ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – နင့်ကိုငါချစ်နေတုန်းပဲ …

ငြိမ်းချမ်းအေး – နင့်ကိုငါချစ်နေတုန်းပဲ …
(မိုးမခ) သြဂုတ် ၂၂၊ ၂၀၁၅

လူမာကြီးများ
မမွဲကြောင်း၊ မပျက်ကြောင်း
ခေါင်းလောင်းထိုးလို့ လှူပြ၊
ပြည်သူ့ဒုက္ခ ခေါင်းစဉ်အောက်မှာ
ရော့ခ်ဂီတဟာ စတေးရ..။

ရော့ခ်ကာကြီးရဲ့ ‘နေခြည်..’  ခေါ်သံ
အသံသစ်တွေ မပျော်ဝင်နိုင်တော့တဲ့
အိုဟောင်းနှလုံးသားတစုံအတွက် နွေးထွေးစေဆဲ..။

‘ကျောက်စာများ..’ ကိုသိလား လက်ခုပ်တီး ခေါ်မေးသံ
နားထဲ ပြန်ကြားယောင်နေရင်း..

အရိုးခေါင်းနဲ့ ရော့ခ်ကာတွေ
အခုမော်ဒယ်ဘွိုင်း ဒီဇိုင်းဖမ်းရတဲ့ခေတ်၊
ပေါ့ပ်ဟန် ပေါ့ပ်ဆန် ပေါ့ပ်သီချင်းများသာ
ပေါ့ပေါ့ပါးပါး ပေါပေါများများ ဈေးကွက်ဝင်ကြတဲ့ခေတ်၊
အပေါ့စား စာပေ၊ အပေါစား စာရေးဆရာ လူကြိုက်များတဲ့ခေတ်၊
အပေါ့စား စကား၊ အပေါစား စကား လက်ခုပ်သံများတဲ့ခေတ်၊
အပေါ့စား နိုင်ငံရေး၊ အပေါစား နိုင်ငံရေး လူစည်ကားတဲ့ခေတ်၊
အပေါ့စား အပေါစား လူ့ပေါ့များလာတဲ့
တိုင်းပြည်ကြီးအကြောင်းလည်း
တွေးငေးကြည့်နေမိတယ်။

ကိုယ်တိုင်လည်း..

ဦးလှိုင် ကဗျာအတိုင်း..
သက္ကရာဇ်နှစ်ထောင်နားကပ်
ငါ့.. ဆံပင်တွေ ဖြတ်ခဲ့ရပြီးပြီကို..။

ဒါပေမဲ့ …

တော်လှန်ပုန်ကန်
Forever Young..
အမြဲတမ်းလူငယ်စိတ်နဲ့

နင့်ကို ငါချစ်နေတုန်းပဲ..
နင့်ကို ငါချစ်နေတုန်းပဲ..
နင့်ကို ငါချစ်နေတုန်းပဲ..
ရော့ခ်..။

ငြိမ်းချမ်းအေး
သြဂုတ် ၂၁၊ ၂၀၁၅

မှတ်ချက် – ရန်ပုံငွေ ရော့ခ်ဂီတပွဲ တခုအပြီး ခံစားမှု။  စစ်မှန်တဲ့ အလှူ၊ ဝိုင်းဝန်းသူများ အားလုံးအတွက် သာဓုခေါ်ပါတယ်။  ကဗျာခေါင်းစဉ်က စွဲလမ်းခဲ့ရတဲ့ ခင်ဝမ်းရဲ့ ‘နင့်ကိုငါချစ်နေတုန်းပဲမိနီ’ ကို မှီးပါတယ်။  “သက္ကရာဇ်နှစ်ထောင်နားကပ်  ငါ့.. ဆံပင်တွေ ဖြတ်ခဲ့ရ” က စာသားက နှစ်သက်ခဲ့ရတဲ့ သုခမိန်လှိုင်ရဲ့ ‘ရထား’ ကဗျာက “၂၀၀၀ ခုနှစ်နားကပ် ငါ့ဆံပင်တွေ ဖြတ်ခဲ့” စာသားကို မှီးပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts