သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – စစ်အုပ်စုမကွဲပါ

ငြိမ်းချမ်းအေး – စစ်အုပ်စုမကွဲပါ
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၅

ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင် အားလုံးမှာ တူညီတဲ့ စစ်အုပ်စု သမိုင်းအမြင်နဲ့ အကျိုးစီးပွား တည်ဆောက် ကာကွယ်လိုမှု ရှိတယ်။ အာဏာစားခွက်လုတဲ့ ဖြစ်ရပ်တွေ၊ ဖြုတ်ထုတ်သတ်တွေ စစ်အုပ်စု သမိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး ဖြစ်တယ်။  လူထုနဲ့ ဒီမိုကရေစီအရေးအတွက် ဘာအကျိုးမှ မဖြစ်ဖူးခဲ့ဘူး။

စစ်ဗိုလ်ချုပ်တွေ ကွဲတယ်ဆိုတဲ့တနေ့ဟာ စစ်ဗိုလ်ချုပ် တယောက်ယောက်ကနှစ်ငါးဆယ်ကျော် ကိုင်ဆွဲလာတဲ့ စစ်အာဏာ ရှင်စနစ်က ပုံဖော်တဲ့ သမိုင်းအမြင်တည်ဆောက်မှုကို စွန့်နိုင်ခြင်း၊ စစ်အုပ်စုနဲ့အပေါင်းအပါ လူတစုအကျိုးစီးပွားကာကွယ်မှုကို ချေဖျက်နိုင်ခြင်း၊ စစ်အာဏာရှင်စနစ်ကတည်ဆောက်ပေးလိုက်တဲ့ အမျိုးသားရေးအစွန်းရောက်အမြင်နဲ့ လူမျိုးစုရေးရာတွေ ကို ကိုလိုနီနယ်ချဲ့ အကျင့်စရိုက် အတိုင်းမဖြေရှင်းလိုခြင်းဆိုတဲ့ အခြေခံအကြောင်း အချက်ကြီးများ ခွဲထွက်၊ ကွဲထွက်မှ ကွဲ တယ်လို့ ဆိုနိုင်ပါမယ်။

ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲ စည်းလုံးမည်ဆိုတာ စစ်အုပ်စုပါ။

စစ်အုပ်စုမှာ အပျော့ဂိုဏ်၊ အမာဂိုဏ်း ဘယ်တုန်းကမှ မရှိခဲ့သလို၊ ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ပါ။

အတိုက်အခံပျက်များ တနည်း မတိုက်မခံများ လမ်းကြောင်း ပုံဖော်ကိုယ်လိုရာဆွဲတွေ အကောင်းမြင် စိတ်ကူယဉ်ထားတဲ့ ဒီမိုကရေစီ လိုလားသူစစ်ဗိုလ် အုပ်စု ဆိုတာ ခွေးတူဝက်တူ စစ်မိုကရေစီ အရောင်အသွေးပဲ အလွန်ဆုံးထွက်နိုင်တာပါ။  ဒီမိုကရေစီ မမည်၊ အောက်ကလိပဲ အာနိုင်တယ်။  ဒီလမ်းကိုမျှော်ကိုးပြီး ဒီမိုကရေစီခရီးလမ်းလုပ် လျှောက်ခြင်းက ဒီမိုကရေစီနွားပျောက် (ပြောက်) ကြီး တရှဉ်း မင်္ဂလာဆောင်မှာ လက်ဖွဲ့ခြင်းထက်မပိုပါဘူး။  လူထုဟာ ဒီမိုကရေစီဆိုတဲ့ ပျောက်သွားတဲ့ နွားနှစ်ကောင် ပြန်တွေ့ရင်တော့ ရမယ် လက်ဖွဲ့ခံထိခြင်းပါ။

ဘာပဲဖြစ်ဖြစ် စစ်အုပ်စု အာဏာ စမန်ခုတ်ပွဲဟာ ပျော့ပျော့နဲ့ နံတဲ့ကြောင်ချေးတွေ၊ လူထူထူရှိ လူကြားကောင်းအောင် ဒီမိုကရေစီစကားအာပေါင်အာရင်း သန်သန်ပြောသူတွေ တကယ်အရာကျသွားလည်း ဝမ်းနည်းစရာမရှိ၊ကိုယ့်လူ သူ့ဘက် သား ဖြစ်နေတာတွေအတွက် အကောင်းတောင် ဖြစ်ပါသေးတယ်။

အတိုက်အခံ ဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသား လူမျိုးစု ပေါင်းစုညီညွတ်ရေး တပ်ပေါင်းစုအိပ်မက်ဟာလည်း ကဗျာ ဆရာများ သမဂ္ဂဖွဲ့သလို၊ အရက်စုဖြတ်သလို ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်လို့ ညီညွတ်ရေး စကားတော့မဆိုတော့ပါဘူး။

ဒါပေမဲ့ ရန်သူမှာတော့ အားကြီး ခိုင်မာ စည်းလုံးတဲ့ ညီညွတ်မှုအင်အားရှိဆဲဖြစ်ကြောင်း၊ လက်နက်ကို ဗဟိုပြု၊ အကျိုးစီးပွား ကိုအုပ်စုလိုက် ဖြန့်ကျက်ထားတဲ့ ဘုံရည်မှန်းချက်၊ ပန်းတိုင် ဖြောင့်ဖြူးစစ်အုပ်စု ပန်းပန်လျက်ပါဖြစ်ကြောင်း အကွဲအပြား ဇာတ်လမ်းကြားမှာပြည်သူအပေါင်းနဲ့ သက်ဆိုင်သူအားလုံး သင်ခန်းစာထုတ် ဆင်ခြင်သင့်ကြောင်းပါ။

ငြိမ်းချမ်းအေး
သြဂုတ် ၁၃၊ ၂၀၁၅
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် – nyeinchanaye81@gmail.com)

Photo credit : www.irrawaddy.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – စစ်အုပ်စုမကွဲပါ

Comments are closed.