ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပြောဇာတ် – ၆

 

ရန်လင်းအောင် – ပြောဇာတ် –  ၆

(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၅

ပွဲကဖြင့်မစသေးဘူး

ညစ်တွန်း တွန်းမယ်တကဲကဲနဲ့

သကောင့်သားဟာ ဒီလိုကြံနေကျပဲ ။

ဘယ်လိုတုန်းဆိုတော့

သူဋ္ဌေးသားလေးတယောက်နဲ့

ကြွေအန်ကစားတိုင်း ဒီသကောင့်သားဟာ

နိုင်ခြေရှိရင် ဆက်ကစားမယ်

ရှုံးရိပ်မြင်တာနဲ့ ၊ ကြွေအန်ကိုပါးစပ်ထဲထည့်

ခိုးငုံဝှက်ပြီးအပျောက်ရိုက်လို့

ပွဲဖျက်တာလည်း မနည်းတော့ဘူးတဲ့ ။

အဲ့သလို ခံရပါများလာတဲ့ သူဋ္ဌေးသားလေးက

ဒီတခါတော့ ပွဲမစခင်

ကြွေအန်ကို အဆိပ်နာနာလူးထားပြီး

သကောင့်သားကိုပညာပြန်ပြဖို့ကြံရတော့တာပေါ့ ၊

ယုတ်ပတ်ဖို့ကလွဲ ဘာမှမသိတဲ့သကောင့်သား

ဒီတပွဲမှာလည်း ဟန်မကျ ရှုံးရိပ်လည်းပြရော

ဗီဇညစ်တွေခါတိုင်းလိုထကြွပြီး

ကြွေအန်ကိုပါးစပ်ထဲ ခိုးငုံဝှက်

ပွဲပျက်ပြီအပိုင်တွက်နေတုန်း

အဆိပ်လူးကြွေအန်အစွမ်းပြ

အဆိပ်ခိုးတွေထောင်းထောင်းထ

မျက်ဖြူလန်လက်ထွက်လို့

ဒီသကောင့်သား ဇက်ကျိုးကျပြီးဆိုတော့မှ

သူဋ္ဌေးသားလေးက

အန်ဆေးတွေဘာတွေပြန်တိုက်

အကြံအဖန်လုပ်ရင် ဒဏ်ခံထိကြောင်းဖြောင်းဖြ

နောက်နောင်

ဒီအကျင့်ဆိုး အချိုးပြင်ခိုင်းလိုက်ပါတယ် ။          ။

 

ဧကကနိပါတ်၊ လိတ္တဝဂ်၊  လိတ္တဇာတ်တော်ကို မှီးသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts