သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ပြန်လည်တည်ဆောက်ရေးနှင့် မောင်မိုးသူ



မောင်မိုးသူ – ပြန်လည်တည်ဆောက်ရေးနှင့် မောင်မိုးသူ
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၅


ဩဂုတ်လ ၂၉၊ ၂၀၁၅ မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။

မြန်မာနိုင်ငံတဝန်းလုံး ရေကြီးရေလျှံဖြစ်ခဲ့လို့ တိုင်းပြည်နဲ့အဝန်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြပြီးပါပြီ။ လှူဒါန်းကြ၊ အကူအညီပေးကြတဲ့နေရာမှာ စနစ်တကျကြီးတော့ မရှိလှသေးဘူးဆိုတာ တွေ့ရပါ တယ်။ ထားတော့၊ယခု ပြန်လည်ပြုပြင်ရေး၊ ပြန်လည်တည်ဆောက်ရေးက ပိုပြီးခက်ခဲတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် စနစ်တကျ စီမံဆောင်ရွက်နိုင်ဖို့ လိုအပ်သလို ငွေရေး၊ကြေးရေး၊ ဘယ်လိုသုံးစွဲကြမလဲဆိုတာ လိုအပ်ပါတယ်။

ရေကြီးရေလျှံဖြစ်လို့ ငါး၊ပုစွန်ကန်တွေရဲ့ ဆုံးရှုံးမှုတွေကလည်း အလွန်ကြီးမားပါတယ်။ငါး၊ပုစွန်ကန်တွေပျက်စီးသွားလို့ ပြန်လည်ပြုပြင်ရေးလုပ်ဖို့ လိုသလို ငါး၊ပုစွန်မျိုးစိတ်တွေ ဖြန့်ချိပေးဖို့ လိုအပ်ပါတယ်။သည်ကိစ္စမှာ ရေလုပ်ငန်းအသင်းအဖွဲ့နဲ့ မလုံလောက်ပါဘူး။မြန်မာနိုင်ငံအစိုးရအပြင် ပြင်ပနိုင်ငံတကာ အကူအညီပါ လိုအပ်မှာဖြစ်ပါတယ်။ မွေးမြူရေးအတွက် ငါး၊ပုစွန်သားပေါက်တွေ လုံလောက်စွာ ဖြန့်ချိပေးနိုင်ဖို့၊ပျက်စီးသွားတဲ့ မွေးမြူရေးကန်တွေ ပြန်လည်ပြုပြင်ဖို့ အများကြီး အများကြီး လိုအပ်တာဖြစ်ပါတယ်။

ရေကြီးရေလျှံဖြစ်လို့ လမ်းတံတားတွေ ကျိုးပျက်၊ခရီးလမ်းပန်းပြတ်တောက်လို့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးနေခဲ့ရပါတယ်။ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။သည်ကြားထဲမှာ ဒေါ်လာဈေး က ၁၃၀၀ တစ်ဝိုက်အထိ တက်သွားလို့ ကုန်ဈေးနှုန်းကြီးမြင့်မှုက ရပ်တန့်လို့ မရနိုင်သလိုဖြစ်နေပါတယ်။

ဒေါ်လာဈေးမြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျခြင်းဟာ နိုင်ငံတကာနဲ့ ရောင်းဝယ်မှုမှာ ထိခိုက်သလို နယ်စပ်ကုန် သွယ် ရေးမှာလည်း အများကြီး ထိခိုက်နစ်နာမှု ဖြစ်ရပါတယ်။ သည်ဒေါ်လာဈေးတက်မှုဟာ အာဏာရပါတီ ထိပ်ပိုင်း အပြောင်း အလဲကြောင့်လည်း တစ်စိတ် တစ်ဒေသပါဝင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်းရှိပါတယ်။

ဖြစ်ခဲ့တာတော့ ဖြစ်ခဲ့ပြီ။လမ်းတံတားတွေ ပျက်စီးခဲ့တာတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ပြန်လည်ပြုပြင် တည်ဆောက်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ပစ္စည်းပစ္စယနဲ့ ငွေရေးကြေးရေး အများကြီးလိုအပ်တာ ဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာ နည်းပညာကျွမ်းကျင်မှု၊အတတ်ပညာရှင်တွေလည်း အများကြီးလိုအပ်တာ ဖြစ်ပါတယ်။

သည်ကိစ္စတွေကို အဓိကဆောင်ရွက်ရမှာကတော့ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ လမ်းတံတားဆိုင်ရာဌာနတွေ ဖြစ်ပါ တယ်။

