ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ရယ်တရွေ့ မောတရွေ့

ရန်လင်းအောင် – ရယ်တရွေ့ မောတရွေ့

(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၅

ကောင်းကင်တခွင်လုံး

တိမ်ဆိပ်သင့်လို့ ၊

မိုးတလုံး လေတလုံး မှသည်

မိုးမဆုံး လေမဆုံးထဲ

မိုးခါးရေရဲ့မျက်နှာပေးက

စိတ်မအေးစရာ

ဒါနဲ့

မြေကြီးကိုရော ယုံလို့ရမလား

ဟုတ်သော်ရှိ မဟုတ်သော်ရှိ

သံသယကမှ စိတ်ချရသေးဆိုတဲ့

အပိုင်းက တကဏ္ဍပေါ့လေ ၊

မြစ်က လှော်တုန်း

ပင်လယ်က အော်တုန်း

မျက်ရည်ကညှော်တုန်း

သွေးက ညှီတုန်း ………
ပြက်လုံးနဲ့သေချာပြန်နွှေးပြီးမှ

သတင်းတွေကို စားရတယ်ကွဲ့ ၊

မျက်လုံးနဲ့ရှုခင်းကြား

ကပ်သီးကပ်သပ်ညပ်နေတဲ့စိတ်ကို

မသေရုံတမယ်ပြန်ပြန်နုတ်နေရတာနဲ့ပဲ

အချိန်းအချက်တွေ လွဲပေါင်းများခဲ့ပြီ ။            ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts