ကဗျာ

ဒီလူ(တောင်တွင်းကြီး) – ဒီကဗျာကို ဟိုကောင်တွေရိပ်မိသွားလို့မဖြစ်ဘူး!

ဒီလူ(တောင်တွင်းကြီး) – ဒီကဗျာကို ဟိုကောင်တွေရိပ်မိသွားလို့မဖြစ်ဘူး!

(ကဗျာဆရာရဲ့ ဖေ့စ်ဘွတ်ကနေ ကူးယူ လက်ဆင့်ကမ်း ဖတ်လိုက်ပါတယ်) မိုးမခ၊ သြဂုတ် ၂၂၊ ၂၀၁၅

ဒီကဗျာကို ဟိုကောင်တွေ ရိပ်မိသွားလို့မဖြစ်ဘူး…
တစ်ယောက်နဲ့တစ်ယောက် သိုသိုသိပ်သိ ပ်လက်ဆင့်ကမ်းပြီးဖတ်ကြ၊
မကောင်းဆိုးဝါး တွေမရှိတဲ့ သင်္ချိုင်း ဇရပ်ထဲမှာဖြစ်ဖြစ်
လူသူအရောက်အပေါက်နည်းတဲ့ တောရကျောင်းနားက အပင်ရိပ်မှာဖြစ်ဖြစ်
တစ်ယောက်တည်း အခန်းတံခါး လော့ချပြီးဖြစ်ဖြစ်
ဘာမှမဖြစ်သေးတဲ့ ဟိုနေရာလေးမှာဖြစ်ဖြစ်
လူမသိ သူမသိ ဖတ်ကြ။

ဒီကဗျာကိုဖတ်နေတဲ့အချိန်မှာ ကဗျာဖတ်တဲ့ပုံစံမျိုး နည်းနည်းမှမပေါက်စေနဲ့…
ဒီကဗျာကို ဟိုကောင်တွေ ရိပ်မိသွားလို့မဖြစ်ဘူး…
ဒီကဗျာထဲက အချက်အလက်တွေက ငါ့အသက်နဲ့ရင်းပြီး စုဆောင်း ထားရတာ
မိဝေး ဖဝေး သေကွဲ ရှင်ကွဲတွေ ကွဲပြီးမှ ရလာတာ
ကိုဗဟိန်းကနေ ကျော်ကိုကိုအထိ လက်ဆင့်ကမ်းပြီးမှ ရလာတာ

ဒီကဗျာထဲမှာ
သမိုင်းတွေပါတယ်| ပထ၀ီ တွေပါတယ်| ဘောဂဗေဒတွေပါတယ်
အဖိနှိပ်ခံလူထုတစ်ရပ်လုံးပါတယ်| ခေတ်အဆက်ဆက် အရေးတော်ပုံတွေပါတယ်…
ဒီကဗျာကို ဟိုကောင်တွေ ရိပ်မိသွားလို့မဖြစ်ဘူး…
ဒီကဗျာထဲမှာ ဗိုလ်ချုပ် ကနေ သူ့သမီးလေးထိ `၀´တွေ`၀ိ´တွေ ပါတယ်…
ဒီကဗျာထဲက တောက် ခေါက်သံတွေ သူတို့မကြားစေနဲ့
ဒါမှ သူတို့မရိပ်မိခင် ငါတို့ရိတ်သိမ်းလို့ရမှာ
ဒါမှ ငါတို့တော်လှန်ရေးကို သူတို့ အပျော်ကြံ မပြေးမှာ
တစ်ယောက်နဲ့ တစ်ယောက် သိုသိပ်သိပ်လက်ဆင့်ကမ်းပြီး ဖတ်ကြ၊
စကားဝှက်သုံးပြီး သူ့လူ ကိုယ့်လူ ခွဲကြ
တစ်ယောက်ဒုက္ခ တစ်ယောက်ထွေးပွေ့ကြ

ဒီကဗျာကို ဟိုကောင်တွေ ရိပ်မိသွားလို့မဖြစ်ဘူး…

ဒီကဗျာထဲမှာ …

ရှိသမျှ ဘုရားတွေ အကုန်ပါတယ် \ ရှိသမျှ နတ်တွေ အကုန်ပါတယ်
အဆင်ပြေ သလိုကိုးကွယ်ကြ \ ဆုတောင်းကြ (နားပူနားဆာ တိုက်ကြ)

ဒီကဗျာထဲမှာ လက်ဝဲ လက်ယာ ကအစ ကိုယ်လက် အင်္ဂါ အစုံပါတယ်
အတွေးအခေါ်အဟောင်းတွေပါတယ် (သင်ခန်းစာ ယူဖို့)
ဒီကဗျာကို လုံးဝမိတ္တူမပွားနဲ့ အန္တရယ်များတယ်
ကိုယ့်အချင်းချင်း စကားဝှက်နဲ့ လက်ဆင့်ကမ်းကြ
ဟိုကောင်တွေ မရိပ်မိစေနဲ့
အဲဒီကောင်တွေက ခွေးထက်မိုက်တဲ့ ခွေးသိက္ခာကျကောင်တွေ…
ဒီကဗျာထဲက မေတ္တာတရားကို ဒီကောင်တွေကို မပေးမိစေနဲ့
ငါ့တို့ အချင်းချင်းခွဲဝေသုံးဖို့\ လက်ဆင့်ကမ်းဖို့
တစ်ယောက်နဲ့ တစ်ယောက် သိုသိပ်သိပ်လက်ဆင့်ကမ်းပြီး ဖတ်ကြ၊
နောက်ဆုံးဖတ်တဲ့တစ်ယောက်က မီးရှို့ဖျက်ဆီးပစ် အန္တရယ်များတယ်

ဟိုကောင်တွေ ရိပ်မိလို့မဖြစ်ဘူး ဒီကဗျာကို ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts