ဦးလှနဲ့ ဒေါ်ခင်မျိုးချစ်တို့ကလည်း ကျွန်မနဲ့ဦးလှ မသိခင်ကတည်းက အသိအကျွမ်းဖြစ်နေကြပါတယ်။ ကျွန်မလည်း နေရှင် နယ်ကျောင်းထွက်၊ သူလည်း နေရှင်နယ်ကျောင်းထွက်။ ဒါပေမယ့် သူနဲ့ကျွန်မ ဘယ်ကျောင်းမှာမှ မတွေ့ခဲ့ဖူးဘူး။ ဦးလှနဲ့ ကျတော့ ဒေါ်ခင်မျိုးချစ်က ရန်ကုန်မှာ လူငယ်များ ကြီးပွားရေးအသင်းကကျင်းပတဲ့ စကားရည်လုပွဲတစ်ခုမှာ ဒေါ်ခင်မျိုးချစ် ဝင်စကားပြောတဲ့ဓာက်ပုံ ကျွန်မဆီမှာ ရှိတယ်လေ။ ဦးလှယူလာတဲ့ ဓာတ်ပုံပေါ့။
ဒေါ်ခင်မျိုးချစ်နဲ့ ဦးခင်မောင်လတ်တို့ အိမ်ထောင်ပြုကြတာ ကျွန်မတို့နဲ့ တစ်နှစ်တည်းပါပဲ။ သူတို့နှစ်ယောက်နဲ့ ကျွန်မတို့နှစ် ယောက် ကျင်လည်ကြတဲ့ ဘဝတွေက တစ်ဦးနဲ့တစ်ဦး ဝေးကြတာမှ မဟုတ်ဘဲကလား။ အဲဒီတော့ နဂိုက ခင်မင်ရင်းစွဲတွေမို့ တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်မှုက အလိုလို ဖြစ်လာတော့တာပေါ့။
ကျွန်မ မှတ်မိသေးတယ်။ တစ်ခါတော့ သူတို့လင်မယား မန္တလေးကိုလာကြတယ်။ ကျွန်မတို့က ထမင်းကျွေးတော့ ကျွန်မ ကျွေးတဲ့ ဟင်းစပ်က ထမင်းမြိန်ကြလွန်းလို့တဲ့၊ ထမင်းစားပြီးတဲ့အခါ လင်မယားနှစ်ယောက် ထိုင်မနေနိုင်လို့ အိမ်ပေါ်မှာ လမ်းလျှောက်နေကြရတယ်။ ကျွန်မက ဘာနဲ့ကျွေးတာလဲ မေးပါဦး။ နှမ်းဖတ်ချဉ်သုပ်နဲ့ ဘူးသီးနဲ့ ကြက်သားပြွန်း ဟင်းနဲ့ပါ။ ဒီထမင်းစားပွဲအပြီးမှာ သူတို့ကလည်း ပြောလို့မဆုံး၊ ဝမ်းသာလို့မပြီး၊ ကျွန်မတို့ကလည်း ပျော်လို့ရွင်လို့၊ နောက် လာခဲ့ကြဦး နော်လို့ မှာရတာ အထပ်ထပ်။
ဒေါ်ခင်မျိုးချစ်ပန်းခြံထဲမှာ ပန်းပင်တွေနှိုက်ရင်းနဲ့ တစ်နေ့တော့ ပိုးကောင်တစ်ကောင်က မျက်နှာကို ဝင်ကိုက်သွားလို့တဲ့။ သူ့ မျက်နှာ နီပြီး ရောင်နေရစ်တယ်။ အဲဒီပိုးကိုက်ရာဟာ မပျောက်ဘဲနဲ့ တစ်နေ့တစ်ခြား ဆိုးဝါးလာလိုက်တာ အနာကြီးရောဂါနဲ့ တူတူလာပြီး ဒီရောဂါဟာ သေရာပါရှာပါရောလား။
သူ မကျန်းမာနေတော့လည်း ကျွန်မက လူကြုံရှိရင် သူကြိုက်တဲ့ အညာစာ၊ မန္တလေးစာကလေးတွေကို ထည့်ထည့်ပို့တယ်။ ပို့တိုင်း သူ့ဆီက စားလို့ဘယ်လိုကောင်းတာ၊ ဘယ်လိုမြိန်တာဆိုတဲ့ သတင်းရတယ်။ သူ့မွေးနေ့ဆိုရင်လည်း ကျွန်မက လူမ သွားနိုင်ပေမယ့် သူ့ဆီကို သတိတရ စာအမြဲတမ်းရေးတယ်။ သူ့စာအုပ်ထွက်ရင် ဘာထွက်ထွက် ကျွန်မတို့ဆီကို အမှတ်တရ သူကပေးသလို၊ ကျွန်မတို့ကလည်း စာအုပ်ထွက်ရင် သူတို့လင်မယားကို မမေ့ဘူး၊ ပို့တာချည်းပါ။
ဒေါ်ခင်မျိုးချစ် အိပ်ရာကျောကပ်ဖြစ်တာ တော်တော်ကြာပါပြီ။ အဲဒီကာလအတွင်း ကျွန်မ သူ့ဆီကို သုံး ခေါက်ပဲရောက်ပါတယ်။ ရောက်တဲ့အခေါက်တိုင်း သူ့ကြည့်ရတာ နာလန်ပြန်ထူမယ် မထင်ဘူးလို့ အောက်မေ့ ခဲ့တာချည်းပဲ။ ဦးခင်မောင်လတ်ကတော့ ကျန်းလည်းကျန်းမာတယ်။ သူ့ဇနီးကိုလည်း ကြင်ကြင်နာနာ စိတ်ရှည် လက်ရှည် ပြုစုရှာတယ်။ တစ်နေ့တော့ လူမမာကို ပြုစုနေတဲ့ ဦးခင်မောင်လတ် ရုတ်တရက် ဆုံးသွားတယ်လို့ သတင်းကြားရတော့ ကျွန်မကို အံ့သြလို့။ လူ့ဘဝဆိုတာများ ဆန်းလိုက်တာ။ မထင်တာလဲ ဖြစ်တာပဲနော်လို့လည်း အောက်မေ့မိတယ်။ ပြီးတော့ ယဲ့ယဲ့ရှိရှာတဲ့ ဒေါ်ခင်မျိုးချစ်တစ် ယောက်တော့ ကြွေရှာတော့မယ်လို့ အောက်မေ့ပြီး သူ့သတင်းကို မကြားချင်ပေမယ့် ကြားရခါနီးပြီလို့ ထင်ခဲ့တယ်။
အဘိုးကြီး အဘွားကြီး လင်မယားနှစ်ယောက် ရှိကြရင် တစ်ယောက်သေမင်းနောက်လိုက်သွားရရင် ကျန်တစ်ယောက်က ကြာကြာအသက်ရှည်ပြီး ကျန်မနေရစ်တက်ဘူး။ ကျန်းမာရေးကောင်းနေသေးတယ်ဆိုပေမယ့် စိတ်ဓာတ်ကျပြီး သေရာ လိုက်ကြတာပဲ။ ကြာကြာတစ်ယောက်တည်း မနေရစ်တက်ဘူး။ ဒါကြောင့် မမာနေရှာတဲ့ ဒေါ်ခင်မျိုးချစ်အတွက် ကျွန်မက ကြောင့်ကြတယ်။
နို့ပေမယ့် ဒီလူမမာက အသည်းမာလိုက်တာ၊ အံ့မခန်းလိလိ။ ဦးခင်မောင်လတ် ဆုံးပြီးတဲ့နောက် နှစ်နှစ်ကျော် သူက အ သက်ရှည်နေပါသေးတယ်။ ဒါကြောင့် ဒေါ်ခင်မျိုးချစ်လို စိတ်ဓာတ်မာတဲ့အမျိုးသမီးကတော့ ရှာမှ ရှားပါပဲလို့ လက်ဖျားခါ မိပါတယ်။
ကျွန်မကို ဂျပန်ပြည်ရောက် မြန်မာအမျိုးသားတွေက ၁၉၉၈ ခု တုန်းက ကန်တော့ခဲ့သလို သူတို့က “ဒီ ၁၉၉၉ ခုနှစ်မှာ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ကို ကျွန်တော်တို့က ကန်တော့မှာ။ ဒါကြောင့် ဆရာမကြီး ကျန်းမာအောင်၊ အသက်ရှည် အောင်နေပါလို့ ပြောပေးပါ” လို့ မှာပါတယ်။ သူတို့ပြောလို့ ကျွန်မက ၁၉၉၈ ခုမကုန်ခင်တုန်းက ဒေါ်ခင်မျိုးချစ်ဆီကို ဒီ သတင်းပို့တယ်။ သူ အကန်တော့ခံရမှာပဲ။ မမာပေမယ့် အိပ်ရာပေါ်ကနေပြီး အကန်တော့ခံမှာပဲလို့လည်း ထင်တယ်။ နို့ပေမယ့် ၁၉၉၉ ခု နှစ်ဆန်း (၂) ရက်နေ့မှာ သူက ကွယ်လွန်သွားရှာတယ်။
သူဆုံးပြီးဆိုတော့ ရေးဖော်မကြီးတစ်ယောက် ဘဝနိဂုံး အဆုံးသတ်သွားရှာပြီကောလို့ နှမြောလိုက် တာ။ နှမြောတယ်ဆိုတာ ရိုးရိုးနှမြောတာအပြင် သူရေးတဲ့လိုင်း ကိုယ်မရေးနို်င်တာမို့ ပိုပြီး နှမြောရပါတယ်။ အင်္ဂလိပ်လို လူတန်းစေ့အောင် ရေးနိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်မို့ သာလို့ နှမြောမိပါသေးတယ်။
ခု သူသောင်းပြောင်းထွေလာမှာရေးခဲ့တဲ့ ဆောင်းပါးတချို့ စုပေါင်းပြီး စာအုပ်ကလေးလုပ်ထားလို့ အလွမ်းပြေ ဖတ်ကြည့် လိုက်တော့ သူနဲ့ကျွန်မနဲ့ လူချင်းတစ်ခါ ပြန်ဆုံကြပြီး သူပြောနေတာတွေ နားထောင်ရသလို သူ့ဆောင်းပါးတွေက သူ့အ သံတွေ ထွက်နေတယ်လေ။
သူ့ဆောင်းပါးတွေထဲမှာ ကျွန်မတို့ မြန်မာတွေ အင်္ဂလိပ်စာသင်ကြပေမယ့် သင်တဲ့လူတိုင်း တတ်ကြတာမဟုတ်ဘူး၊ တကယ် တတ်ချင်ရင် ဘယ်လိုသင်ကြဆိုတဲ့ အကြံပြုချက်တွေပါတယ်။ သူ့အကြံပြုချက်တွေက တကယ်အဖိုးတန်တာတွေပါ။ ဒါ ကြောင့် လူငယ်လူရွယ်တွေ အင်္ဂလိပ်စာကို အဲဒီလို နည်းမှန်မှန် လမ်းမှန်မှန် သင်ယူတတ်အောင် ကျောင်းသားလူငယ်တိုင်း ဖတ်သင့်ပါတယ်။
ဒေါ်ခင်မျိုးချစ်က မြန်မာစာကိုလည်း တကယ်ဖတ်ခဲ့၊ တကယ်ကျက်ခဲ့တဲ့ အမျိုးသမီးကြီး၊ စာရေးချင်ရင် စာဖတ်လို့ သူပြောတဲ့ ဆောင်းပါးတွေ တကယ်အဖိုးတန်ပါတယ်။
ဒီခေတ်လူငယ်တွေက နိုင်ငံခြားက စာပေအကြောင်းတွေကို ပြောတတ် ရေးတတ်မှ ခေတ်မီတယ်၊ စတိုင်ကျတယ်၊ လူရာ ဝင်တယ် ထင်နေကြတာ၊ နိုင်ငံခြားစားရေးဆရာ၊ ကဗျာဆရာတွေရဲ့ နာမည်တွေကို တည့် ရေးနိုင်ရင် ကောင်းတယ် ထင်ကြတယ်။ ကိုယ့်မြန်မာစာရဲ့ တည်ဆောက်ပြီးသားရှိတဲ့ အမျိုးသားစာပေ အဆောက်အအုံနဲ့ ပတ်သက်လို့ စမ်းတဝါးဝါး ရှိသူက ရှိတယ်၊ ဘာမှန်းကို မသိတယ်လူက မသိဘူး။ ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်စာ အရေးကောင်းတဲ့ စာရေးဆရာမ ကြီးသာဖြစ်တယ်။ ကိုးခန်းပျို့ကို ထုံးလိုချေ ရေလိုနှောက်ထားတာ။ ကိုယ့်မူလဘူတဟာ ဘာမှန်းမသိဘဲနဲ့ သူများကိုသာ အထင်ကြီးနေရင် ကိုယ်ကိုယ်တိုင်က အခြေမခိုင်တာမို့ ခိုင်မြဲတဲ့အလှကို မဖန်တီးနိုင်ပါဘူး။
ဒေါ်ခင်မျိုးချစ် သောင်းပြောင်းထွေလာမှာ ရေးသွားတဲ့ ဆောင်းပါးတွေကို လူငယ်တွေ များများဖတ်စေချင်လှပါတယ်။
သူ့လက်ရာကလေးတွေ စာအုပ်မဖြစ်သေးတာ ကျန်ပါသေးတယ်၊ အများကြီး။ အဲဒါကို သားခင်မောင်ဝင်းနဲ့ သမီး မိမိတို့က စုဆောင်းပြီး စာအုပ်ကလေးတွေဖြစ်လာအောင် ကြိုးစားကြပါဦးလို့ တိုက်တွန်းပါတယ်။
ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့ဟာ လူကောင်းသူကောင်းတွေမို့ ကောင်းရာသုဂတိ လားကြမှာပါ။ ကြုံကြိုက်ရင် မြန်မာ ပြည်သူတွေရဲ့ ပညာအရည်အချင်း မြင့်မားရေးအတွက် ဆက်လက်ရွက်ဆောင်ပေးကြပါဦးလို့ ပန်ကြားချင်ပါတယ်။