ယနေ့ ယခုဖြစ်ပေါ်နေတဲ့ လမ်းတံတားပျက်စီးမှုက အစိုးရ လမ်းတံတားဌာနလောက်နဲ့ မလုံလောက်တော့ပါဘူး။ နိုင်ငံတကာ ရဲ့ ငွေကြေးထောက်ပံ့မှု၊ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ နည်းပညာကူအညီတွေ အများကြီး အများကြီးလိုအပ်တာ ဖြစ်ပါ တယ်။

ယခုအခါမှာ နိုင်ငံတကာ ကူညီထောက်ပံ့မှုငွေတွေကို အချိုးကျခွဲဝေသုံးစွဲလုပ်ကိုင်ကြမယ်လို့ သိရပါတယ်။အဲသည်လို ခွဲဝေသုံးစွဲရာမှာ စနစ်တကျရှိဖို့၊ထိရောက်ဖို့၊အဖိတ်အစဉ်မရှိဖို့နဲ့ အိတ်ထဲထည့်သွားတာမျိုးတွေ မဖြစ်ဖို့ အများကြီးလိုအပ်ပါ တယ်။ လမ်းတံတား တည်ဆောက်ရာမှာကိုက လမ်းတံတားတည်ဆောက်ကြသူများသာ ကြီးပွားချမ်းသာကုန်ကြပြီး လမ်းတံ တား တွေကတော့ ပြည့်ပြည့်ဝဝ ကောင်းမလားဘူးဆိုတဲ့ အသံတွေ ပွက်လောညံအောင် ကြားနေရပါတယ်။ယခု ပြန်လည်ပြုပြင် တည်ဆောက်ရမယ့် နေရာတွေမှာလည်း နည်းပညာ၊ အတတ်ပညာရှင်တွေ၊ပစ္စည်းပစ္စယတွေ ပြည့်စုံဖို့၊ ငွေရေး ကြေးရေး ပြည့်စုံဖို့ လိုအပ်သလို အဖိတ်အစဉ်မရှိ စနစ်တကျ သုံးစွဲ ပြုပြင်ကြဖို့ အထူးလိုအပ်လှပါတယ်။

မောင်မိုးသူတို့ ရန်ကုန်မြို့ လမ်းပန်းယာဉ်ကြောကျပ်တည်းလာမှုတွေကို ဖြေရှင်းဖို့ ခုံးတံတားတွေ ဆောက်လုပ်ခဲ့ပါတယ်။ ပြီးစီးတာတွေ ပြီးစီးပြီး အသစ် အသစ် ခုံးတံတားသုံးခုလုပ်ဖို့လည်း စီမံပြင်ဆင်နေတာ တွေ့ရပါတယ်။ ပြီးစီးခဲ့တဲ့ ခုံးတံတား တွေကြောင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်သလားဆိုတော့ လက်တွေ့အားဖြင့် မဖြေရှင်းနိုင်ဘူးဆိုတာ တွေ့ရပါ တယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ ကုန်ဆုံးရမှုတွေရှိသလို လုပ်ကိုင်ခွင့်ရတဲ့သူတွေ ကြီးပွားကြတယ်လို့ သတင်းတွေ ထွက် ပေါ်ခဲ့ပါတယ်။

ခုံးတံတားဆိုတာ တကယ်တော့ တစ်ပွဲတိုး၊ထုံးမန်း ဆေးမြီးတိုသာဖြစ်ကြောင်း သိနားလည်သင့်ပါတယ်။ လုပ်သင့်လုပ်ထိုက် တာက ကမ္ဘာတစ်ဝန်းကလို နှစ်ထပ်လမ်းတွေ ဆောက်လုပ်တာ၊ မိုးပျံလျှပ်စစ်ရထားတွေ၊ရထားလမ်းတွေ တည်ဆောက်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒါတွေက နိုင်ငံတကာ အကူအညီမပါဘဲ မဖြစ်နိုင်ပါဘူး။

ဟားခါးမှာ မြေတွေပြို၊အိုးအိမ်တွေ ပျက်စီးခဲ့တာဆိုရင် မြို့ရွာဒေသကြီး ခြောက်နေရာလောက်ကို ပြောင်းရွှေ့တည်ဆောက်ဖို့ လိုအပ်ကြောင်းသိရပါတယ်။ အဲသည်လို ပြုပြင်တည်ဆောက်ဖို့ဆိုရင် တည်ရှိနေတဲ့ မြေနေရာတွေကို စနစ်တကျလေ့လာဖို့ ကျွမ်းကျင်လှတဲ့နည်းပညာရှင်တွေ လိုအပ်သလိုစနစ်တကျ တည်ဆောက်ဖို့ နိုင်ငံတကာအကူအညီတွေ အများကြီးလိုအပ်မှာ ဖြစ်ပါတယ်။

အိုးအိမ်တည်ဆောက်ကြရာမှာ မြန်မာ့ရိုးရာအတိုင်း သစ်ဝါးတွေနဲ့ တည်ဆောက်နေကြရာက ဖိုင်ဘာတို့ အခြားအစားထိုး ပစ္စည်းတွေ သုံးစွဲတတ်လာဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဓနိမိုး၊ သက်ကယ်မိုးအစား သွပ်မိုး၊ အုတ်ကြွပ်မိုး၊ ဖိုင်ဘာမိုးတွေ အစားထိုး အသုံးပြုလာတာမျိုး ဖြစ်ပါတယ်။

အဲသည်လို အစားထိုးအသုံးပြုကြရာမှာလည်း စနစ်တကျ စီမံထုတ်လုပ်မှုလုပ်ကြမယ်ဆိုရင် သစ်ဝါးဆုံးရှုံးမှုလည်း ကာကွယ် နိုင်၊ ငွေကုန်ကြေးကျလည်း သက်သာနိုင်ပါတယ်။ တည်ဆောက်ရာမှာလည်း မြန်ဆန်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ အဆောက်အအုံ၊အစိတ်အပိုင်းပစ္စည်းများကို ထုတ်လုပ်ပြီး စရွေးကိုက်တပ်ဆင်ရုံနဲ့ အဆင်ပြေနိုင်တာဖြစ်ပါတယ်။သည်ကိစ္စလည်း စိတ်ရင်းစေတနာမှန်ကန်တဲ့ အစိုးရက နိုင်ငံတကာကျွမ်းကျင်တဲ့ ပညာရှင်၊ငွေရှင်တွေနဲ့ ညှိနှိုင်း အကူအညီတောင်းရမှာ ဖြစ်ပါတယ်။

ပြန်လည်ပြုပြင်ရေးမှာ အရေးပါတဲ့ ကိစ္စတစ်ခုကတော့ ရေကြီးရေလျှံဖြစ်ခဲ့လို့ လယ်ယာတွေ ရေဖုံးလွှမ်းပျက်စီးခဲ့ကြကာ စိုက်ပျိုးဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးရမှုတွေကို ပြန်လည်ပြုပြင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။

ငွေကုန်ကြေးကျလည်း အလွန်များမှာ ဖြစ်ပါတယ်။ သည်ကိစ္စမှာလည်း ရေလွှမ်း၊ နုန်းတွေ၊ သဲတွေ ဖုံးလွှမ်းခဲ့တဲ့ လယ်ယာ မြေတွေကို ပြန်လည်ပြုပြင်ဖို့ လိုအပ်သလို ပြုပြင်ပြီးချိန်မှာ အသစ်စိုက်ပျိုးကြဖို့၊မျိုးတွေ ဖြန့်ဝေဖို့၊စိုက်ပျိုးရေး နည်းပညာတွေ ဖြန့်ဝေဖို့ အလွန်လိုအပ်ပါတယ်။ယခုမှ စိုက်ပျိုးရမယ့် သီးနှံဟာ ရာသီမမီ၊ မိုးရွာသွန်းမှု ရှိနိုင် မရှိနိုင်၊ သီးနှံစိုက်ပျိုးပြီးချိန် အောင်ရေရနိုင် မရနိုင်စတဲ့ ပြဿနာတွေ အများကြီးကို မိုးလေဝသဌာန၊ စိုက်ပျိုးမှုကျွမ်းကျင်တဲ့ နည်းပညာရှင်တွေ အထူးလို အပ်ပါတယ်။ ဟိုရှေးယခင်က နည်းဟောင်းကြီးဖြစ်တဲ့ စိုက်ပျိုးရေးစရိတ် ထုတ်ချေးတာလောက်နဲ့ မဖြစ်နိုင်တော့ပါဘူး။

ရေဘေးအလွန် ပြန်လည် ပြုပြင်တည်ဆောက်ရေး အလုပ်တွေက အများကြီးမှ အများကြီး ဖြစ်ပါတယ်။ အဲဒါတွေကို နိုင်ငံ တကာအကူအညီ မယူဘဲ မရဘဲ လုပ်ဆောင်နိုင်မှာ မဟုတ်သလို စိတ်ရင်းစေတနာမှန်ပြီး စနစ်တကျ အယိုအဖိတ်မရှိ အောင် စီမံခန့်ခွဲ လုပ်ဆောင်နိုင်မှုကလည်း အလွန်တရာမှ အရေးကြီးလှကြောင်းပါ။

ပြန်လည်တည်ဆောက်ရေးနှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts