ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် – အပိုင်း (၄)

 

ဗိုလ်ထက်မင်း – ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် – အပိုင်း (၄) 

(မိုးမခ) သြဂုတ် ၂၉ ၊ ၂၀၁၅

၂၅။ ဦးရွှေမန်းအနေနဲ့ အရေးကြီးတာက အဓိက ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံး ပူးပေါင်းဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဇာနည်နေ့ဆွမ်းကျွေးတဲ့အိမ်ကို ဆရာတော်ကြီးတွေ သက်သေထား တက်ရောက်ပြသလိုက်ရာမှ သူရဲ့ စစ်ဆင်ရေး စလာပါတယ်။ တဖန် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲ တွေပါ ဦးရွှေမန်း တက်ရောက်လာသလို အခါအားလျော်စွာ လွှတ်တော် အစည်းအဝေးတွေမှာ အချိန်တခုခု ဖန်တီးကာ နှစ်ဦးတည်း တွေ့ဆုံတဲ့ အကြိမ်မျိုးတွေရှိခဲံပြီး အတူတကွ သတင်းစာရှင်လင်းပွဲပါ လုပ်ပြလိုက်ပါတယ်။ ဇနီးဖြစ်သူကလည်း အိမ်တော်ကြီးက လေ့ကျင့်သားရခဲ့သူပီပီ ဒေါ်အောင်ဆန်းစုကြည်အိမ်အား သားတွေကို ထမင်းချိုင့် ပို့စေပါတယ်။ ဦးရွှေမန်း အမေရိကန်ရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လိုအပ်က လက်တွဲမည်ဟု ကြေညာလိုက်သလို ဦးဟန်သာမြင့်က ပါတီအနေနဲ့ ဦးရွှေမန်းအားသမ္မတအဖြစ် ထောက်ခံမယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုချက် အငြင်းပွါးဖွယ် ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရေး ရွေကောက်ပွဲပြီးမှ လွှတ်တော်အသစ်ကျမှ ပြင်မယ်လို့ ပြောတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံလိုက်တဲ့အတွက် သူတို့နှစ်ဦးညှိထားတာ ပိုပြီးသံသယ ခိုင်မာသွား စေတယ်။

၂၆။ ဦးရွှေမန်းချဉ်းကပ်တာကို ဒေါ်အောင်ဆန်းစုကြည်က သူ့အခြေအနေ ဂဃဏနမလေ့လာမသုံးသပ် ဘဲ ဇာတ်နာနေသူမှန်း မသိလို့ဖြစ်စေ၊ သိလျှက်နဲ့ သူ့အရှိန်အဝါ ဆင်ပိန်ကျွဲလောက်ရှိမယ်ထင်လို့ ပူးပေါင်း လှူပ်ရှားရာမှာ မိမိခင်းအကျင်းကို တဖက်အဖွဲ့အစည်းက သတိထားပြီး ကြိုတင်စီမံချက်နဲ့စနစ်တကျ ည တိုက်ပွဲဆင်သွားတာကြောင့် သူရဘွဲ့ရတဲ့ သူတောင် အငိုက်မိသွားကာ ရည်ရွယ်ထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးစီမံချက်၊ သမ္မတ အိမ်မက်ပျက်ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  တပ်မတော်ထိပ်ပိုင်းမှာ နေခဲ့တဲ့လူနဲ့ ပေါင်းလုပ်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အကောင်အထည် ဖေါ်တာဘဲ လို့မှတ် ယူကြိုဆိုကြတဲ့ ပြည်သူလူထုနဲ့နိုင်ငံတကာက အံ့သြဝမ်းနည်းကာ ပုံရိပ်ထိခိုက်သွားစေပါတယ်။

၂ရ။ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်၊ မယုံကြည်ရ ဆိုပြီး ပြင်ဆင်ပြောလာတယ်၊ အနောက်နိုင်ငံတွေဆီ သွားတဲ့ ဦးသိန်းစိန်နောက်ပိုင်းခရီစဉ်တွေမှာ လိုက်လျောမှူ၊ ဖြည် လျော့မှူတွေ သိပ်မလုပ်ဖို့ အကောင်းသိပ်မမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဟန့်  လာပါတယ်။ သူမက ဦးရွှေမန်းလို လူပုဂ္ဂိုလ်ကို အခြေခံတဲ့ ချဉ်းကပ်ဆက်ဆံရေး နည်းဗျူဟာကို ကျင့်သုံးလာတယ်။ ဦးရွှေမန်းကို ကိုင်ထားရင် တပ်ကို ထိမ်းချုပ်လို့ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ထင်နေဟန်တူပါတယ်။ အဖွဲ့အစည်းကို စည်းရုံးရေး အဓိကထားရမှာ မေ့နေတာလား၊ လက်မခံတာလား ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အသိဆုံးဖြစ်ပါတယ်။ တပ်ချုပ်က စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့တွေ့ဆုံပွဲမှာ သမ္မတလုပ်မဲ့သူ ဟာ တပ်မတော်ကို နားလည်တဲ့ သူဖြစ်ရင် ပိုကောင်းမှာဘဲလို့ ဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က RFA နဲ့တွေ့ဆုံခန်းတခုမှာ စစ်တပ်ထိပ်ပိုင်းက လူတွေနဲ့ ထိတွေ့ဖို့ကြိုးစားပေမဲ့ သူတို့ဘက်က စိတ်ပါ လက်ပါမရှိဘူးလို့ ပြောသွားပါတယ်။ ဒါဆိုရင် တပ်မတော်ရဲ့  သဘောသဘာဝကို နားလည်ဟန် မတူသေး ဘူးလို့ ဆိုရပါမယ်လို့ တပ်မှူးကြီးတချို့က တုန့်ပြန်ခဲ့ကြပါတယ်။

၂၈။ တပ်ချုပ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်တွေ့ဖို့ မဆိုထားနှင့် အခမ်းအနား ပွဲတော်၊ သာရေးနာရေး၊ လူမှူရေးပွဲတွေမှာ အလွတ်သဘောတွေ့ရင်တောင် ပါတီနဲ့ အစိုးရအတွင်းက သဘောထား တင်းမာသူများက တပ်ချုပ်တို့  ပါဝါရှယ်ဖို့ကြိုစားနေပြီ လို့အချွန်နဲ့မ ကြဖို့ရှိပါတယ်။ လျှို့ဝှက်လုပ်ပေမဲ့ ဘေးကစောင့်ကြည့်နေတဲ့ တပ်၊ ရဲအဖွဲ့အစည်းတွေက သတင်းပို့တာ မြန်သလား မမေးပါနဲ့၊ ကွန်ယက် တည်ဆောက်ထားတာမို့ ထိပ်ပိုင်းလူကြီးဆီ သတင်းရောက်မြန်တယ်။ ဦးရွှေမန်းလှူပ်ရှားချက်တွေ အိပ်ဆေး သောက်တာကအစ ဟုတ်တာရော မဟုတ်တာရော သိကုန်တာ အင်တာနက်ပေါ်အထိ ကမ်းကုန်အောင် သတင်းမြန်ပါတယ်။ ဒါပေမဲ့ တရားဝင်ထိပ်သီးဆွေးနွေးပွဲမှာ တပ်ချုပ်ဟာ အမ တဦးသဖွယ် လေးစားမှူ ပြသပေးခဲ့ပြီးဖြစ်တယ်။ လေ့လာနိုင်ဖို့ တပ်ချုပ်ဖြစ်လာတော့မဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဆိုရင် တိုင်းရင်းသား နယ်မြေမှာ ပြည်သူလူထုက နစ်နာတာ တင်ပြခဲ့လို့ အောက်ကရစ်နေတာကို ပယ်ဖျက်ပြီးလုပ်ပေးခဲ့ပါတယ်။

၂၉။ တပ်မတော်မှာ စစ်စည်ကမ်းဖေါက်မှူ ပုဒ်မ(၆၅)ဆိုတာ နောက်ဆုံး ဘာမှ အပြစ်ရှာလို့မတွေ့ရင် အရာရှိတဦးဟာ မသင့်မလျော်ပြုမူနေထိုင်မှူဆိုတဲံ့ အမြင်ကပ်ပုဒ်မနဲ့ ထောင်ကျသွားတဲ့အရာရှိတွေ မနည်း တော့ပါ။ နမူနာတင်ပြရရင် အရာရှိတစ်ဦးဟာ အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးပါတီဝင်တဦး ကျောင်းနေဘက် သူငယ်ချင်းက ခင်မင်လို့ဆိုကာ ထမင်းစားပွဲကို ဖိတ်ရင် အထက်အရာရှိကို ခွင့်တောင်းရမှ အပြစ် လွတ်ပါတယ်။ နယ်စပ်ဖြတ်ပြီး နိုင်ငံခြားကို ယောင်္ကျားမပါဘဲ မိသားစုလည်ပတ်ရင်တောင် ရောဂါတက်ပါတယ်။ ဒကစမှူး ဗိုလ်မှူးချုပ် (နောင်ဒုဗိုလ်ချုပ်ကြီး) ကျော်ဝင်းရဲ့ဇနီး စပွန်ဆာရှိလို့ နယ်စပ်ဖြတ်ပြီး ဘန်ကောက်ကို တိတ်တိတ်လေးသွားလည်ချိန်မှာ သတင်းတက်သွားလို့ စစ်ရုံး မှာရှိတဲ့ဦးသိန်းစိန်က စာရေးသူရဲ့ တပ်ရင်းမှူး ထံ ဖုံးဆက်လာပြီး ခင်ဗျားဒကစမှူးကို သတင်းပို့ ချက်ခြင်းပြန်ခေါ်ခိုင်းပါတယ်။

၃၀။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို ဘယ်လိုလုပ် စည်းရုံးလို့ရမှာလဲ မေးစရာရှိပါတယ်။ တကူးတက တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော်မှာ ထမင်းစားဖိတ်တာမျိုးထက် စည်ရုံးနိုင် တဲ့အခွင့်အလမ်း အခြေအနေပေးနေတာတွေ ရှိလျှက်နဲ့ဒေါ်အောင်ဆန်းစုကြည် လက်လွှတ်ဆုံးရှူံးခဲ့ပါတယ်လို့ တပ်ထဲက အချို့က သုံးပ်ပါတယ်။ သူရဲကောင်းစစ်သည်ဗိဗ္မာန် အခမ်းအနားတက်ရောက်သင့်ရက်သားနဲ့ ဝိနည်းလွတ် မအားချင်ယောင်ဆောင်ခဲ့ပါတယ်။ ဆရာတော်ကြီးတွေ ကိုယ်တော်တိုင် ကြွရောက်အားပေးပြီး ကိုကျော်သူ၊ ဇာဂနာတို့တောင် အားပေးတဲ့ ကိုးကန့်တိုက်ပွဲမှ ဒဏ်ရာရစစ်သည်တွေရှိတဲ့ ဆေးရုံကို ဘာကြောင့် အားမပေးရတာလဲ ဆိုတာ စဉ်းစားရကြပ်လှပါတယ်လို့ ဆိုကြပါတယ်။ မာနရှိလို့ (ဝါ) စစ်တပ်ကို ချဉ်ချဉ်ခါးခါးမုန်းနေတဲ့ hard liner တွေနဲ့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှူခံရမှာ ဒေါ်အောင်ဆန်းစုကြည် ကြောက်နေတယ် ဆိုရင်တော့ တပ်မတော်ကို ခင်ပါတယ်၊ ဗိုလ်ချုပ်သမီး ဆိုတာဟုတ်ရဲ့လား ဆိုတာ သံသယ ပိုခိုင်မာစေပါတယ်လို့ သူတို့က တုန့်ပြန်ကြပါတယ်။

၃၁။ နောက်ဆုံး ရေဘေးဒဏ်ခံနေရပြီး တပ်ရင်းဂိတ်မြှပ်နေတဲံ့ တပ်ရင်းတရင်းရဲ့ တပ်မိသားစုတွေကို အားပေးတဲ့ သတင်း အင်တာနက်ပေါ် တင်လိုက်ရင် တပ်မတော်တခုလုံး တုန်ခါသွားပါလိမ့်မယ်။ အောက် ခြေသားသမီးတွေကို စောင့်ရှောက် အားပေးတဲ့ မည်သူမဆို စစ်တပ်ထိပ်ပိုင်းလူကြီးတွေက ဝမ်းမြောက် ဝမ်းသာ မေတ္တာရောင်ပြန်ဟပ်ပါလိမ့်မယ်။ တပ်မတော်ထိပ်ပိုင်းလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေး ထိတွေ့ဖို့ အခြေအနေ သူတို့က ကြိုးစားလာပါလိမ့်မယ်။ ဒီလိုပြောလိုက်ရင် အထက်နားက တင်ပြထားတဲ့ အချွန်နဲ့ မတာဖြစ်မှာစိုးလို့   တပ်ကလူကြီးတွေ မတွေ့ရဲဘူး ဆိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ ကာ မေးစရာဖြစ်လာပါတယ်။ အောက်ခြေတပ်မတော်သားတွေ ဆင်းရဲဒုက္ခ ရေဘေးကြုံတွေ့နေတာကို လူသားချင်းစာနာစိတ် နဲ့ကူညီတဲ့ ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်ထိပ်ပိုင်းက လက်ခံကြိုဆိုကျေးဇူး တင်ဝမ်းမြောက်နေတာကို မုဒိတာမပွားတဲ့ပါတီကနဲ့ အစိုးရထဲက အဲသည်လိုလူတွေကို “မင်းတို့ စစ်သားဘဝမေ့သွားပြီလား …” ဆိုတဲ့စကားနဲ့  ပွဲပြီး သွားပါလိမ့်မယ်။ ဒီထက်ဆိုးလာရင် တပ်ကို ပြန်နင်းတဲ့လူ လို့စွပ်စွဲပြီး သေနတ် ပြောင်းဝ ပြောင်းပြန်လှည့်သွားပါလိမ့်မယ်။ နှစ်ဘက်စလုံးက လူပုဂ္ဂိုလ်ထက် အဖွဲ့အစည်းပုံစံမျိုး ဆက်ဆံတာဖြစ်တော့ ပါတီနဲ့  အစိုးရ စွပ်စွဲဖို့ခက်ပါတယ်။

၃၂။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုချင်တာက အမျိုးသားရင်ကြားစေ့ရေး အဓိက သော့ချက်ဟာ ယုံကြည်မှူတည်ဆောက်ရမှာကို နားလည်တယ် ထင်ပေမဲ့ တည်ဆောက်တဲ့အခါ ရိုးသားပွင့်လင်းမြင်သာမှူ အပြင် စွန့်စား မာန်ချမှူကို အခြေခံတဲ့ စည်းရုံးမှူ အရေးကြီးပါတယ်။ စွန့်စားမာန်ချမှူ ဘာလို့ထည့်ရသလဲ ဆိုရင် တပ်မှာ ဖြစ်စဉ် တင်ပြချင်ပါတယ်။ ဦးခင်ညွှန့်ဟာ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေထဲကိုဝင်ရာမှာ လုံခြုံရေးတပ်တွေ ချန်လှပ်ပြီး စွန့်စားမာန်ချကာ သူတို့ကို ယုံကြည်မှူ ပေးဆပ်ခဲ့လို့ အဲဒီတိုင်းရင်းသားတွေဟာ ဦးခင်ညွှန့်ကို ရောင်ပြန်ဟပ်ပြီး သူ့မှ သူ တန်ဘိုးထား ခင်မင်လျှက်ရှိတာ တွေ့ရ ပါတယ်။

၃၃။ ဒီနေ့တပ်မတော်ဟာ ရှင်ကြီးဝမ်းကော၊ ရှင်ငယ်ဝမ်းပါ ဝင်ဖူးနေတာကြောင့် အမိန့်နဲ့ တာဝန်ပေး လို့်သာလုပ်နေရကာ နိုင်ငံရေးကိုစိတ်ကုန်နေပြီး ပြုပြင်ပြောင်လဲရေး အမှန်တကယ် လုပ်ချင်စိတ် ရှိနေလို့ သူတို့အပေါ် ထိတွေဆက်ဆံရေး နည်းဗျူဟာ မှန်ကန်လာရင် နှစ်လိုဖွယ်အားကိုးအားထားပြုတဲ့  (တပ်ထဲ မှာ ခေါ်လေ့ရှိတဲ့ အထက်အကြီးအကဲဇနီးကို အမေလို့ခေါ်နေရာ) ဒေါ်အောင်ဆန်းစုကြည်အား အမေလို့ ခံယူလာရင် တားချိန်တောင်ရမှာမဟုတ်ပါ။ ကျောပိုးအိတ်လွယ် ဘားတိုက်တန်းပြန်သွားပါလိမ့်မယ်။ ၂၅% ထွက်သွားလို့ပြောရင် လူလို မဆက်ဆံတဲ့အတွက် အော်တဲ့သူဘဲ မောယုံဘဲရှိပါတယ်။ အစိုးရသစ် တက် လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန့်မှူကို တပ်က အထူးသတိထား စောင့်ကြည့်နေခဲ့ရာ ယခင် အကြီးအကဲတွေ ပြောထားတဲ့အတိုင်းသာ ဖြစ်နေလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ သူတို့ဆီကသိရပါတယ်။

၃၄။ နောက်ပိုင်း တပ်မတော်ကို ချမ်းမြေ့သာဇံ လူထုပွဲမှာဒေါ်အောင်ဆန်းစုကြည် ဝေဖန်လာတယ်၊ ကချင်ဗိုလ်လောင်းတွေကျဆုံးတော့ ကြေညာချက်ထုတ်ပြီး တပ်မတော်သားတွေ ကျဆုံးဒဏ်ရာရတော ဒေါ်အောင်ဆန်းစုကြည်အားပေးမှူ မရှိတာကို နှိုင်းယှဉ်လိုက်ရင် တပ်မတော်သားတွေရဲ့ နှလုံးသားကို ထိုး ခွဲလိုက်သလို ခံစားရတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် တပ်မတော် ရဲ့ အနာဂတ်ဆက်ပြီး မတွေးရဲအောင် ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးတစ်ဦးက ဝေဖန်သွားပါတယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ တစည ကို မဲမပေးဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တပ်မတော်သားတွေ မဲပေးခဲ့လို့ တာဝန်ကြေခဲ့ပြီးဖြစ်တယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ထံမှ ဘာမျှော်လင့်ချက်မှ မရှိဘဲ အန္တရယ် တွေကြားက မဲပေးတာကိုနားလည်စေချင်တယ်။ ဘာဘဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ နှလုံးသားကို ထိမိအောင်လုပ်နိုင်စွမ်း မရှိတာ ပေါ်လွင်နေပါတယ်။ ဒါကြောင့် အခြေခံဥပဒေ မပြင်ခင် တပ်မတော်သားတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ထားရှိတဲ့အမြင် ပြင်ပေးဖို့ အရင်လိုတယ်လို့သူတို့ က ပြောပါတယ်။

 ၃၅။ သတိထားရမှာက တပ်မတော်အနေနဲ့ ဦးရွှေမန်းသုံးလိုတဲ့ ဖိလစ်ပိုင် ဗိုလ်ချုပ်ရာမိုစ် နည်းဗျုဟာ မဟုတ်ဘဲ အင်ဒိုနီးရှားတပ်သုံး တဆင့်ခြင်း ခွါတဲ့ နည်းဗျုဟာကို လိုလားပါတယ်။ တပ်ကိုယ်စားလှယ်တဖွဲ့ အင်ဒိုနီးရှားကို လေ့လာဖို့ မကြာခင်ကသွားခဲ့ပါတယ်။ အင်ဒိုနဲ့ ချက်မှာတောင် အသွင်ကူးပြောင်းရေးမှာ ပါဝါ ယူထားတဲ့ စစ်တပ်ကို ချက်ချင်း ခွါလို့ မရဘူး ဆိုတာ ဝန်ခံထားတယ်။ အင်ဒိုမှာတောင် သတိထားရလျက်သားနဲ့   အရှေ့တိမော ခွဲထွက်ခွင့်ပေးလိုက်ရတယ်။ မြန်မာနိုင်ငံက သူတို့ထက် ရေမြေသဘာဝ၊ မတူသလို လူမျိုးစုများပြီး ရှူပ်ထွေးကာ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ထက် တိုင်းရင်းသားအကြောင်း ပိုသိတယ် ဆိုတာ လက်ခံသင့်ပါတယ်။ ယခုဆောင်းပါးရေးနေဆဲမှာပင် အပစ်ရပ်စာချုပ်လက်မှတ်ထိုးတဲ့ ကိစ္စ အပေါ်ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ် သဘောထားမှတ်ချက်ပေးလို့ ပြည်တွင်း သတင်းမီဒီယာထံမှ အထင်ကရ ဆောင်းပါးရှင်များက ဝေဖန်သံတွေစီကနဲထွက်ပေါ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့စပ်လျဉ်းပြီး တပ်မတော်နဲ့ပူးပေါင်း တိုင်ပင်ဖြေရှင်းဖို့အထူးလိုအပ်သလို တဖက်ကလည်း တွေ့ဆုံမှူကနေ ရင်းနှီးမှူရရှိကာ မိမိလိုလားတဲ့ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံရေး၊ စည်းရုံးရေးကိုပါ တပါတည်းရယူသွားပါလိမ့်မယ်။ ဒါကြောင့် စစ်ဖက် အရပ်ဖက်ဆက်ဆံရေး တည်ဆောက်တဲ့အခါ အဖွဲ့အစည်းကို အခြေခံတဲ့စည်းရုံးမှူကို လုပ်ဆောင်ရင်း စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် မေတ္တာရင်ခွင်ထဲ ဆွဲသွင်းနိုင်မယ်ဆိုရင် ဖက်ဒရယ်အခြေခံတဲ့ နိုင်ငံတော်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာဖို့ တပ်က လူခင်ရင် မူပြင်ပေးဖို့ ယုံကြည် ထောက်ခံ သွားလိမ့်မယ်လို့ဆိုတာ မျှော်လင့်ပါတယ်။ ညတိုက်ပွဲ အပိုင်း ၅ မှာတင်ပြသွားပါမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts