ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) အတွေးအမြင်

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – အပြစ်တွေနဲ့ အပြစ်ဖြေကြစို့

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – အပြစ်တွေနဲ့ အပြစ်ဖြေကြစို့ 

(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၅

ဖေ့စ်ဘုတ်မှာ အတိတ်ကအမှားတွေကို ဖွင့်ဟဝန်ခံထားတဲ့စာလေးတွေ နဲနဲဖတ်ရလို့ အကြံပေးပါရစေ..။ မြန်မာတိုင်းရင်းဆေးမှာ-အဆိပ်ဖြစ်စေတဲ့ အမြစ်,အဥ,အသီး,အစေး,သည်းခြေစတဲ့ ပစ္စည်းပေါင်းအမျိုးနှစ်ဆယ်ကျော်တို့ကို သမအောင်စုပေါင်းကျိတ်ချေထားတဲ့ “နန်းတွင်းလျှာပွတ် အဆိပ်ဖြေဆေးကြီး”ဆိုတာ ရှိတယ်။အဆိပ်ပေါင်းစုံကို ဖြေနိုင်,ကုနိုင်ပါတယ်။ သိပ္ပံဆေးလောကမှာလဲ မြွေဆိပ်ကိုပြုပြင်ပြီး မြွေဆိပ်ဖြေဆေးလုပ်တယ်လို့ ကြားဖူးပါတယ်။ အလားတူပေါ့- လောကမှာလဲ အမှားတွေကို စနစ်တကျ အမှန်အကန် စုဆောင်း,စုပေါင်းလိုက်ရင်- နောင်လာနောင်သားများအတွက်- အမှားကာကွယ်,ကုသရေး ဆေးစွမ်းကောင်းတလက် ဖြစ်လာမှာ မလွဲပါဘူး။

ဒီနည်းကို ဘုရားရှင်ကိုယ်တိုင်လဲ စံပြအဖြစ် အသုံးပြုတော်မူခဲ့ပါတယ်။ ဓမ္မစကြာမှာ-အစွန်းတရားနှစ်ပါးဆိုတာ ဘုရားမဖြစ်မီက ကိုယ်တော်တိုင် ကျူးလွန်ခဲ့တဲ့ အမှားနှစ်မျိုးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြလိုက်ထာပဲ မဟုတ်ပါလား။ ဒါရဲ့အကျိုးက-တပည့်သားတွေ ဒီအမှားမျိုး မကြုံရတော့ဘဲ”မဇ္ဈိမပဋိပဒါ”ဆိုတဲ့လမ်းမှန်ပေါ် တိုက်ရိုက် ရောက်သွားစေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ခုအထိ စီမံအုပ်ချုပ်သွားကြတဲ့- စနစ်တွေ,အမိန့်အဏာတွေ,လုပ်ဆောင်ချက်တွေ ဆိုတာ-လက်ရှိ ထွက်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေ အဖြေကိုကြည့်လိုက်ရင်..တက်တက်စင် အမှားတွေ ဖြစ်တယ်ဆိုတာ လာမှဆင်ခြေပေးနေစရာမလိုပါဘူး။ (ကိုယ့်အိပ်ထဲ ပြည့်နေ့တာကိုမကြည့်ဘဲ နိုင်ငံတောကြီး အဘက်ဘက်က ချိနေတာကို ကြည့်ပါ) လူဆိုတာ မှားယွင်းတာကို ဒေါသကြော မရှည်တတ် ပါဘူး။ မှားတာကို ဘယ်လိုပဲထောက်ပြပြ အမှားလို့ မမြင်ရင်တော့ ဒေါသဖြစ်တတ်တယ်။ မှားမှန်းသိပေမယ့်”ကိုယ်လုပ်သမျှ အမှန်”ဆိုပြီး ဆက်မှားနေရင်တော့ ဒေါသကပြင်းထန်လာပြီး “ရန်ငြိုးအာဃာတ”အထိ ဖြစ်သွားပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ”တော်လှန်ပုံကန်ခြင်း”ဆိုတာ ဖြစ်လာတတ်တာပါ။ ခေတ်အဆက်ဆက်မှာ အမှားလုပ်ရပ်တွေထဲ ကိုယ်တိုင် တာဝန်ရှိသူအဖြစ် ထဲထဲဝင်ဝင် ပါခဲ့သူများအနေနဲ့- ဒီအမှားတွေကို-ဘယ်လိုအခြေအနေမှာ, ဘယ်လိုအတွေးအမြင်မှားတွေပေါက်ပြီး ဘာတွေ,ဘာ့ကြောင့်,ဘယ်လို,ဘယ်လောက် မှားခဲ့ကြတယ်။ ဒီအတွက် ဘယ်လောက်နစ်နာကြတယ်ဆိုတာတွေကို ပွင့်ပွင်လင်းလင်း ဝန်ခံရေးသားကြရင်- အမှားကိုဝန်ခံတဲ့အတွက် ပြည်သူကလဲ ခွင့်လွှတ်လာကြမှာ မလွဲပါဘူး။ နောင်လာနောင်သားတွေလဲ- ရှောင်နိုင် ရှားနိုင်တာပေါ့။

(အရင်က ရက်စက်,သတ်ဖြတ်မှုတွေအားလုံးကို အဓိကဦးဆောင်ခဲ့သူတဦးက သူ့အကြောင်း နဲနဲပါးပါးဝန်ခံထားတဲ့စာတအုပ်ကို ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးပြီး ခုဆို သူ့အပေါ် သနားနေသူတွေတောင်ရှိလာတာ အားလုံး အသိပဲမဟုတ်လား)

ဒါကြောင့်ဗျာ.. မှားယွင်းခဲ့ကြသယများအနေနဲ့ ကိုယ့်အမျိုး,ကိုယ်ဘာသာကို ဆက်လက်တည်တန့် စေလိုတဲ့စေတနာလေး (နဲနဲပဲဖြစ်ဖြစ်) ထားကြသေးရင်..ပွင့်လင်းမြင်သာ ဖွင်ဟရေးသားပေးစေချင်ပါတယ်။

အဇာတသတ်မင်းကြီးက သူ့အမှားတွေ ဘုရားထံမှာ လာရောက်ဝံခံတော့-ဘုရားရှင်က- “မင်းမြတ်..ဘယ်သူမဆို အပြစ်ကို အပြစ်လို့မြင်ပြီး ဝန်ခံမယ်၊ တရားနဲ့အညီ ကုစားမယ်၊ နောင်-ဒီအပြစ်မျိုး မဖြစ်စေရလို့စောင့်စည်းမယ်ဆိုရင်.. အရိယာ(ဘုရားရှင်)တို့ရဲ့သာသနာတော်အရ တိုးတက်ကြီးပွားဖို့ပဲရှိပါတယ်.”လို့မိန့်ကြားတော်မူပါတယ်။

ဒီအတွက်-အဇာတသတ်မင်းကြီးဟာ- အဖသတ်ကံကြီး ကျူးလွန်ခဲ့ပေမယ့် “အဝီစိငရဲ”ကျရမယ့် ဘေးကြီးကလဲ လွတ်သွားတယ်။ လတ်တလောကြုံတွေ့ခံစားနေရတဲ့ အပူတွေလဲ ကင်းလွတ်သွားတယ်။ နောင်အခါ-“ဝိဇိတာဝီ”ဆိုတဲ့ပစ္စေကဗုဒ္ဓဘုရား ဖြစ်မယ်ဆိုတဲ့ နိယတဗျာဒိပ်ကိုတောင် ရရှိသွားပါတယ်။

အပြစ်တွေကိုဝန်ခံပြီး အပြစ်ဖြေတယ်ဆိုတာ ရဟန်းတော်များရဲ့ ယဉ်ကျေးမှုမှာတော့- ဂုဏ်ယူဝမ်းမြောက်စရာ လုပ်ငန်းကြီးတခုပါ။ နံနက်လင်း အိပ်ရာကနိုးပြီးတာနဲ့ တပြိုင်နက် “ဒေသနာ ကြားကြတယ်”ဆိုတာ- ဂုဏ်ယူဝမ်းမြောက်စွာ အပြစ်ဝန်ခံပွဲ လုပ်ကြတာပါ။ အပြစ်များဝန်ခံပြီး အပြစ်ဖြေပွဲ ရဲရဲဝံ့ဝံ့ လုပ်ပေးကြပါ..! ကိုယ်လဲ အပြစ်ပြေ၊နောင်လာနောင်သားတွေလဲ အပြစ်ကင်းတော့- နိုင်ငံတော်ကြီး တိုးတက်ရှင်သန် တည်တန့်နိုင်တာပေါ့..။

မပ္ပမာဒေန သမ္ပာဒေထ.!

၀၈.၂၄.၁၅။

မေတ္တာနန္ဒဝိဟာရ၊ဖရီးမောင့်၊ဆန်ဖရန်၊ယူအက်စ်အေ။

ဆရာတော်၏ ဖေ့စ်ဘွတ်စာမျက်နှာ – https://www.facebook.com/profile.php?id=100009267797242 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts