က) က လည်း အလားတူပါပဲ။ “ နိုင်ငံထဲမှာ ၁၀ နှစ်တဆက်တည်းနေထိုင်သူဖြစ်ရမယ်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဆိုတာတွေမှာ နေထိုင်ကြသူတွေဟာ အ ကြောင်း အမျိုးမျိုးနဲ့ တစ်ဖက်နိုင်ငံတွေကို အိမ်ဦးနဲ့ကြမ်းပြင်လို ဝင်ထွက်သွားလာ နေထိုင်ဖူးကြတာချည်းဖြစ်တယ်။  ကယန်း အမျိုးသားပါတီက ခွန်ဘီထူးကို ညစ်တဲ့ကိစ္စကို အညစ်ပတ်ဆုံးဖြစ်ပါတယ်။  တရားဝင်ပတ်စ်ပို့ကိုင်ပြီး ထိုင်းနိုင်ငံကိုသွားတာကို အဲဒီ ပုဒ်မ ၈ (က) နဲ့ညစ်ထားတယ်။ အရှက်ကင်းမဲ့လှတဲ့ နောက်ထပ်ညစ်ကွက်တစ်ခုကတော့  “ကိုယ်စားလှယ်လောင်းသည် ၂၅ နှစ်ပြည့်ပြီးသူ သို့မဟုတ် အသက် ၃၀ ပြည့်ပြီးသူဖြစ်ရမယ်” ဆိုတဲ့အချက်ပါပဲ။

(NLD) ဥက္ကဋ္ဌကတော့ (NLD) ပါတီက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရခဲ့ရင် သန့်ရှင်းတဲ့အစိုးရဖြစ်စေရမယ်၊ လွတ်လပ်စွာစိုက်ပျိုးခွင့်ကို အာမခံမယ်၊ ဘယ်မျိုးစပါးကိုစိုက်မှ ထောက်ပံ့ကြေးပေးမယ်၊ ရေပေးမယ်တို့၊ ထောက်ပံ့ကြေးပေး မယ်တို့ လုံးဝမရှိစေရပါဘူးလို့ ရဲရဲပြောဆိုနေတာတွေကြားရပါတယ်။ အားတက်စရာကောင်းပါတယ်။ တဖက်မှာ အဲဒီလို ပြောဆိုနေသံတွေ ကြားရတော့ အားတက်စရာကောင်းသလို အခြားတဖက်မှာလည်း လက်တွေ့ကျပြီး စိုးရိမ်စရာကောင်း နေတဲ့အချက်တွေကလည်း ထုနဲ့ ဒယ်နဲ့ကို ရှိနေတာပါ။

ဒီလိုညစ်လုံးညစ်ကွက်တွေအကြားမှာ (NLD) ပါတီ ပြတ်ပြတ်သားသားအနိုင်ရပါ့မလား ဆိုတဲ့အချက်ပါပဲ။ တခါမက အကြိမ် ကြိမ် ခဲမှန်ခဲ့ဖူးတဲ့ စာသူငယ်လိုပါပဲ။ “၁၉၉၀ ရွေးကောက်ပွဲ” ရလဒ်လို၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒလက်မှတ် ၅ သန်းနီးပါးလို သဲထဲ ရေသွန်သလိုဖြစ်သွားမှာကို ပြည်သူတွေက အထူးစိုးရိမ်နေကြပါတယ်။ ဒီလိုကိုယ်တွေ့တွေအပြင် လတ်တလောကာလ မှာပဲ  (NLD) ဥက္ကဋ္ဌ ကိုယ်တိုင်က “အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ရှိတယ်နော်” လို့ သတိပေးစကားပြော နေတယ်မဟုတ်လား။ ဒီတော့ ပြည်သူတွေ စိုးရိမ်တာ အမြှော်အမြင်ရှိတဲ့ စိုးရိမ်မှုမျိုးဖြစ်ပါတယ်။ ဒီတော့ ၂၀၁၅ မှာ (NLD) ပါတီဟာ တောင်ပြိုကမ်းပြိုနိုင်အုံးမှာပဲလို့ဆိုတာဟာ အစွဲနဲ့ စိတ်ခံစားမှုနဲ့ပြောနေတာမျိုး၊ မျက်ကန်းတစ္ဆေမကြောက်ပြောနေတာမျိုးနဲ့ သွားတူနေတာပေါ့။ ဒီလိုပြောလို့ (NLD)ကို မနိုင်စေချင်လို့ အာ့မနာပပြောတာမဟုတ်ပါဘူး။ (NLD) ကို ရာနှုန်း ပြည့်အနိုင်ရစေချင်ပါတယ်။ ဒီလိုဆန္ဒဖြစ်ပေါ်လာတဲ့အခါတိုင်း ရင်ထဲမှာသံမှိုစွဲသလို စွဲမှတ်မိနေတဲ့  (NLD) ဥက္ကဋ္ဌ တခါက ပြောခဲ့ဖူးတဲ့စကားတွေပေါ် ပေါ်လာပါတယ်။

“၂၀၀၈ အခြေခံ ဥပဒေ မပြင်ဆင်နိုင်သမျှ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ချင်လွတ်လပ်မှာဖြစ်ပေမယ့်တရားမျှတမှုတော့ရှိ မှာမဟုတ်ဘူး” ဆိုတဲ့စကားနဲ့ “တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး။ အခု ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရကို မခိုင်မြဲ နိုင်ဘူး။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အရကို တပ်မတော်ရဲ့ သဘောဆန္ဒရှိသ၍သာ ဒီလွှတ်တော်က တည်မှာ။ တခြားဟာတွေ ကျွန်မတို့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုဘူး။ တပ်မတော် အလိုရှိသလောက်ပဲ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျွန်မတို့ရဲ့ လွှတ်တော်ရဲ့သက်တမ်းကရှိမှာ။ အဲတော့ အဲဒီလိုဖြစ်နေတဲ့အခြေအနေမှာ လက်တွေ့ကျကျ ကျွန်မတို့ တပ်မတော်ကနေပြီးတော့ ဒီမိုကရေစီကို နားလည်လက်ခံလာမှ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီအုတ်မြစ် ကျွန်မတို့ ချနိုင်မယ်”  ဆိုတဲ့စကားတွေပဲဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ ညစ်လုံးညစ်ကွက်တွေကို ကျော်လွှားပြီး (NLD) အတွက် အသည်းကြားက မဲတပြားကို တာဝန်ကျေပွန်စွာ၊ သတ္တိရှိစွာ ပေးအပ်ခဲ့သလို။ အကယ်၍ ကံမကောင်း အကြောင်းမလှလို့  “၁၉၉၀ ရွေးကောက်ရလဒ်” လို ကံကြမ္မာမျိုး ထပ်မံကြုံတွေ့လာခဲ့ရင်လည်း  ယနေ့ (NLD) ဟာ၊ တခါက (NLD) ပါတီလို တွေဝေငုံ့ခံမနေဘဲ၊ ပြတ်ပြတ်သားသား ရုန်းကန်တွန်းလှန်နိုင်ပါစေလို့သာ ကြိုတင်ဆန္ဒပြုလိုက်ပါတယ်။

ညွန်း
– (၃၀-၈-၂၀၁၅) နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နဲ့ ဒက္ခိဏ သီရိမြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်။
– (၂၀- ၈ – ၂၀၁၃) RFA


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts