ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် အပိုင်း(၁)

 ဗိုလ်ထက်မင်း –  ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် အပိုင်း(၁) 

(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၅

၁။ စာရေးသူအနေနဲ့ ထိပ်သီးခေါင်းဆောင်များ အားပြိုင်နေကြတဲ့ ဆောင်းပါးရေးဖို့ ပြင်ဆင်ဆဲမှာပင် နော်ဝေးနိုင်ငံမှ မိတ်ဆွေတဦးက ဦးရွှေမန်း ဥက္ကဌပြုတ်ခါ နေပြည်တော် ပြည်ခိုင်ဖြိုးဌာနချုပ်အဆောက်အဦး ကို ရဲတွေဝင်စီးနေတဲ့သတင်း သြဂုတ်လ၁၂ရက်နေ့ညသန်းခေါင်ကျော်ကြီး စိုးရိမ်စွာနဲ့ ဖုံးဆက်ပြောလာရာ အံ့သြ သွားခဲ့ရပါတယ်။ စာရေးသူ ရေးလက်စ ဆောင်းပါးကို ဘယ်လို ဆက်ရေးရမှန်းမသိဖြစ်နေကာစာရေး ဆရာဂါမဏိကရီမောစွာနဲ့ ဆက်ရေးဖို့တိုက်တွန်းခဲ့ပါတယ်။ အဲဒီသတင်းနဲ့စပ်လျဉ်းပြီး ဆောင်းပါး၊သုံးသပ် ချက်တွေ မီဒီယာတွေမှာ ပလှူပြန်တက်လာနေရာ စာရေးသူအနေနဲ့မိုးမခမီဒီယာသို့ သဘောထားတောင်း တဲ့အခါ ကြိုဆိုဖိတ်ခေါ်တဲ့အတွက် ခေါင်းစဉ်ပြောင်း ဖြည့်စွက်တင်ပြလိုက်ရပါတယ်။

 ၂။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ရန်ကုန်အစိုးရဟု ခေါ်ရလောက်အောင် ပြည်တွင်းစစ်ဖြစ်ပွါးခဲ့ သလို ယခုအခြေအနေမှာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းကာစ နုနယ်တဲ့အချိန်မှာNLD ပါတီကြီးမှာ ဆန္ဒပြနှုတ်ထွက်တာတွေ၊USDP ပါတီကြီးအတွင်း ထိပ်သီးတွေရဲ့ အားပြိုင်မှူမှသည် ပဋိပက္ခ မုန်တိုင်းအသွင် ဖြစ်လာလို့ ပြည်သူများ စိုးရိမ်ပူပန်နေကြရပါတယ်။ ပြည်သူတွေဟာ ရေဘေးဒဏ်၊ ဘဏ် တွေမှာ ငွေကြေးစုပြုံထုတ်ယူမှူ၊ စားဝတ်နေရေးရုန်းကန်နေရချိန်မှာ လာမည့် ရွေးကောက်ပွဲကို လေ့လာချိန် မရနိုင်တာမို့စဉ်စားချင့်ချိန် ရွေးချယ်မဲထည့်နိုင်ဖို့ ထိပ်သီးတွေရဲ့ အခြေအနေတစိတ်တဒေသကို ဆောင်းပါး ထဲမှာ ရေးသားထားပါတယ်။

 မြန်မာစာရဲ့သဘောအရ အနက်ခွ ဆိုတဲ့အဓိပ္ပါယ်နှစ်မျိုးသက်ရောက်နိုင်သလို personal ဆန်မှူ၊ တဘက်ဘက်ကို လိုက်ရေးသားနေတာ ဖြစ်သွားနိုင်ပါတယ်။ စာရေးသူရဲ့ဆန္ဒအမှန်က ဒီမိုကရေစီလမ်းကြောင်းကို တည်ငြိမ်စွာ အသွင်ကူးပြောင်းသွားနိုင်ရေးနဲ့ ပြည်သူလူထု အားကိုးအားထား ပြုနိုင်တဲ့ ခေါင်းဆောင်များကို ရွေးချယ်နိုင်ရေးကိုသာရည်ရွယ်ပါတယ်။ ထိပ်သီးတွေဟာတပ်မတော်မှအစိုးရ၊ လွှတ်တော်အတွင်းသို့ဘယ်လိုဖြတ်သန်းလာခဲ့ကြတယ်၊ဘယ်လို (စွမ်းရည်/အားနည်းချက်)တွေ ရှိခဲ့တယ်၊ ဦးသန်းရွှေနဲ့ ဘယ်လို ပိုင်နိုင်မှူရှိခဲ့ကြတယ်၊ ရရှိခံစားခဲ့ရတဲ့ ရာထူးဂုဏ်ဒြပ်တွေကြောင့် ယနေ့အချိန်မှာ အားပြိုင်မှူမှ ပွတ်တိုက်မှူ၊ ပွတ်တိုက်မှူမှသည် ပဋိပက္ခမုန်တိုင်းဖြစ်လာရပုံ၊ ဘယ်သူက အမိန့်ပေးနိုင်တာလဲဆို တာ လက်လှမ်းမှီသရွေ့တင်ပြသွားပါ့မယ်။

၃။ ထိပ်သီးများကို တင်ပြရာမှာ ဦးဌေးဦး၊ ဦးခင်အောင်မြင့်၊ ဦးမြင်လှိုင် ၊ဒေါက်တာစိုင်းမောက်ခမ်း၊ မကြာ ခင်ကမှ ပါတီကို ကူးပြောင်းသွားတဲ့ ဦးလှဌေးဝင်း တို့ကိုဦးစွာဖေါ်ပြပြီး ထိပ်သီးကြီးများဖြစ်ကြတဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ခသမ္မတဦးသိန်းစိန်နဲ့ ဦးရွှေမန်း( မုန်တိုင်းထန်တုံး ဖြစ်နေရာအခြေအနေစောင့်ဆိုင်းလို) တို့ကို နောက်ပိုင်းမှာ ဆက်လက်တင်ပြပေးပါမယ်။

တပ်မတော်ရဲ့ အစဉ်အလာလိုဖြစ်နေတတ်တဲ့ တော်(၄)တော် (အဖါးတော်၊ အမျိုးတော်၊ ဇာတာတော်၊ ကိုယ်တိုင်တော်) ပါဝင်ပတ်သက်နေတာမို့ personal ဇာတ်လမ်းတွေကို ထိမ်ချန်ထားရင်ပြည့်စုံမှာ မဟုတ်တဲ့အတွက် ပြည်သူလူထု ဆက်စပ်နားလည်လာစေဖို့ ထည့်ရေးသားရတာကို ထိပ်သီးများအနေနဲ့ခွင့်လွတ် နားလည် ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။

၎။ ဦးမြင့်လှိုင်(လယ်/ဆည် ဝန်ကြီး) ဟာ စကခ(၁၆)တပ်မမှူး၊ ရမခတိုင်းမှူး ၊လေကြောင်းကာကွယ် ရေးအရာရှိချုပ်၊မှ သည် ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့တဲ့နောက် ဝန်ကြီးဖြစ်လာသူဖြစ်ပါတယ်။ အစိုးရ မူဝါဒအရ (လယ်/ဆည်) ဝန်ကြီးဟာ မြန်မာနိုင်ငံ ဆန်စပါးထွက်ဖို့ အရေးကြီးတဲ့နေရာဖြစ်လို့  နတခတိုင်း လို ဧရာဝတီတိုင်း စပါးကျီဒေသက လာတဲ့ဗိုလ်ချုပ်တွေကိုသာ ဦးစားပေးခန့်ပေမဲ့ သူ့ကို သီးသန့်ရွေးပြီး ခန့်ပါတယ်။ အကြောင်းက ဦးမြင့်လှိုင် ရမခ တိုင်းမှူးဖြစ်ခဲ့စဉ် ဆင်းရွှေလီ စပါးအထွက်တိုး စိုက်ပျိုးရာမှာ တဧက တင်း၃၀၀ ထွက်သည်အထိ အောင်မြင်အောင် လုပ်ပြနိုင်သလို ဂျပန်နိုင်ငံမှ ဂျုံ ကိုလည်း မူးယစ် အစားထိုးသီးနှံအဖြစ် လားရှိုးမှာလုပ်ပြနိုင်ပြီး မန္တလေးက စိုက်ပျိုးရေးပညာရှင်ကို ရအောင်ခေါ်ကာ စိုက်ပျိုး ရေးကို စိတ်ဝင်စားသူဖြစ်တယ်။ ဝန်ကြီးတွေထဲမှာ သူဟာ ဦးသိန်းစိန်လက်ထက်မှာ ထိုင်ခုံမြဲသူ၊သမ္မတ က ဧည့်သည်များကို ခေါ်ကြွားမဲ့ စိုက်ပျိုးရေး လုပ်ကွက်ပြနိုင်သူ ဖြစ်နေပါတယ်။

အားထည့်မှူ လွန်ကဲပြီး နံနက် စောစော လယ်ကွက်ထဲ၊  စိုက်ခင်းထဲ ရောက်နေတတ်ကာ လယ်သမားတွေကိုပင် သူ့လက်အောက် ငယ်သား ထင်မှတ်သွားဟန်တူကာ ထမင်းတနပ်ဘဲစားခိုင်းလို့ တနပ်စားဘွဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲံ့ သူ ဟာ လက်အောက်ငယ်သား ၊ လယ်သမားများ၊ ပညာရှင်များကို အောင်မြင်မှူရလာတဲ့အမျှ ပေးကမ်းဆုပေး ရက်ရော စေတနာကောင်းတယ်လို့သိရပါတယ်။

သူ့သမိုင်းဟာစံချိန်တင်လောက်အောင်ထက်မြက်ပါတယ်။ တပ်မမှူးဘဝက အထက်တိုင်းမှူးလုပ်နေတဲ့ ဗိုလ်ချုပ်သီဟသူရအောင်မြင်ဦး(နောင် ဒုသမ္မတဟောင်း)ရဲ့ -၃- ပြသနာရှာမှူကို သာသာယာယာနဲ့ ကျော်သွားနိုင်သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်ထောက်လှမ်းရေးတဖွဲ့လုံးကို စိန်ခေါ်မြေလှန်ရဲသူဖြစ်ပါတယ်။ သူကား အထက်ပါဖြစ်စဉ်များ လက်စွမ်းပြရလောက်အောင် ခေသူ မဟုတ် ဘူးလို့ ပြောနိုင်တာကတော့ ယခင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့လို့ဘဲဖြစ်ပါတယ်။

၅။ ဒေါက်တာစိုင်းမောက်ခမ်းဟာ လားရှိုးမှာ ဆေးခန်းဖွင့်လှစ်ကာ လူနာများကို ငွေကြေးအဓိကမထား ဘဲ စေတနာထား ကုသခဲ့လို့ ရှမ်းလူထုက ကြိုက်နှစ်သက်ထောက်ခံမဲပေးခဲ့သလို ရှမ်းစာပေနဲ့ယဉ်ကျေးမှူ ဥက္ကဌ လည်းဖြစ်ပါတယ်။

ဦးခင်အောင်မြင့်ဟာပြည်သူ့ ဆက်ဆံရေးနဲ့စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်အဆင့်ဖြင့် အမျိုးသားညီလာခံကော်မရှင်တွဲဘက်အတွင်းရေးမှူးဖြစ်ခဲ့တာမို့  ဦးသိန်းစိန်ရဲ့ကွပ်ကဲမှူမှာ လုပ်ကိုင်ခဲ့ဘူးပါတယ်။ ဦးသန်းရွှေရဲ့တပ်၊ ခလရ(၁)မှာ အတူတူနေဘူးတယ်လို့ သိရပါတယ်။ တပ်မှာရှိစဉ် တပ်မတော်စည်းရုံးရေးကော်မတီကိုင်တွယ်ရပြီး အစီရင်ခံစာ ၊ပြန်တမ်းကြောင့် တိုင်း၊ တပ်မတွေ စိတ်ညစ်ခဲ့ ဘူးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားပြီး လက်ရေးမူ ဒေသခံမသိဘဲ ယူသွားလို့ပြန်ပေးရဘူးတယ်။ ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှူစွပ်စွဲခံရတဲ့ မြန်မာနှစ်ဦးကိစ္စမှာ ပြတ်သားစွာ သူ့ကို အပေါင်ထားဖို့ ထိုင်းကို ဖိအားပေးတာကြောင့် လူထုရဲ့အမှတ်ပေးမှူကို ရနေတယ်။ အမျိုးသားညီလာခံမှာလုပ်ခဲ့တာမို့ အခြေခံဥပဒေ ပိုင်းကို နှံစပ်တာကြောင့် လွှတ်တော်ကိစ္စတွေမှာ အစိုးရ၊ပြည်သူတွေရဲ့ ထောက်ကွက်မရှိလို့ရွေးကောက်ပွဲ ဝင် မည်ဆိုပါက ဒေါက်တာစိုင်းမောက်ခမ်းနဲ့  ဦးမြင့်လှိုင်ကဲ့သို့ပင် တန်းစီဇယားမှာ ပါနိင်တယ်။

အလားတူ ယခင်ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို တပ်မတော်သားမိသားစုများသာရှိတဲ့ ဦးသိန်းစိန်ရဲ့ ဇဗ္ဗူသီရီမြို့မဲဆန္ဒနယ်ကို ဝင်ခိုင်းကတည်းက ပါတီ တန်းစီဇယားမှာ သူရှိနိုင်ပါတယ်။

၆။ ဦးလှဌေးဝင်းဟာ ညှိနှိုင်းကွပ်ကဲရေးမှူး(တပ်မှာpower line-up3) ဗိုလ်ချုပ်ကြီးအဆင့်၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်၊ ရန်ကုန်တိုင်းတိုင်းမှူး၊ တပ်မ(၁၁) တပ်မမှူး မှ လာခဲ့ပါတယ်။ တပ်ချုပ်ထက် အသက် ကြီးပြီး လူမှန်ဟု သိရကာ ရွှေဝါရောင်တော်လှန်ရေးအရေးအခင်းမှာ သံယာတော်များဖြစ်နေလို့ ဥပယ်တမျဉ် လျှော့ပေးနေရာ ကစထမှူးနဲ့ ဦးရွှေမန်းတို့က ဖိအားပေးခိုင်းတော့မှ သူ့တပ်ကို ခိုင်းတယ်လို့သိရပါတယ်။ သူဟာ ဦးရွှေမန်းရဲ့ ဇေယျသီရိမဲဆန္ဒနယ်မှ အစားထိုးဝင်မှာ ဖြစ်ပါတယ်။

 နောက်ဗိုလ်ချုပ်ကြီးတဦးကတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်းဖြစ်ပြီး သူတို့နှစ်ဦးစလုံး ရှေ့ဆုံးက လျာတဲ့ တန်းစီဇယားမှာ ပါပါတယ်။

၇။ ဦးဌေးဦးဟာ ရတခ စစ်ဦးစီးမှူး တတိယတန်း၊ တပ်မ(၉၉)တပ်မမှူး၊ နတခတိုင်းမှူး၊ (လယ်/ဆည်) ဝန်ကြီးဖြစ်လာပြီးမှ အစိုးရအဖွဲ့သို့ မသွားဘဲ ပြည်ခိုင်ဖြိုးပါတီထဲမှာ အမာခံ အထွေထွေအတွင်းရေးမှူး အဖြစ်နေခဲ့သူဖြစ်ပါတယ်။ ဦးဌေးဦးကို နအဖခေတ်တုံးက ဦးသန်းရွှေက ခေါ်ပြီး မင်းကို တာဝန်ပေးမယ်။ ပြည်ခိုင်ဖြိုးပါတီကို အရှိန်မြှင့်တင်တိုးချဲ့ဖို့ရှိနေရာ အဲဒီတုံးက ဗိုလ်ချုပ်အများစုက မသွားချင်၊ မလုပ်ချင် ကြလို့ သူ့ ကိုခိုင်းတယ်လို့သိ၇ပါတယ်။

သူဟာ မဆလ ပါတီမှာ ထူးချွှန်ခဲ့ပြီး မူဝါဒသဘောတရား၊သီအိုရီ နှံစပ်ကျွမ်းကျင်လို့ စကားအပြောအဆို ပိုင်နိုင်သူဖြစ်ပါတယ်။ သူ့ကိုကြိုးစားလုပ်လာဖို့ ဦးသန်းရွှေက နောင် ခေါင်းဆောင်တဦးအဖြစ်စိတ်ကူးယဉ်ရအောင် မျှော်လင့်ချက်ပေးလိုက်ဟန်တူပါတယ်။  ဒါပေမဲ့ လက်တွေ့ကျတော့ ကျောင်းတော်က ရန်စဖြစ်ခဲ့ဘူးတဲ့ ဦးရွှေမန်းရောက်လာလို့ သူ့အိမ်မက်လည်း ဝိုးတဝါးဖြစ်ခဲ့ရပါတယ်။

နတခတိုင်းမှူးလုပ်ခဲ့စဉ်က ဦးဌေးဦးဟာ ဧရာဝတီတိုင်းရဲ့ လယ်ယာစိုက်ပျိုးဧက စာရင်း နအဖ ကိုတင်နေကြ အစီရင်ခံစာဖြစ်ပေမဲ့ မြေပြင်စာရင်းအမှန်အတိုင်း တင်ပြလိုက်ရာမှာ ယခင်က တိုင်းမှူးဖြစ်ခဲ့တဲ့ ဦးရွှေမန်းလက်ထက်တုံးက စာရင်းနဲ့ ကွာခြားမှူဖြစ်သွားတာကြောင့် ဦးသန်းရွှေက ဘဝင် မကျလို့ဦးရွှေမန်းကို မေးရတဲ့အထိ ဖြစ်သွားတယ်။ ဦးရွှေမန်း အမှတ်လျှော့သွားရကာ မကျေမနပ်ဖြစ်ပြီး ထိပ်ပိုင်း ညှိနိုင်းကွပ်ကဲရေးမှူးဖြစ်နေတာမို့ ဦးဌေးဦးလည်း (လယ်/ဆည်)ဝန်ကြီး အဖြစ်ပြေးရပါတော့တယ်။ တဖန်သံသရာက မပြီးဆုံးသေးဘဲ ဦးရွှေမန်းက ပါတီထဲ ရောက်လာပြီး သူကို့ဒုဥက္ကဌ အဖြစ်ချောင်ထိုးတာ ခံရပါတယ်။

ဦးရွှေမန်းရဲ့ခြေလှမ်းကြဲမှူနဲ့ မှားကွက်တွေမှတ်ထားပြီး ဟင်္သာတမြို့ရေဘေးကို လာတဲ့ သမ္မတ၊ တပ်ချုပ်တို့နဲ့တွေ့ဆုံရင်း အလွတ် သဘောတင်ပြလိုက်ဟန်တူပါတယ်။ ပါတီအသိုင်းအဝိုင်းဆီမှ သိရတာ ကတော့ ဦးသိန်းစိန်မပြတ်မသားဖြစ်နေတဲ့အပေါ် သူက အားမလိုအားမရဖြစ်ပြီး ပါတီအနာဂါတ်ကို စိုးရိမ် ကာ သမ္မတကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

သူက … ဦးရွှေမန်းကို ဝေဖန်ရာမှာ ခေါင်းဆောင်လုပ်ပြီး လက်အောက်ကို လုပ်ပိုင်ခွင့်ပေးနိုင်သလောက် မပေးခဲ့ကြောင်း၊ လုပ်ပိုင်ခွင့်နဲ့ ပါဝါကို စွန့်လွှတ်ချင်ပုံ မရကြာင်း၊ အရာရာကို သူ့ဆီကဘဲ လာရမယ် ဆိုတဲ့ယူဆချက် မှားကြောင်း၊ ဒါကြောင့် လက်အောက်လည်း ကိုယ်ဖါသာသုံးသပ်ပြီး မလုပ်တတ်တော့ကြောင်း၊ မှားတာမှန်တာ ဘေးချိတ်ပြီး အထက်ကကျလာတဲ့ အမိန့်နဲ့စေခိုင်းမှူကိုဘဲ စောင့်ပြီး အကောင်အထည်ဖေါ်တဲ့ယဉ်ကျေးမှူ ကျယ်ပြန့်စွာလွမ်းမိုးနေကြောင်း၊  မလုပ် မရှုပ် မပြုတ် ဆိုတဲ့ စိတ်အခံ တွေများတဲ့ အဖွဲ့အစည်းများသာ ပေါ်ထွက်လာကြောင်း၊ ခေါင်းဆောင် သစ် မျိုးဆက်ပြတ်သွားနိုင်ကြောင်း၊ မိမိအားနည်းချက်ကို ဖုံးကွယ်နိင်ဖို့ လိုအပ်တာထက် နှူတ်ချို၊ မျက်နှာချို သူများဟာမာယာများကြောင်း၊ လှည့်ဖျားတတ် သည့်သဘောရှိကြောင်း၊ ရာထူးအာဏာကြီးသူများ ဟာ မျက်နှာချိုကြသူများဖြစ်ကြောင်း၊ ပျက်စီးခဲံ့တဲ့ ဖြစ်စဉ်လည်းမနည်းတော့ကြောင်း၊အဲဒီလူကြီးတွေဟာဝိုင်းရံ လျှက်ရှိကြသူများအပေါ်မှာ ပကတိအမြင်မရှိနိုင်သောကြောင့် အမြင်သွေလွဲမှု၊ လှည့်ဖျားခံရမှူအပေါ်ယုံကြည်မိခြင်းလည်းဖြစ်ကြောင်း … စတဲ့ ဝေဖန်မှူတွေ ဦးဌေးဦးပြောခဲ့ရာ ဘယ်နေရာမှာ ပြောခဲ့သလဲ ဆိုတာကတော့ ပါတီဝင် တစ်ဦးက လုံခြုံရေးအရ ငြင်းဆိုခဲ့ပါတယ်။

 

ဦးဌေးဦးဟာ ဟသာင်္တမဲဆန္ဒနယ်မှ ဝင်မှာဖြစ်တယ်။ ရွေးကောက်ပွဲ အနိုင်ရရှိရေး ပါတီအား အဓိကစစ်ဆင်ရေး ကိုင်တွယ်ဖို့ရှိတာကြောင့် သမ္မတရဲ့ယုံကြည် အားထားရသူဖြစ်နေပြီး တကယ်လို့  မဲအရေအတွက် များများနိုင်အောင် လုပ်နိုင်ခဲ့ရင် သူဟာ တန်းစီးဇယား မှာ ထိပ်ဆုံးနားတွင် ရှိနိုင်ပါတယ်။ နောက်အပိုင်းမှာတော့ ထိပ်သီးကြီးများ တပ်မတော်အတွင်း ဘယ်လိုဖြတ်သန်းလာကြတယ်၊ သူတို့ဘယ် လို စွမ်းရည်တွေပြခဲ့ကြတယ်၊ ဘယ်လို အားနည်းချက်တွေရှိခဲ့ကြတယ် ဆိုတာ တင်ပြသွားပါ့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts