ထွန်းဝင်းငြိမ်း ဓာတ်ပုံသတင်း

ထွန်းဝင်းငြိမ်း – ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဆွမ်းကျွေးအလှူ အောင်ပန်းမြို့တွင် ကျင်းပ

 

ထွန်းဝင်းငြိမ်း – ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဆွမ်းကျွေးအလှူ အောင်ပန်းမြို့တွင် ကျင်းပ
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၅

ငြိမ်းချမ်းရေးစာဆို၊ ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် ဆွမ်းကျွေးအလှူကို ၁၉၊ ၈၊ ၂၀၁၅ နံနက်က အောင်ပန်းမြို့၊ မယ်ခိုတောင် ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ဆရာတော်၊ သံဃာတော် အပါး ၂၀ ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြတဲ့ ဧည့်ပရိဿတ် ၃၀ ကျော်အား နံနက်စာဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပါတယ်။

နေ့ခင်းပိုင်းမှာ ဆရာဒဂုန်တာရာ ဂူဗိမာန်ကော်မတီ အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ဂူဗိမာန်တည်ဆောက်ပြီးစီးမှု အခြေအနေများနဲ့ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ဂူဗိမာန်ဖွင့်ပွဲကို လာမည့် ၂၀၁၆ ခုနှစ်မေလ ၁၀ ရက် (ဆရာဒဂုန်တာရာ မွေးနေ့ပွဲနှင့်အတူ) ကျင်းပနိုင်ရန် ရည်ရွယ်ကြောင်း သိရပါတယ်။

လာမည့် ၂၀၀၁၉ ခုနှစ်မှာ ဆရာဒဂုန်တာရာ ရာပြည့်နှစ်ဖြစ်၍ ဆရာဒဂုန်တာရာ ဂူဗိမာန်ကော်မတီက ဆရာဒဂုန်တာရာ အထုပ္ပတ္တိ ပြုစုနိုင်ရန် ဆရာကိုခါးကွမ်းခြံကုန်း၊ ဆရာမောင်နွေထက်နဲ့ ဆရာမ ဒေါ်မြင့်မြင့်စိန် တို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဆရာ့ရဲ့ စာပေလက်ရာတွေကို ကဏ္ဍများခွဲကာ လက်ရွေးစင်စာပေါင်းစုများ အတွဲလိုက်ခွဲ၍ ထွက်ရှိနိုင်ရန် ဂူဗိမာန်ကော်မတီက ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဆရာဒဂုန်တာရာ(၁၉၁၉-၂၀၁၃)သည် စာရေးသက် နှစ်ပေါင်း ၇၀ ကျော်အတွင်း ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတို၊ ၀တ္ထုရှည် မြောက်များစွာရေးသားခဲ့သော စာရေးဆရာကြီးဖြစ်ပါတယ်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts